
ဒေါသ သမားကို အနိုင်ယူနည်း
"အက္ကောဓေန ဇိနေကောဓံ"
ကောဓဆိုတာ ဒေါသခက်ထန်တဲ့သူ။ ဒေါသခက်ထန်တဲ့ လူတစ်ယောက်ကို ဘယ်လိုအနိုင်ယူမလဲဆိုတဲ့နည်းစနစ်။
"အက္ကောဓေန ဇိနေကောဓံ"
ကောဓဆိုတာ ဒေါသခက်ထန်တဲ့သူ။ ဒေါသခက်ထန်တဲ့ လူတစ်ယောက်ကို ဘယ်လိုအနိုင်ယူမလဲဆိုတဲ့နည်းစနစ်။
လောက လူသားတွေကတော့ ဒေါသခက်ထန်တဲ့
လူတစ်ယောက်ကို နှိမ်နင်းပြီးတော့ အနိုင်ယူမယ်၊ သတ်ဖြတ်ပြီးတော့ အနိုင်ယူမယ်လို့
ဒီအတွေးပဲရှိတယ်။ ဒီနေ့ခေတ်မှာပဲ ကြည့်လေ၊
အင်မတန်ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်တွေကို အနိုင်ယူပုံ၊ အနိုင်ယူနည်းဟာ အဲဒီ
ပုံစံအတိုင်း အနိုင်ယူတာပဲ။ ဒီနေ့ ခေတ်ကမ္ဘာမှာ terrorist ဆိုတဲ့
အကြမ်းဖက်သမားတွေရှိတယ်။
လူတကာ ဒုက္ခရောက်အောင် ရက်ရက်စက်စက်
အကြမ်းဖက်လုပ်ဆောင်တဲ့ ပုဂ္ဂိုလ်တွေ၊ အကြမ်းဖက်သမားလို့
သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တွေကို ဘာနဲ့အနိုင်ယူမလဲဆိုရင်
ပြန်လည်အကြမ်းဖက်ခြင်းဖြင့် အနိုင်ယူကြတယ်ပေါ့။
အဲဒီလို ပြန်လည်အကြမ်းဖက်ခြင်းဖြင့် အနိုင်ယူတာဟာတကယ်နိုင်လားဆိုတော့ မေးစရာရှိတယ်။ အဲဒီနည်းစနစ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မအမြင်ဘက်ကကြည့်လို့ရှိရင် အလွန်မှားယွင်းနေတဲ့နည်းစနစ်တစ်ခုပါပဲ။
မြတ်စွာဘုရားက 'အက္ကောဓေန ဇိနေကောဓံ'
ဒေါသခက်ထန်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မိမိကဒေါသခက်ထန်ခြင်းမပြု၊
သည်းခံခြင်း၊ မေတ္တာထားခြင်း၊ အေးငြိမ်းတဲ့စိတ်ဓာတ်မျိုးဖြင့်သာလျှင်
အနိုင်ယူလို့ဟောတော်မူတယ်။ ဟော လောကရဲ့အမြင်နဲ့ အလွန်ဆန့်ကျင်တယ်။
ခက်ထန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒေါသနဲ့ မတုံ့ပြန်ဘဲ မေတ္တာနဲ့
တုံ့ပြန်ရမယ်လို့ဆိုလိုတာပဲ။ ဒေါသကို မေတ္တာနဲ့ အနိုင်ယူပါ။
ခန္တီဆိုတဲ့တရားနဲ့ အနိုင်ယူပါ။
ဒီနေရာမှာ ခန္တီနဲ့ မေတ္တာ ဘာကွာသလဲမေးစရာရှိတယ်။ စာပေကျမ်းဂန်မှာ ဖွင့်ထားတာ ကြည့်ရင် ခန္တီဆိုတဲ့တရားဟာ အဒေါသပဲဆိုတော့ ခန္တီနဲ့ မေတ္တာဟာ တရားကိုယ်အားဖြင့် တူတယ်လို့ပြောရမှာပဲ။
နောက်တစ်နည်းအားဖြင့် ခန္တီဆိုတာ အဒေါသ အဓိကပဓာန ဦးဆောင်နေတဲ့ စိတ်ရဲ့သဘာဝတရား၊ စိတ်နေစိတ်ထားလို့ ဒီလိုအဓိပ္ပာယ်ရတယ်။
နောက်တစ်ခါ ခန္တီဆိုတဲ့ စကားလုံးရဲ့ရှုထောင့်က ကြည့်မယ်ဆိုရင် (သဒ္ဒါနည်းအရ
ပြောပြတဲ့ literal meaning ပေါ့) ခန္တီဆိုတာ ''ခမု''ဓာတ် (root)ကနေလာတယ်။
ခမုဓာတ် ကိုအနက်ဖော်ရင် 'ခမုသဟနေ - စွမ်းနိုင်ခြင်း' ဆိုတဲ့ အဓိပ္ပာယ်ရတဟယ်။
ခန္တီဆိုတာ စွမ်းနိုင်တယ်လို့ အဓိပ္ပာယ်ရတယ်။ ဒါဖြင့်ဘာစွမ်းနိုင်တာလဲဆိုရင်
တစ်စုံတစ်ယောက်က မိမိကိုဒေါသထွက်လာအောင် လာနှောက်ယှက်ပေမယ့်
ဒေါသမထွက်အောင်ထိန်းထားနိုင်တယ်။
''အတ္တမနတာ စိတ္တဿ'' ကြည်နူးနေတဲ့
စိတ်ကလေးကို ပြင်ပကအနှောင့်အယှက်ကြောင့် ပျက်စီးမသွားအောင်
ထိန်းသိမ်းထားနိုင်တဲ့ စွမ်းရည်သတ္တိတစ်မျိုးကို ခန္တီ လို့ခေါ်တယ်။
လောကကြီးမှာ တစ်ချို့လူတွေက ''ခန္တီ၊ ခန္တီ '' လို့ပြောနေပေမယ့် တကယ်ခန္တီမဟုတ်ပါဘူး။
လောကကြီးမှာ တစ်ချို့လူတွေက ''ခန္တီ၊ ခန္တီ '' လို့ပြောနေပေမယ့် တကယ်ခန္တီမဟုတ်ပါဘူး။
ဒါကြောင့်ရယ်စရာအနေနဲ့ '' ခန္တီစ-
မနိုင်လို့သည်းခံခြင်းသည်လည်းကောင်း '' ဆိုတဲ့ အဓိပ္ပာယ်ပေါ်လာတာပေါ့နော်။
မနိုင်လို့အလျော့ပေးတာကို ခန္တီလို့ ထင်နေကြတယ်။ တကယ်တော့
ခန္တီဆိုတာမနိုင်လို့ သည်းခံတာ မဟုတ်ဘူး။ မိမိရဲ့ ပင်ကိုယ်ကြည်နူးနေတဲ့
စိတ်လေးကို မပျက်အောင် ထိန်းထားနိုင်တဲ့ စွမ်းရည် သတ္တိ၊ စိတ်ပိုင်းဆိုင်ရာ
ရင့်ကျက်မှု သဘောထားကို ခန္တီလို့ပြောတာ။
အေး. . . ဒေါသထွက်ပြီးတော့
လူကအံကြိတ်နေတယ်၊ သို့သော် ပြန်တော့မပြောဘူး၊ ပြန်တော့မလုပ်ဘူး
ဆိုတာမျိုးကို ဒိကနေ့ ခန္တီ လို့ခေါ်ကြတယ်။ စိတ်ပိုင်းဆိုင်ရာက
တုန့်ပြန်နေသည့်အတွက်ကြောင့် အဲဒီဟာက ခန္တီ မဟုတ်ဘူးတဲ့။
ပြန်မပြောတာပဲရှိတယ်၊ ခန္တီ အစစ်မဟုတ်ဘူး။ ခန္တီ ဆိုသည်မှာပင်ကိုယ်
အနေအထားလေး မပျက်အောင် ထိန်းနိုင်တာကိုပြောတာ။
ဒါကြောင့် ခန္တီ ဆိုတာ
မေတ္တာမပျက်အောင်ထိန်းထားနိုင်တဲ့စွမ်းရည်သတ္တိပဲ။ လူတဖက်သား
အကျိုးစီးပွားလိုလားတဲ့ စိတ်နေသဘောထားသည် မေတ္တာ။ ထိုမေတ္တာ ပျက်မသွားရအောင်
ထိန်းထားတာသည် ခန္တီ ပဲ။
စကားလုံးအရပြောရမယ်ဆိုရင် မေတ္တာဆိုတာ ''မိတ္တဿ ဧသာ'' ဆိုတဲ့အတိုင်း မိတ်ဆွေရဲ့စိတ်ဓာတ်ကို မေတ္တာလို့ခေါ်တယ်။ မိတ်ဆွေစိတ်ဓာတ်ဆိုတာ မိတ်ဆွေဟာ ဘယ်လိုစိတ်မျိုးထားလဲ။ ကိုယ်ချစ်နှစ်သက်တဲ့ မိတ်ဆွေသူငယ်ချင်းကောင်းစားမှုကို လိုလားတယ်။ အကျိုးတရားကို လိုလားတယ်။ အဲ့ဒါဟာ မေတ္တာ ပါပဲ။
ဘာသာပြန်မယ်ဆိုရင် ''မိတ်ဆွေရဲ့စိတ်ဓာတ်'' လို ဒီလိုပြန်ရမှာပေါ့။ အဲဒီ မေတ္တာ ဆိုတဲ့ သဘောတရားဟာ ဒီနေရာမှာဒေါသဖြင့် တုံ့ပြန်မှု မပြုဘဲနဲ့ ပင်ကိုယ် အခြေအနေအကောင်းအတိုင်း မိမိရဲ့ စိတ်ကလေးကို ထိန်းထားနိုင်ပြီဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ "အက္ကောဓေန ဇိနေကောဓံ" ဒေါသထွက်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကို အနိုင်ယူလိုက်ခြင်းပင်ဖြစ်တယ်။ ဒါကြောင့် ဒေါသသမားကို မေတ္တာ နဲ့ ခန္တီနဲ့ အနိုင်ယူရမယ်။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
No comments:
Post a Comment