Pages

Thursday, February 13, 2014

****သာသနာနှစ် ရေတွက်နည်း ****

သာသနာသက္ကရာဇ်ရေတွက်နည်းကတော့ အကျဉ်းချုပ်မှတ်ရင် ရောက်ရှိတဲ့ မြန်မာသက္ကရာဇ်ကိုတည်
၁၊ ၁၊ ၈၊ ၂၊ ပေါင်းထည့်လိုက်ပါ။ (ဧကော၊ ဧကော၊ အဋ္ဌ၊ ဒွေ)လို့ လင်္ကာမှတ်စီကြပါတယ်။


ဗဟုသုတရအောင် ဘာကြောင့် ဒီလိုထည့်ရတယ်ဆိုတာ အနည်းငယ်အကျယ်ရေးလိုက်ပါတယ်။

ဗုဒ္ဓမြတ်စွာ၏ ဘိုးတော် သီရိမဟာမာယာဒေဝီ၏ ခမည်းတော် အဉ္ဇနမင်းကြီးဟာ အတိတ်သက္ကရာဇ်(၈၆၄၉)ခုကိုဖြိုချပြီး သက္ကရာဇ် (၁)ခု ကစလို့ မဟာသက္ကရာဇ်လို့ ခေါ်စေခဲ့ပါသတဲ့။

ဘိုးတော်အဉ္ဇနမင်းကြီး စတင်ရေတွက်တည်ထောင်ခဲ့တဲ့ မဟာသက္ကရာဇ် ၆၈-ခုမှာ ဘုရားအလောင်းဖွားမြင်ခဲ့တယ်။ မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့ပါတယ်။


အဲဒီမဟာသက္ကရာဇ် (၁၄၈)ခုကို အဇာတသတ်မင်းကြီးက ဖြိုချလိုက်ပြန်ပါတယ်။ (အဲဒီအဇာတသတ်မင်းကြီး သက္ကရာဇ်ဖြိုလိုက်ခြင်းဟာ နောင်လာနောက်သား ဗုဒ္ဓဘာသာဝင်တွေအတွက် သိမှတ်စေဖို့ သက္ကရာဇ်မှတ်တိုင် ထူလိုက်ခြင်းပါပဲ။)
အဇာတသတ်သက္ကရာဇ်(တနည်း) သာသနာနှစ် (၁)ခုကနေမှစပြီး မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာတွေ မူလကတပြေးညီရေးတွက် သုံးစွဲလာခဲ့ကြတာပါပဲ။

သရေခေတ္တရာခေတ် သမုဒ္ဒရီ(သမုဒ္ဒရာဇ်)မင်းလက်ထက်မှာ သက္ကရာဇ် (၆၂၄)ခုနှစ်အရောက်မှာ (၂)ခုအကြွင်းချန်ထားပြီး (၆၂၂)ခုကို ဖြိုလိုက်ပါတယ်။ (သမန္တစက္ခုမှာ "သာဧထ မုန္ဒရီ၊ နန်းစံသတ္တ၊ ရောက်ကာလတွင်၊ ဒေါဒေါရသ၊ ဒွေသေသေနှင့်၊ မူလထောင်ဖြိုပြီ" လို့ဆိုပါတယ်။ ဖြိုပြီးတဲ့

သက္ကရာဇ်အဟောင်းကို ဒေါဒေါရသကိန်းလို ခေါ်ပါသတဲ့။)

ထို သမုန္ဒရီမင်းဖြိုလိုက်တဲ့ သက္ကရာဇ် (၂)ခုမှ စလို့ ရေတွက် သုံးစွဲလာခဲ့ကြပြန်ရာ ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်းလက်ထက် သက္ကရာဇ် (၅၆၂)ခုအရောက်မှာ (၅၆၀)ခုကိုဖြိုပြီး (၂)ခုကစ ရေတွက်သုံးစွဲလာခဲ့ကြတာ ယခုတိုင်ပါပဲ။ (သမန္တစက္ခုဒီပနီမှာ "ပန်းညိုပင်၊ စောရဟန်၊ သတ္တဗီသာ၊ ရောက်သောအခါတွင်၊ သေသာဒွယ၊ အကြွင်းချ၍၊ ခ ဆ ပဉ္စာ၊ ကောဇာထောင်ဖြိုပြန်" လို့ဆိုပါတယ်။ ဖြိုပြီးတဲ့ သက္ကရာဇ်အဟောင်းကိန်းကို ခ ဆ ပဉ္စကိန်းလို့ ခေါ်ပါသတဲ့)


ယခုရောက်ဆဲ ပုဂံသက္ကရာဇ် (သို့) ကောဇာသက္ကရာဇ်မှာ

သရောခေတ္တရာခေတ် သမုန္ဒရီမင်းဖြိုချခဲ့တဲ့ (၆၂၂)ခု
ပုဂံပုပ္ပါးစောရဟန်းမင်း ဖြိုချခဲ့တဲ့ (၅၆၀)ခု
နှစ်ရပ်ပေါင်းလိုက်တော့ (၁၁၈၂)ရပါတယ်။ အဲဒီ (၁၁၈၂)ကို ပေါင်းထည့်လိုက်ရင် သာသနာနှစ်ဖြစ်ပါတော့တယ်။

သက္ကရာဇ်ဖြိုမှုနှင့်ပတ်သက်လို့ အင်းဝမင်း(၈)ဆက်မြေက် မိုးညှင်းမင်းတရားကြီးက သက္ကရာဇ် (၇၈၈)ခုနှစ်မှာ အင်းဝနေပြည်တော်ကြီးကို ထီးနန်းလုပ် စိုးအုပ်ပါတယ်။ (ဒါရုရု၊ မိုးညင်းဖြစ်-လို့ သမန္တစက္ခုက ဆိုပါတယ်)


အဲဒီမိုးညှင်းမင်းတရားကြီးက သက္ကရာဇ် (၈၀၀)အရောက်မှာ (၂)ခုကြွင်းပြုပြီး (၇၉၈)ခုနှစ်ကို ဖြိုချခဲ့ပြန်သေးသတဲ့။ ဒါပေမယ့် သက္ကရာဇ်မပြိုဘဲ မင်းတရားကြီးကသာ နတ်ရွာစံသွားရပါတယ်။ ဘုန်းကံနည်းပါးလို့ သက္ကရာဇ်မပြိုဘူး လို့ ရာဇဝင်တွေမှာ ဆိုပါတယ်။
ဒီလောက်ဆိုရင် သာသနာသက္ကရာဇ်ရေတွက်နည်းရယ် ၊ ဘာကြောင့် ဒီလိုထည့်တယ်ဆိုတာရယ် ဗဟုသုတရပြီထင်ပါရဲ့.....


http://www.ganadharama969.com/2013/09/blog-post_18.html#more

No comments:

Post a Comment