★ အရတော်စွ , ဗုဒ္ဓဘာသာဝင် ဘ၀ ★
ဓမ္မမိတ်ဆွေ စာဖတ်သူများတော့ ဖြင့် မပြောတတ်။
ကျွန်တော့်အဖို့မှာတော့ ဓမ္မစာပေများကို ဖတ်မှတ်လေ့လာရသည့်အခါတိုင်း ထို ဓမ္မစာပေကျမ်းဂန် ရေးသားလေသော ရဟန်းပညာရှိ၊ လူပညာရှိ ပုဂ္ဂိုလ်ကြီးများကို-
"သြော်- ဒီလို ဓမ္မစာပေကျမ်းဂန်များ ကြိုးစား ပမ်းစား စူးစူးစမ်းစမ်း ရေးပေလို့ ဒီလို အကြောင်းတွေ သိရပါပေတော့တယ်။ ကျေးဇူး ကြီးမားလှပါဘိတော့" ဟူသော ကျေးဇူးတင်စိတ် အမြဲ လိုလို ဖြစ်ပေါ်တတ်ပါသည်။
ယခုလည်း တစ်စိမ့်စိမ့် ကျေးဇူးတင်စရာ ပေါ်လာသောကြောင့် ဤ ဓမ္မဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။
ကျွန်တော် အပါအ၀င် ဓမ္မမိတ်ဆွေ စာဖတ်သူများ အားလုံးတို့ သည် "မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ က အများစုဖြစ်ပါသည်" ဆိုသည်ကို တော့ဖြင့် ငြင်းနိုင်ကြမည် မထင်ပါ။
ထို့ကြောင့်ပင် ငယ်စဉ် ကလေးဘ၀ ကတည်းကပင် "ရတနာသုံးပါးဆည်းကပ်ကိုးကွယ်ခြင်း၊ဒါနမှု၊ သီလ မှု" အစရှိသော "ဗုဒ္ဓဘာသာဝင်"တစ်ဦး "ပြုသင့် , ပြုအပ်သော , ပြုဖွယ်ကိစ္စများ" ကို" ပြုလုပ်တတ်အောင်, ပြုရကောင်းမှန်းသိအောင်"
မိဘဘိုးဘွား ဆရာသမား များက သင်ကြားပေးခဲ့ကြပါသည်။
သိသည့်အလျောက်လည်း ထိုပြုဖွယ်ကိစ္စများ ပြုလာခဲ့သည်မှာ ယနေ့ထက်တိုင် ဖြစ်ပါ၏။ ကျွန်တော် လည်း အများသူငါ အတိုင်းပါပဲ။
သို့သော် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ရခြင်းအတွက် မိမိ ကိုယ် မိမိ "လူ့ဘ၀ အရ တော် ,မတော်၊ ကံ ကောင်း ,မကောင်း" ဆိုသည်ကိုတော့ဖြင့် ကျွန်တော့် တစ်သက်နှင့်တစ်ကိုယ် တစ်ခါဖူးမျှ ယောင်လို့ပင် မစူးစမ်း၊ မစိစစ်ကြည့်မိဖူးပါ။
သို့ရာတွင် အချို့သော ဗုဒ္ဓဘာသာဝင်တို့သည်ကား- ထိုမျှနှင့်ကျေနပ်မနေကြပဲ ဗုဒ္ဓဘာသာဝင်တစ်ဦး ဘ၀ အရ တော် ,မတော်၊ ကံ ကောင်း ,မကောင်း" ဆိုသည်ကို စူးစမ်းခဲ့ကြပါ၏။
ထိုသို့ စူးစမ်းခဲ့ကြသူများတွင် "စစ်ကိုင်းတောင်ရိုး၊ရွှေဟင်္သာတိုက်သစ်၊ ရွှေဟင်္သာဆရာတော်ဘုရားကြီး

" နှင့်"အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး"
တို့ပါဝင်ပါ၏။
ထို ဆရာတော်ကြီး နှစ်ပါး တို့၏ "ဗုဒ္ဓဘာသာဝင် ဘ၀ အရ တော် ,မတော်၊ ကံ ကောင်း ,မကောင်း" ဆိုသည်ကို "ခါးကျိုးအောင် စာပေကျမ်းဂန် လေ့လာပြီး၊ ဦးနှောက် မီးပွင့် လောက်အောင် " စူးစမ်းလေ့လာ၊ မွှေနှောက် သုံးသပ် ထား သည်ကို ဖတ်ရှုလိုက်ရ လေသောအခါ စာဖတ်နေရင်းဖြင့်ပင် လက်အုပ်မချီဘဲ မနေနိုင်အောင်ဖြစ်လာရပါ၏။
ယခု ဓမ္မဆောင်းပါး တွင် ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေ စာဖတ်သူ တို့ ကြည်ညိုသဒ္ဓါ ပွားနိုင်ရန် ထို ဆရာတော်ကြီး နှစ်ပါး၏ စူးစမ်းပုံများ ကို တင်ပြမည် ဖြစ်ပါသည်။
(၂) ရှေးဦးစွာ-
"စစ်ကိုင်းတောင်ရိုး၊ရွှေဟင်္သာတိုက်သစ်၊

ရွှေဟင်္သာဆရာတော်ဘုရားကြီး"၏
စူးစမ်းပုံ ကို (၁၉၈၀-ပြည့်နှစ်၊သြဂုတ်လထုတ်၊ရတနာမွန်မဂ္ဂဇင်း) ပါ၊
ဆောင်းပါးတစ်ပုဒ်တွင် တွေ့မြင်လေ့လာဖတ်ရှုရပါသည်။
အောက်ပါ အတိုင်း တင်ပြအပ်ပါသည်။
"တပည့်တော် တို့သည် ကံကောင်းကြ၏။
အဘယ့်ကြောင့်နည်း။
တောချုံ ထူထပ်၍ ရှိုမြောင်ချောက်ကမ်းပါး များပြားလှသော တောတောင် အတွင်း၌ စမ်းတ၀ါးဝါး နှင့် ခရီးသွားနေကြသော လူတို့သည် မြို့၊ရွာ ဒေသ သို့ရောက်ကြရန် လမ်းရှာ ကြရာ-
ဟိုနေရာ လမ်း ဟုတ်နိုးနိုး၊ သည်နေရာ လမ်း ဟုတ်နိုးနိုး နှင့် ရော်ရမ်း မှန်းဆ၍ လာ သွားနေကြသကဲ့သို့ ၊
လူတို့သည်လည်း ဟိုဘာသာ ကောင်းနိုးနိုး၊ ဒီ ဘာသာ ကောင်းနိုးနိုး ၊ မှန် နိုးနိုး နှင့် ရှုပ်ထွေး ပွေလီ လှသော ၀ါဒစုံလောကကြီး အတွင်း၌ သွားနေရပေသည်။
"နိဗ္ဗာန်" တည်းဟူသော မြို့တော်သို့ ရောက်စေကြောင်း လမ်းမှန်ဖြစ်သော မဂ္ဂင်ရှစ်ပါး တရားတော် ကို ညွှန်ပြ ဟောကြားနိုင်စွမ်းရှိသော ဗုဒ္ဓ ဟူသည် ကာလတောင်တာ အလွန့်အလွန် ကြာမြင့်သောအခါ ကျမှ တစ်ဆူမျှသာ ပွင့်ထွန်း ပေါ်ပေါက်တော် မူသည်။
ဗုဒ္ဓ ပွင့်ထွန်းသောအခါမှသာလျှင် မဂ္ဂင်ရှစ်ပါး တည်းဟူသော လမ်းမှန် ကို ဟောဖော် ညွှန်ပြတော်မူနိုင်သည်။ ဗုဒ္ဓသာသနာတော်မှ တစ်ပါး ၊ အခြား ဘာသာတို့၌ လမ်းမှန်ဖြစ်သော မဂ္ဂင် တရား ဟူ၍ မရှိချေ။ ဗုဒ္ဓသာသနာတော်၌ သာလျှင် မဂ္ဂင်ရှစ်ပါးတရားတော် ရှိပေသည်။
ကမ္ဘာ တစ်ဝန်းလုံးနှင့် နှိုင်းစာလျှင် မြန်မာနိုင်ငံ သည် သေးငယ်လှသဖြင့် ဇီးရွက် လောက် ရှိသည် ဟု ဆိုရပေမည်။
မဂ္ဂင်ရှစ်ပါး လမ်းမှန်ရှိသော ဗုဒ္ဓသာသနာ သည် သေးငယ်လှသော ဤ မြန်မာနိုင်ငံ ၌ ယခု အခါ နေ ရောင်တမျှ ထွန်းလင်းတောက်ပလျက် ရှိပေသည်။ နေရောင်တမျှ ထွန်းလင်းတောက်ပဆဲ ရှိနေသော မြန်မာနိုင်ငံ၌ နိုင်ငံသူ၊နိုင်ငံသားအဖြစ်ဖြင့် ပါဝင်နေကြရသော အသင်တပည့် တို့သည် ပထမ အနေဖြင့် ကံကောင်းကြပေသည်။
မဂ္ဂင်သာသနာလမ်းမှန်ထင်ရှား ထွန်းကားသော မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသား ဖြစ်ကြရသဖြင့် ကံကောင်းကြသည့်အပြင် ယင်း လမ်းမှန်ကို အခြေခံ ကစ၍ စေတနာကောင်း, စိတ်ကောင်း,သဒ္ဓါတရားကောင်း သဖြင့် တပည့်တို့၏အကျိုးကျေးဇူး ကို လိုလားတောင့်တလျက် ကြီးစွာသော မေတ္တာ၊ကရုဏာဖြင့်(လာဘ်လာဘ ကိုမငဲ့,အခကြေးငွေ မယူ,အပူဇော် မခံပဲ) မဂ္ဂင် ရှစ်ပါးတရားတော်၏အခြေခံဖြစ်သော ဗုဒ္ဓ ၏ အဆုံးအမ သြ၀ါဒတော်ကို သင်ကြားပြသပေးနေသော ဆရာကောင်း နှင့် ကြုံတွေ့၊ကြုံရ ၊ ဆရာကောင်းကို ဆည်းကပ်ကြခြင်း သည် ဒုတိယ အနေဖြင့် တပည့်တို့ ကံကောင်းခြင်း ဖြစ်သည်။
ဆရာကောင်းကိုရရှိ၍ ဆည်းကပ်ရသည့်အတိုင်း ၀မ်းမြောက် ကျေးဇူးတင်စွာဖြင့် "ငါတို့သည် ကံကောင်း၍သာ မဂ္ဂင်ရှစ်ပါး လမ်းမှန်တရား၏ အခြေခံဖြစ်သော ဘာသာတရားကို နာယူ ,မှတ်သား, လိုက်နာ ,အားထုတ်ရပေသည်" ဟု သင်တပည့်တို့ သန္တာန်၌ အသိဉာဏ် ဖြစ်ပေါ်ခြင်းသည် တတိယ အနေဖြင့် တပည့်တို့ ကံကောင်းခြင်းဖြစ်သည်။
ဤသို့ ကံကောင်းကြသည့်အလျောက် ရခဲသော, မြင်ခဲသော, ရောက်ခဲသော မဂ္ဂင်ရှစ်ပါး အခြေခံ ဗုဒ္ဓ၏တရားကို တပည့်များ ၀မ်းမြောက်ဝမ်းသာ လိုက်နာ အားထုတ်နိုင်ကြပါစေသတည်း၊ လိုက်နာ အားထုတ်ကြပါကုန်လော့။"
ဆရာတော်ဘုရားကြီး ၏ ဆိုလိုရင်းမှာ-
ဗုဒ္ဓဘာသာဝင် တစ်ဦးအဖို့
(၁) ဗုဒ္ဓသာသနာ နေရောင်တမျှ ထွန်းကားသော မြန်မာနိုင်ငံ၌ နိုင်ငံသူ၊နိုင်ငံသားအဖြစ် ပါဝင်ခြင်းသည် ပထမ ကံကောင်းသည်။
(၂) ဗုဒ္ဓ၏အဆုံးအမ ကိုသင်ကြားပြသသော ဆရာကောင်းနှင့် တွေ့ကြုံ၍ ထို ဆရာကောင်းကို ဆည်းကပ်ရခြင်းသည် ဒုတိယ ကံကောင်းသည်။
(၃) ကံကောင်း၍သာ မဂ္ဂင်ရှစ်ပါး တရားတော် ကို နာယူ,မှတ်သား, အားထုတ်ရသည်ဟု အသိဉာဏ်ဖြစ်ပေါ်ခြင်းသည် တတိယကံကောင်းသည်။ ဟူ၍ဖြစ်ပါ၏။
(၃) "အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး"၏

စူးစမ်းပုံကိုတော့ဖြင့် ဆရာတော်ဘုရားကြီး၏"ကမ္မဋ္ဌာန်းဘာသာဋီကာ
ကျမ်း"(ပလ္လင်ခံ)တွင်တွေ့မြင် ဖတ်ရှုလေ့လာရပါသည်။ အောက်ပါအတိုင်းဖြစ်ပါသည်။
"အချုပ်အားဖြင့်ကားထိုကဲ့သို့ ဘာသာအမျိုးမျိုးရောယှက် ရှုပ်ထွေးနေသော ကမ္ဘာကြီးတွင် ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်သူဖြစ်လာရခြင်းသည် မိမိတို့အတွက် ကံကောင်းလေစွ။
ဗုဒ္ဓရှင်တော်မြတ် ရွှေနှုတ်တော်ထွက် တရားအချို့ကို(ပဋ္ဌာန်း၊သတိပဋ္ဌာန်၊ဓမ္မစကြာ၊

အနတ္တလက္ခဏာသုတ်၊မင်္ဂလာသုတ်၊
ပရိတ်တော်) မိမိတို့၏ျနှုတ်တွင်းသို့ သွတ်သွင်းကာ ရွတ်ဆိုနေရခြင်းသည် မိမိအတွက်မှာ မင်္ဂလာကျက်သရေရှိလေစွ။
မြို့ရွာ အူသံမဆူညံဘဲ လူသံတိတ်ချိန်ဝယ် ဆိတ်ငြိမ်သော တောင်ကျောင်းကလေး၌ လေအေး၊လေညှင်းတို့ တသင်းသင်းလာတုန်းမှာ တစ်ကမ္ဘာလုံး၏ ရုပ်နာမ်အစဉ် ကို ၀ိပဿနာတင်၍ဆင်ခြင်ကြည့်ရှုရသည့်အခါ မြဲသောအရာ၊ချမ်းသာအစစ်၊အနှစ်သာရ ဘာတစ်ခုမျှ ရှာမရဘဲ "ဤအကြောင်းတရားကြောင့် ဤ အကျိုးတရားဖြစ်ပေသည်။ဤ အကြောင်းတရားမရှိလျှင် ဤ အကျိုးတရားလည်း မရှိနိုင်တော့ပြီ"ဟု မိမိ၏ ရုပ်နာမ်နှင့်တကွ ဟုတ်မှန်သော အချက်ကို နက်နက်နဲနဲ မြင်နိုင်သောကြောင့် ဗုဒ္ဓရှင်တော်မြတ် တရားတော်များကို စဉ်းစားကြံစည်၍ နေရခြင်းသည် တကယ်တမ်း နိဗ္ဗာန် ကို လိုလားသူမှာ ချက်ချင်းရနိုင်ဖွယ်ရာအကြောင်း၊ ဆုတစ်မျိုးမျိုးမြှော်ကိုးသူတို့မှာ ပါရမီဓာတ်ခံ ရင့်သန်ဖွယ်ရာအကြောင်း ဖြစ်၍ သြော်..အလွန့်အလွန်

ကောင်းမြတ်လေစွတကား။
ဤသို့လျှင် မိမိတို့မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်းက ပထမ ကံကောင်း၍ ဒုတိယအဆင့်တက်ကာ အခြားဘာသာတို့မှာ မရှိနိုင်သော ရုပ်တရား၊နာမ်တရား ကို ခွဲခြားခြင်း၊ ထို ရုပ်တရား၊နာမ် တရားတို့သည် အနိစ္စ၊ဒုက္ခ၊အနတ္တ တရားချည်းပါတကား ဟု သိနိုင်သော ၀ိပဿနာဉာဏ် ကိုရရှိခြင်းက ဒုတိယကံကောင်းခြင်း ဖြစ်၍ ထို ရုပ်တရား၊နာမ် တရားတို့ ကို အနိစ္စ၊ဒုက္ခ၊အနတ္တ ဉာဏ်ဖြင့် ကြည့်ရှုနေရသောအခါ ယခု တစ်လောကလုံးကို အရုပ်ဆိုးအောင်လုပ်နေသော လောဘ,ဒေါသ,မောဟ နှင့် မာန်မာန,ဣဿာ,မစ္ဆရိယ တို့ကို အလိုလို သန့်ရှင်း၍ ကြည်လင်သော စိတ်ဓာတ်ဖြင့် အေးမြချမ်းသာစွာ ကမ္ဘာ ကို လျစ်လျူရှု၍ နေနိုင်ခြင်းက တတိယအဆင့် အမှန်ကြည်နှုးဖွယ်ကောင်းခြင်းဖြစ်၍ မခဲယဉ်းလှသော ထို အဆင့်သို့ ရောက်ဖို့ရန် ယခု ညွှန်ပြမည့်တရားလမ်းစဉ် ကို ကြည်လင်စွာ စိတ်ထားဖြင့် လျှောက်သွားနိုင်ကြပါစေသတည်း။ "
ဆရာတော်ဘုရားကြီး ၏ ဆိုလိုရင်းမှာ-
ဗုဒ္ဓဘာသာဝင် တစ်ဦးအဖို့
(၁) ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်းသည် ပထမ ကံကောင်းသည်။
(၂) ရုပ်တရား၊နာမ်တရားကိုခွဲခြား၍သိပြီး ထို ရုပ်တရား၊နာမ်တရား တို့သည် အနိစ္စ၊ဒုက္ခ၊အနတ္တ တရားချည်းပါတကား ဟု သိနိုင်သော ၀ိပဿနာဉာဏ် ကို ရခြင်းသည် ဒုတိယ ကံကောင်းသည်။
(၃) လောဘ၊ဒေါသ၊မောဟ၊မာနန်မာန၊ဣဿာ၊မစ္ဆရိယ တို့သန့်ရှင်း၍ ကြည်လင်သောစိတ်ဓာတ်ဖြင့် ကမ္ဘာ ကို လျစ်လျူရျှုနိုင် ခြင်းသည် တတိယကံကောင်းသည်။ ဟူ၍ဖြစ်ပါ၏။
(၄)ဆရာတော်ဘုရားကြီး နှစ်ပါး၏မိန့်ဆိုတော်မူချက် များကိုနှိုင်းယှဉ်ကြည့်လျှင်-
" ရွှေဟင်္သာဆရာတော်ဘုရားကြီး" ၏ မိန့်ဆိုတော်မူချက် သည် "မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ"ကို အလေးပေးညွှန်းဆိုရာရောက်၍-
"အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး"၏

မိန့်ဆိုတော်မူချက်သည် "ဗုဒ္ဓဘာသာဝင် အားလုံး"ကို ညွှန်းဆိုရာရောက်သည် ဟု ဆိုနိုင်ပါ၏။
မည်သို့ပင်ဖြစ်စေ ဆရာတော်ဘုရားကြီး နှစ်ပါး၏ မိန့်ဆိုတော်မူချက်များကို ဖတ်ရှုခွင့်ရသော ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် မိမိ ကိုယ် မိမိ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်းအတွက် ဂုဏ်ယူမဆုံးဖြစ်ကြသည့်အပြင် မိမိတို့သည် " အရ တော် သောဘ၀, ကံ ကောင်း သောဘ၀များကို ရရှိထားကြသူများဖြစ်ကြပါတကား"ဟု လည်း တစိမ့်စိမ့်တွေးပြီး ကြည်နူးမဆုံး ဖြစ်ကြမည် ထင်ပါသည်။
ထို့အတူ ဖော်ပြပါ ဆရာတော်ကြီး များ၏ ကံ၊ဉာဏ်၊ဇွဲ၊လုံ့လ၊၀ီရိယ များကို မှန်းဆ ကြည်ညိုလိုက်ရသောအခါ ကျွန်တော်သည် အလိုလို သိမ်ငယ်စိတ်များ တ၀ုန်းဝုန်း ၀င်လာရိုး အမှန်ဖြစ်ပါသည်။
မိမိ ကိုယ်ကိုယ် မိမိ ဓမ္မစာပေရေးသားသူ ဟု အမည်ခံနေသော်လည်း ထိုထို သော ရဟန်းပညာရှိ၊ လူပညာရှိ များ ကို မော်ကြည့်မိသောအခါ ကိုယ့် တွင်ရှိသော ပညာပမာဏ က "ခွေးပစ်တဲ့ တုတ် လောက်သာ ရှိပါကလား" ဟု အောက်မေ့လိုက်မိပါတော့သတည်း။
ရေးသားပြီးစီး။ ။ ၁၃၇၅ခုနှစ်၊ပြာသို လဆန်း(၈) ရက် ၊(8th-January,2014)၊ဗုဒ္ဓဟူးနေ့- (ည-၈း ၁၆)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
ကလျာဏ မိတ္တ
(ကိုညီညီတင် ရေးသားသော ပို့မှ ပြန်လည်မျှဝေသည်။

No comments:
Post a Comment