Pages

Sunday, February 23, 2014

***** ကိုယ်ပိုင်အထုပ် ကိုယ်တိုင်လုပ် ******


ဘုရားရှင် ဆွမ်းခံကြွလာစဉ် ဘုရားနှင့် မနီးမဝေး နေရာ၌ ပုဏ္ဏားကြီးသည် ဘုရားရှင်ကို မြင်သည့်အခါ
" ရှင်ကြီးဂေါတမက နံနက်စောစော ရှိသေးတယ်။

သပိတ်ပိုက်လို့ မြို့ ထဲ ၀င်လာပြီ။ သူတစ်ပါး စားစရာ ရှိလား။ မရှိလား သူမသိ။ သူ ရဖို့ ပဲ သိတယ်။ ဒါကိုများ သူတစ်ပါးအကျိုးဆောင်ကြီးတဲ့။" စသည်ဖြင့် ကဲ့ရဲ့ ပြစ်တင်ဝေဖန်သော စကားတို့ ဖြင့် နှုတ်မှ တတွတ်တွတ် ရေရွတ်၍ ဆောင့်အောင့်နေ၏။

 အော်...ခက်လှပါဘိ။ မြတ်စွာဘုရား ဆွမ်းခံကြွရာ " ငါ့ အား ဆွမ်းလောင်းကို လောင်းရမည်" ဟုလည်း မပြောပါ။ သဒ္ဓါတရားရှိသူများသာ လောင်းကြ စမြဲဖြစ်၏။ မည်သူ အိမ်ပေါ်ကို တက်၍ အတင်းအဓမ္မ တက်မနှိုက်ခဲံပါ။ မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဏ္ဏားကလည်း မြတ်ဘုရားအား ဘာများထောက် ပံ့ပေးနေပါသနည်း။ 

မိမိကလည်း မထောက်ပံ့ မပံ့ပိုးဘဲ မြတ်ဘုရားအား ဝေဖန်ကဲ့ရဲ့ပြစ်တင်နေသည်မှာ ပုဏ္ဏားကြီးအတွက် အလွန် ရင်လေးစရာပင်။ အဘယ့်ကြောင့် ရင်လေးစရာ ကောင်းပါသနည်းဟု မေးသော် " သတ္တ၀ါတိုင်းသည် ဘ၀သံသရာ တစ်လျှောက်လုံးတွင် ကိုယ်ပိုင်အထုပ်ကို ကိုယ်တိုင်လုပ်နေသောကြောင့် ဖြစ်သည်။" ဟု ဖြေရပါလိမ့်မည်။ 

ထိုစကား မှန်ပါသည်။ မြတ်ဘုရား ပုဏ္ဏားအနီးသို့ ရောက်လာသောအခါ မြတ်ဘုရားက "ပုဏ္ဏားကြီး အသင်ဟာ ဆွေမျိုးတွေကို လက်ဆောင် ပေးဖူးပါသလား" ဟု မေးသော် ပုဏ္ဏားက" ပေးဖူးပါ၏ " ဖြေ၏။ 

ထိုအခါ ဘုရားက "ဒီလက်ဆောင်များအား သင့်မိတ်ဆွေများက မယူသော် သင် ဘာလုပ်လိုက်သလဲ။ လွှတ်ပစ် လိုက်သလော။" ဟု မေးလိုက်သောအခါ ပုဏ္ဏားက လွှတ်မပစ်ကြောင်း၊ အိမ်သို့ ပြန်ယူလာကြောင်း ဖြေ၏။ ထိုအခါ ဘုရားက " အသင်ပုဏ္ဏား ငါဘုရားအား ပေးသော သင်၏ နှုတ်/ကိုယ်/စိတ်မှ ပေါက်ဖွားလာသော အကုသိုလ်ကံ လက်ဆောင်ကို ငါဘုရား ယူတော် မမူ" ဟု ပုဏ္ဏားအား မိန့် တော်မူခဲ့၏။ 

ထိုကြောင့် အကုသိုလ်အလုပ်ပင်ဖြစ်စေ၊ ကုသိုလ်အလုပ်ပင်ဖြစ်စေ ကိုယ်ပိုင်အထုပ်ကို ကိုယ်တိုင်လုပ်၍ ကိုယ်သာပြန်ခံရမည်ဖြစ်ကြောင်း စာဖတ်သူ ဓမ္မမိတ်ဆွေများအား စကားလက်ဆောင်၊ တရားလက်ဆောင်အဖြစ် မျှသေပေးလိုက်ပါသည်။

(တရားအသိမြင့်မားစေရန် ဓမ္မဒါနပြုထားသည့်အတွက် မည်သူမဆို Share ခွင့်ပြုပါသည်။)

http://m.facebook.com/ashin.parmaukkha?_rdr

https://www.facebook.com/pages/အရှင်ပါမောက္ခ/191123514409903

No comments:

Post a Comment