Pages
▼
*** အမှုလည်းမဲ့၊ အမှတ်လည်းမဲ့ပါက ***
အမှုလည်းမဲ့၊ အမှတ်လည်းမဲ့ပါက
*************************** တစ်ခုခု တွေ့မိသလား၊ မြင်မိသလား၊ သိသလားမေးရင်၊ အမှုမဲ့
အမှတ်မဲ့ပါပဲလို့ ဖြေကြတာရှိတယ်၊ အမှန်တော့ အမှုမဲ့တာလည်း မကောင်းဘူး၊
အမှတ်မဲ့တာလည်း မကောင်းဘူး၊ မဲ့တာက မရှိတာ၊
အမှုမဲ့ဆိုတာက အမှုမရှိတာ၊
အမှတ်မဲ့ဆိုတာက အမှတ်မရှိတာ၊ အမှုဆိုတာ ရုံးရောက်
ဂါတ်ရောက်တဲ့အမှုမျိုးမဟုတ်ဘူး၊ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုကို ပြောတာ။
အမှုဆိုတာ ကမ္မ၊ ကမ္မဆိုတာ အလုပ်၊ အမှုမဲ့ဆိုတာ အလုပ်မရှိတာကို
ပြောတာ၊ အလုပ်မရှိတော့ ဝင်ငွေမရှိဘူး၊ ဝင်ငွေမရှိတော့ စားချင်တာမစားရ၊
ဝတ်ချင်တာ မဝတ်ရ၊ သုံးချင်တာ မသုံးရ၊ ပေးချင်တာ မပေးရ၊ လှူချင်တာ မလှူရ၊
ဒီတော့ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖြစ်ရပြီပေါ့။
အလုပ်လက်မဲ့များတဲ့ နိုင်ငံတွေ ဆင်းရဲကြတယ်၊ အလုပ်အကိုင်မရှိလို့
လေးဘေးထိုင်တာတွေ များနေတယ်၊ ဝေလေလေ ယောင်ခြောက်ဆယ်သမားတွေ များနေတယ်ဆိုရင်
ဒီနိုင်ငံ ဆင်းရဲတော့တာပဲ၊ တကယ့်ချမ်းသာတဲ့နိုင်ငံတွေဆိုတာ
အလုပ်လုပ်ချိန်လုပ်၊ အနားယူချိန်ယူ၊ အပန်းဖြေချိန်ဖြေ၊ အပျော်အပါးချိန်
အပျော်အပါး၊ ဝေလေလေ ဆိုတာမရှိဘူး၊ ယောင်တောင်တောင် ဆိုတာမရှိဘူး။
အလုပ်လုပ်တာလည်း တကယ်လုပ်ကြရတာ၊ အချိန်နဲ့အခါနဲ့၊ စည်းနဲ့ကမ်းနဲ့
တကယ်အလုပ်နဲ့တူအောင် ပင်ပင်ပန်းပန်း လုပ်ကြရတာ၊ ရတဲ့အခွင့်အရေးကလည်း တကယ်
လုံလုံလောက်လောက်ရတာ၊ အလုပ်ကလည်း တူတူတန်တန် လုပ်ရတယ်၊ ခံစားခွင့်ကလည်း
တူတူတန်တန်ရတယ်၊ ခံစားခွင့်က ပြည့်ပြည့်စုံစုံရတော့ မသမာမှုဆိုတာလည်း
မရှိတော့ဘူး။
အမှတ်ဆိုတာ သတိ၊ မဲ့က မရှိတာ၊
အမှတ်မဲ့ဆိုတာ သတိလက်လွတ်ကို ပြောတာ၊ သတိလက်လွတ် ငှက်တောင်ကျွတ်ဆိုသလို
သတိလက်လွတ်ဖြစ်ရင်တော့ မှားပြီ၊ မှားရင်တော့ ဒုက္ခရောက်ပြီ၊ အမှားမှန်သမျှဟာ
သတိလက်လွတ်ဖြစ်တာက အခြေခံတာပဲ၊ ဒါကြောင့် ရှေးလူကြီးများက စားသတိ၊
သွားသတိ၊ လာသတိလို့ အရာရာသတိရှိဖို့အရေး သတိပေးခဲ့ကြတာ၊ အစားမတော်တစ်လုတ်၊
အသွားမတော် တလှမ်းဆိုတာ အမှတ်တမဲ့ကြောင့် အမှတ်တရဖြစ်သွားရတာ။
သတိမမူ ဂူမမြင်၊ သတိမှုတော့ မြူတောင်မြင်တယ်လို့ဆိုတယ်၊
သတိမရှိ၊ မရှိခြင်းရဲ့ကွာခြားမှုဟာ ဒီလောက်ကြီးမားတယ်၊ ဒါကြောင့် သတိထား
စားလို့၊ သတိထား သွားလို့၊ သတိထား ပြောလို့၊ သတိထား လုပ်လို့၊
လမ်းဖြတ်ကူးတာတောင် သတိထားကူးလို့၊ ဒီလိုအတတ်နိုင်ဆုံး ကိစ္စရပ်တိုင်းမှာ
သတိထားနိုင်မယ်ဆိုရင် အမှားအယွင်းနည်းပါလိမ့်မယ်၊ အမှားအယွင်းနည်းတာနဲ့အမျှ
အဆင်ပြေချောမွေ့မှာပဲ။
ဒီတော့ အမှုလည်း မမဲ့စေနဲ့၊
အမှတ်လည်း မမဲ့စေနဲ့၊ အမှုမဲ့အမှတ်မဲ့ဆိုတာ မကောင်ဘူး၊
အလုပ်တစ်ခုခုရှိနေရမယ်၊ အလုပ်လုပ်တစ်ခုခု လုပ်နေရမယ်၊ အလုပ်ဆိုတာ
စိတ်ငြိမ်ဆေးလည်း ဟုတ်တယ်၊ စိတ်အေးဆေးလည်း ဟုတ်တယ်၊ အမှတ်သတိကလည်း
ရှိနေရတယ်။
သတိဆိုတာ စိတ်လုံခြုံရေးတာဝန်ကို ယူထားတဲ့
သဘောရှိတယ်၊ သတိလုံခြုံရေးချထားတဲ့ စိတ်ဟာ ဘေးကင်းတယ်၊ လုံခြုံတယ်၊
အေးအေးချမ်းချမ်းနေရတယ်၊ စိတ်အေးချမ်းမှုဆိုတာ သတိရှိမှဖြစ်မယ်။ ။
အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
ဟောကြားတော်မူသောတရားတော်မှ ကောက်နှုတ်တင်ပြသည်။
No comments:
Post a Comment