
* အင်း ခေါင်းစဉ်နာမည်ကလည်း ဘယ်လိုကြီးပါလိမ့် အများတကာက စိတ်မတိုဖို့ စိတ်ကိုထိန်းဖို့ ပြောကြဟောကြပါတယ် ဘာလို့များ ဒီခေါင်းစဉ်ကို အမည်ပေးထားပါလိမ့်နော်လို့ စာဖတ်သူတို့ အတွေးနယ်ချဲ့ကြလိမ့်မယ်လို့ ယူဆပါတယ်။
ခေါင်းစဉ်အမည်နဲ့ ရေးထားတဲ့စာက ဘယ်လိုသက်ဆိုင်မှုရှိနေ တယ်ဆိုကို ခေါင်းစဉ်ကိုပဲ ကြည့်ပြီး အတွေးနယ်ချဲ့ကာမနေကြပါနဲ့ စာကိုယ်ထဲမှာ ဘာကိုရည်ညွှန်းရေးထားတယ်ဆိုတာကို ဆက်လက် ဖတ်ရှုလိုက်ကြပါအုန်းလို့ ရှေးဦးပဏာမအနေနဲ့ မှာလိုက်ပါရစေ...။
· ကဲ စမယ်နော် ခေါင်းစဉ်အမည်က ဆရာသမားတွေ ဆုံးမထားတဲ့ ပုံပြင်တစ်ပုဒ်ရဲ့ အမည်လေးပါ စာရေးသူတို့ စာဝါတက်နေစဉ်အခါကပေါ့ စာချဆရာတော်တစ်ပါးက စာရေးသူတို့ တပည့်များကို ပုံပြင်လေးတစ်ပုဒ်နဲ့ ဥပမာပေးပြီး ဆုံးမခဲ့တာပါ ငါ့ရဲ့တပည့်တွေကတော့ ဟိုပုံပြင်ထဲက ခွေးကြီးလို ဖြစ်နေကြမယ်နော် တစ်ခါက ရွာတစ်ရွာမှာ တောလိုက်နေတဲ့ မုဆိုးကြီးတစ်ယောက်ရှိခဲ့တယ်..။
သူ့အိမ်မှာ သူနှင့်အတူ တောလိုက်တဲ့ သူမွေးထားတဲ့ ခွေးတစ်ကောင်လည်း ရှိတယ်တဲ့ ။ တစ်နေ့မှာ မုဆိုးကြီးက သူ့ရဲ့ခွေးက တောလိုက်တာ ဘယ်လောက်တော်သည် ဘယ်လောက်ကောင်းသည် ဘယ်လောက်သတ္တိရှိသည် စသည်ပေါ့ သူ့ခွေးကြီးရဲ့ဂုဏ်ပုဒ်တွေကို လူအများကို ပြောတာပေါ့ လူတွေကလည်း ဟဲ့ မုဆိုးကြီး မင်းရဲ့ခွေးက ဘယ်လောက်တောင် သတ္တိရှိပြီး တော်တာတုန်း စသည်စသည်ပေါ့ မေးကြတော့တာပေါ့လေ သည်အချိန်မှာ မုဆိုးကြီးကလည်း ငါ့ခွေးကတော်တော်သတ္တိရှိတာနော် သူစိတ်တိုလာပြီဆိုလျှင် ဘယ်သားကောင်ကိုမှ မကြောက်ဘူးကွ ကျားတွေ ခြင်္သေ့တွေကိုတောင် ကိုက်သတ်နိုင်တဲ့ သတ္တိရှိတယ်ဗျ။
· ဒါပေမဲ့ဗျာ ငါ့ရဲ့ခွေးက သေဆုံးလို့သာ သွားလိုက်တယ် တစ်ခါလေးမှ စိတ်မတိုလိုက်ရဘူးဗျ…။ အဲလိုလဲ မုဆိုးကြီးကပြောလိုက်ရော လူတွေက ဟာ ဟင် ဖြစ်ကုန်ကြတာပေါ့
· ဟုတ်တယ်လေ မုဆိုးကြီးရဲ့ခွေးက မုဆိုးကြီးပြောထားတာပဲ သူစိတ်တိုမှ သတ္တိရှိတာလို့လေ…။ ဒီပုံပြင်နဲ့ ပတ်သက်ပြီး စာဖတ်သူအပေါင်းတို့ကလဲ လောကီနယ်သားပဲဖြစ်ဖြစ်
လောကုတ္တရာနယ်ပယ်သားပဲဖြစ်ဖြစ် လောကီအကျိုး
လောကုတ္တရာအကျိုးများကို ပြုလုပ်တော့မယ်လို့ စိတ်ကူးထားပြီ ဆိုရင် မနှေးလျင်စွာ ချက်ချင်းပြုလုပ်သင့်တယ်နော်….။
· လူ့လောကဆိုတာက သေရမည်မကြာ နေရမည်မကြာ မဟုတ်ပါလား? သို့ဖြစ်ပါသောကြောင့် လောကီနယ်ပယ်က လောကီလူသားတွေအနေနဲ့ လူမှုရေး စီးပွါးရေး ပညာရေး စသည်စသည် အမှုကိစ္စဟူသမျှကို မဆိုင်းမတွ ချက်ချင်းလုပ်သင့်တာနော် ဒါကပစ္စုပ္ပန်အရေးပေါ့နော်…..။
· သံသရာအရေးအတွက်ဆိုလဲ ဒါနမှု သီလမှု ဘာဝနာအမှုများကို အလေးဂရုပြုပြီး လုပ်သင့်နေပြီနော် စာရေးဆရာ ဦးဘုန်း(ဓာတု) ရေးထားတဲ့စာလိုပေါ့ မနက်ဖြန်ဆိုတာ အဝေးကြီး နောက်ဘ၀ဆိုတာ အနီးလေးမှာပဲ…ဆိုတာလေ အဲဒါကြောင့် နောက်ဘ၀ဆိုတာ အနီးလေးလေ လူတွေအနေနဲ့ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံကျစ်လစ်စွာ စောင့်ထိန်းသင့်ပါတယ်....။
· သီတိုင်း လှတာက သီလ၊ ကာယ ၀စီ မနော သုံးပါးလုံးကောင်းအောင် သီမယ်ဆိုရင် သီတဲ့လူတိုင်း လှတယ်…ဆိုပြီးတော့ ဆရာတော်များက သီလရဲ့ အဓိပ္ပါယ်ကို သဘာဝကျကျ ဖော်ဆောင်ထားခဲ့လေ။
· ကဲ စာဖတ်သူအပေါင်းတို့ရေ ကိုယ့်က ဘာလုပ်ရင်ရပါတယ် ဆိုတဲ့ လက်တွေ့မကျတဲ့စကားကို ပြောနေမယ့်အစား လက်တွေ့ကျကျ လုပ်ဆောင်လိုက်ကြပါလို့ တိုက်တွန်းပါရစေနော်..။
· ပုံပြင်ထဲက ခွေးကြီးကတော့ စိတ်တိုပြီဆိုလျှင် ကျားသတ္တ၀ါတွေကိုတောင် ကိုက်သတ်နိုင်တဲ့ သတ္တိအစွမ်းပကားရှိနေပါလျက်လည်း သေဆုံးလို့သာသွားပေမယ့် စိတ်ကမတိုလိုက်ရရှာဘူး…။
· အဲဒါကြောင့် စာဖတ်သူအပေါင်းတို့ကလဲပဲ စိတ်မတိုလိုက်ရဘူး မဖြစ်ရလေအောင် အဲ ဟုတ်ပေါင် ကိုယ်လုပ်နိုင်တဲ့အလုပ်ကို မလုပ်လိုက်ရမရှိလေအောင်…ယ္ခု စာရေးသူရေးသားခဲ့သည့် စာတိုပေစ လေးကိုဖတ်ရှုပြီးပြီဆို ပါက ကိုယ်လုပ်မည့် အလုပ်ကိစ္စလေးတွေကို ချက်ချင်းထပြီး လုပ်လိုက်ကြတော့နော် …။
· လုပ်ကြမယ်လို့လဲ စာရေးသူအနေနဲ့ ယူဆထားမိပါတယ်။
· ဒါပေမဲ့ ကြားဖူးတဲ့စကားတစ်ခွန်း လက်ဆောင်အဖြစ်ပေးလိုက်ပါအုန်းမယ်နော်…။
· ယောက်ျားပဲ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်ကွ ဒါပေမဲ့ ခုတော့ အိပ်လိုက်ပါအုန်းမယ်…ဆိုတာမျိုးတော့ မဖြစ်စေကြဖို့လည်း မှာခဲ့ပါရစေနော်…။
· ကဲ..စာရှုသူအားလုံး ပျော်ရွှင်စရာနေ့ရက်လေးတွေကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ၊ သမ္မာဆန္ဒများနဲ့ ပြည့်စုံကြပြီး ဘ၀နှင့် ဆန္ဒ တစ်ထပ်တည်းကျနိုင်ကြပါစေလို့ ဆန္ဒပြုလျက်…။
မှတ်ချက်။ ။ အရှင်သုနန္ဒ(မစိုးရိမ်တိုက်သစ်၊ မန္တလေး)မှ မေးဖြင့်ပေးပို့၍ ဝေငှသော ပို့ဖြစ်ပါသည်။
No comments:
Post a Comment