Pages

Saturday, February 1, 2014

★ အမှတ်တမဲ့ မှ အမှတ်တရ လေးများ ★





(က)အရေးမထားမိသောအသေးအဖွဲကိစ္စကလေးများသည် သံသရာဘ၀အဆက်ဆက် ထိ လိုက်ပါ လွှမ်းမိုးနိုင်ပါသည်။ကံ ကို လက်ခံသည့် ကမ္မ၀ါဒီ ဗုဒ္ဓဘာသာ ၀င်များ ဟူသည် ကံမျိုးစုံ 

ကို ကိုယ်၊နှုတ်၊စိတ် တို့ဖြင့် ပုံဖော်ရာတွင် စေတနာကောင်းလေးများ ထည့်သွင်းရန် လိုပါသည်ဟု ကျွန်တော်ယူဆမိပါ၏။
ဘ၀ တွင် အမှတ်တမဲ့ ကြုံခဲ့ရသည်များက သံသရာတွင် အမှတ်တရ ဖြစ်စေနိုင်သည် ဆိုသည်ကို ထင်ရှားရန် ကျွန်တော် ဤသို့တင်ပြလိုပါသည်။
ဓမ္မမိတ်ဆွေများ ကြားဖူးကြပြီးဖြစ်ပါလိမ့်မည်။

(ခ)
ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်တော် အခါက "စူဠ ပန္တက" နှင့် " မဟာပန္တက"ဟူသော ရဟန်းတော် ညီနောင်နှစ်ပါးရှိပြီး အကိုရဟန်း"မဟာပန်" ရဟန်း မှာ ပရိယတ်စာပေ တတ်ကျွမ်း၍ ညီငယ် "စူဠပန်" ရဟန်းမှာ စာပေပရိယတ် အားနည်းရှာသည်။ အားနည်းရှာ သည် ဆိုခြင်းထက်အားမနာစတမ်းပြောရလျှင် ဉာဏ်လေး သည်ပဲ ဆိုပါစို့ရဲ့။
ပါဠိဂါထာလေး တစ်ခုကို(၄)လ ကြာအောင်ကျက်မှတ် ပါသော်လည်းအလွတ်မရခဲ့ပါတဲ့။


(ဗဟုသုတ အလို့ငှာ ထို ဂါထာလေး ကို ဖော်ပြလိုက်ပါသည်။ ကျက်ကြည့်၍ အလွယ်တကူ ရသည် ဆိုလျှင် မိမိ တို့ ပြုခဲ့သည့် အတိတ်မှ ကုသိုလ်ကံ က "စူဠပန္တက"ရဟန်းငယ်လောက် အခြေအနေမဆိုးလှသေးဟု ယူဆနိုင်ပါမည်။
ဂါထာ မှာဤသို့ဖြစ်ပါ၏။

"ပဒ္ဓံ ယထာ ကောကနဒံ သုဂနံ္ဓ ၊ ပါတောသိယာ ဖုလ္လမ၀ီတဂနံ္ဓ။
အင်္ဂိရသံ ပဿ ၀ိရောစမာနံ၊ တပန္တမာဒိစ္စ မိဝန္တ လိက္ခေ။" )

ထို ဖော်ပြပါ ဂါထာငယ်ကို (၄) လ ကျက်၍မရသဖြင့် အကိုရဟန်းဖြစ်သူက သာသနာတော်နှင့်မထိုက်တန်ဟုဆိုကာ လူထွက်ခိုင်းပါသည်။

သို့သော်လည်း စူဠပန္တကရဟန်းငယ် သည် ဗုဒ္ဓမြတ်စွာဘုရား၏ကျေးဇူတော်ကြောင့် လူမထွက် လိုက်ရပါ။ အားငယ်နေသည့် စူဠပန် ရဟန်း ကို ဗုဒ္ဓမြတ်စွာဘုရားရှင် က အ၀တ်ဖြူပိုင်းတစ်ခု ကိုပေး၍ "ရဇောဟရဏံ"(မြူအညစ်အကြေးကိုဆောင်တယ်) ဟု ရွတ်ဆိုပွားများခိုင်းလိုက်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သော စူဠပန် ရဟန်းသည် လက် ဖြင့်ပွတ်ဖန်များ၍ စင်ကြယ်နေသောအ၀တ်စ ညစ်နွမ်းသွားသည်ကို သတိထားမိလိုက်သည်။
စင်ကြယ်သောအ၀တ်စ သည် ငါ၏ခန္ဓာ အတ္တဘော ကြောင့် ညစ်နွမ်းသွားရပါလား ဟု ဆင်ခြင်ပါသည်။ သင်္ခါရတရားတွေဟာ အနိစ္စ ပါလား ဟု နှလုံးသွင်းပါသည်။ ထို့နောက် သင်္ခါရတရားများ၏ ကုန်ခမ်းပျက်စီးတတ်သည့် သဘာဝ ကို အနိစ္စလက္ခဏာ အဖြစ် ရှုမြင်သုံးသပ် ၀ိပဿနာ ပွားလိုက်နိုင်ပါသည်။

ထို့အပြင် "ခန္ဓာမှာမှီနေသော "ရာဂ" စသည့် အညစ်အကြေးများ ကိုလည်း ပညာသတိဖြင့် ကြည့်၍ ဖယ်ရှားပစ်ရမည်" ဟု ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး က ပါ ဖြည့်စွက်ဟောပြောပေးတော်မူလိုက်သောအခါ ၀ိပဿနာဉာဏ်စဉ်များ အဆင့်ဆင့်မြင့်တက်လာ၍ ပဋိသမိဒ္ဒါပတ္တရဟန္တာ ဖြစ်သွားပါသည်။ ထို့ကြောင့် ယခင်က ဉာဏ်ထုံထိုင်းခဲ့သော အရှင်စူဠပန်ရဟန်းငယ် သည် ပိဋကသုံးပုံ ကိုပါ တစ်ပါတည်းတတ်မြောက်သွားပါသည်။

(ဂ)
စူဠပန်ရဟန်း၏ ဘ၀ကိုလေ့လာကြည့်လျှင် အထင်ကရ အဓိကအချက်များ တွေ့မြင်နိုင်ကြမည်ထင်ပါသည်။
ဆိုပါစို့ရဲ့။ 


ဂါထာတိုလေးတစ်ပုဒ် ကို(၄)လ ကျတ်မှတ်သည်တောင်မရခြင်း။ ပရိယတ်တွင် မအောင်မြင်သော်လည်း ရဟန်းဘ၀ ကိုမစွန့်လွှတ်ချင်ခြင်း။ လူဝတ်လဲမည်ဟု စိတ်ဆုံးဖြတ်ပြီးကာမှ ဗုဒ္ဓဘုရားရှင်ကြောင့် လူဝတ်မလဲဖြစ်ခြင်း။ စင်ကြယ်သော အ၀တ်ပိုင်း ကို လက်နှင့် ပွတ်ရင်း အ၀တ်စ ဖြူစင်ရာမှ ညစ်နွမ်းသွားသည် ကိုဆင်ခြင်မိပြီး တရားထူး ရသွားခြင်း။ တရားထူး ရသည်နှင့် ပိဋကတ် ကို ပါ ကျွမ်းကျင် သွားခြင်း။

အစရှိသည့် ထူးခြားသည့် ဘ၀ မှတ်တမ်း ကို ဖန်တီးပေးခဲ့သည့် အတိတ်အကြောင်း ကိုတင်ပြလိုပါသည်။

(ဃ)
စူဠပန်ရဟန်း သည် ကဿပဘုရားရှင် လက်ထက်တော် အခါ သာသနာတွင် ရဟန်းပြုခဲ့ဖူးသူဖြစ်ပါသည်။ ထို့ပြင် ကျမ်းဂန်တတ်၍ ပတ်ဝန်းကျင်မှ လေးစားရသည့်ရဟန်း၊ ပညာတတ် ရဟန်း ဖြစ်ပါသည်။
နော့ပေတဲ့ ထို ပညာတတ်ရဟန်း သည် ဉာဏ်လေးသည့် ရဟန်းငယ်လေးတစ်ပါး စာကျက်နေသည် ကို ပျက်ရယ်ပြု ပြောင်လှောင်ခဲ့မိပါသည်။ ထိုသို့ လှောင်ပြောင် လိုက်သဖြင့် ဉာဏ်လေးသော ရဟန်းငယ်လေးမှာ ရှက်စိတ်ဝင်သွားပြီး ရွတ်ဖတ် သရဇ္ဈယ်ခြင်းများရပ်တန့်သွားပါလေ၏။

(င)
ဤနေရာတွင် ပညာတတ်ရဟန်းတော်တစ်ပါးအနေဖြင့် ကိုယ့်အောင်နိမ့်ကျသော အတူနေရဟန်း ကို ဖိနှိပ်လိုစိတ် မရှိနိုင်ပါ။
နှိမ့်ချခြင်း၊ယှဉ်ပြိုင်ခြင်း ဟူသည်မှာ ဂုဏ်ရည်တူချင်း သို့မဟုတ် ဂုဏ်ရည် မကွာသူချင်းသာ ပြုလေ့ရှိသည်မဟုတ်ပါလော။
မိမိ ထက် သာ သူ များကို ၀မ်းမမြောက်နိုင်လျှင်တောင်မှ ကိုယ့်အောက် နိမ့်ကျသူကိုတော့ သနားတတ်ကြပါသည်။မုဒိတာ ကရုဏာ ဖြစ်လွယ်တတ်ကြပါသည်။ 


 ထို့ကြောင့်ပင် ပညာတတ်ရဟန်းတော် မှာ ဉာဏ်လေးသော ရဟန်းငယ် ကို ပကတိအားဖြင့် သနားကရုဏာ ဖြစ်မည် ထင်ပါသည်။
နော့ပေတဲ့ အမှတ်တမဲ့ လှောင်ပြောင်လိုက်သော ကိစ္စလေးကြောင့် နောက်ဆုံး ကျွတ်တမ်းဝင်ရမည့် ဘ၀ တါင်္ဘာဏ်လေး ခဲ့ရပါသည်။ ဤ ဉာဏ်လေးမှု သည် သူ၏ဘ၀တွင် အလွယ်တကူ မြင်သာသည့် အမည်းစက်ကြီး ဖြစ်ခဲ့ရလေ၏။

(စ)
စူဠပန် ရဟန်းသည် တစ်ခုသော ဘ၀ တွင် ဘုရင် ဖြစ်ခဲ့ဖူးပါသေးသည်။ တစ်နေ့သော အခါ ဘုရင်မင်းမြတ် က တိုင်းခန်းလှည့်လည်ရင်း နဖူး မှ ကျလာသော ချွေး များ ကို စင်ကြယ်သော အ၀တ်နှင့်သုတ် လိုက်မိပါသည်။ အမှတ်တမဲ့လေးပါ။
သို့သော် ချွေးစက် ကြောက်အ၀တ်စ ညစ်နွမ်းသွားသည် ကို သတိထားလိုက်မိပါသည်။ 


သင်္ခါရ တရားအပေါ်တွင် အနိစ္စသညာ ထင်လိုက်ပါသည်။ ထိုသို့ အမှတ်သညာ ဖြစ်လိုက်သည့်အတွက် နောက်ဆုံး ဘ၀ တွင် ဖြူစင်သော အ၀တ်စ ညစ်နွမ်းပုံ ကို အကြောင်းပြု၍ ရဟန္တာ ဖြစ်ခဲ့ရပါသည်။

(အ၀တ်စ ညစ်နွမ်းသွားခြင်းကို အနိစ္စသညာပြုခဲ့ဖူးသော စူဠပန်ရဟန်း ၏ ပါရမီ ဓာတ်ခံ ကို လှုံ့ဆော်ပေးသည့် အ၀တ်စ ဖြင့် ဖန်ဆင်းပေးပြီး အကျွတ်တရားရအောင် စီစဉ်ဆောင်ရွက်ပေးနိုင်သော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဉာဏ်တော် မှာလည်း အံ့သြ ကြည်ညိုစရာကောင်းလှပါပေ၏။ 

ထို ဉာဏ်တော်ရအောင် လေးအသင်္ချေ နှင့်ကမ္ဘာ တစ်သိန်း အလေးအနက် ကြိုးစားခဲ့ရပါသည်။ အမှတ်တမဲ့ ကိစ္စလေးများ ကို အမှတ်တရ ဖြစ်စေအောင် အလေးအနက် ဆောင်ရွက်မှုတွေဟာ ကြီးကျယ်ခမ်းနား အံ့သြ ကြည်ညိုစရာကောင်းလှပါပေ၏။)

(ဆ)
စူဠပန်ရဟန်း ၏ ဘ၀ (၃)ခု ကို ပေါင်းစပ်ကြည့်လိုက်လျှင်- သူ၏အမှတ်တမဲ့ကြုံ ရခြင်းလေးများသည် နောင် သံသရာ တွင် အမှတ်တရဖြစ်ခဲ့ရသည် ကို မြင်သာ ပါသည်။
သူ သည် အမှတ်တမဲ့ သရော် ခဲ့မိသဖြင့် ဉာဏ်လေး ခဲ့ရသကဲ့သို့ အမှတ်တမဲ့ အနိစ္စသညာ ရခဲ့သဖြင့်လည်း အရဟတ္တဖိုလ် ပေါက်သည်အထိ အကျိုး ရရှိခဲ့ပါသည်။


ကဿပဘုရားရှင်လက်ထက်တော် တွင်ယုံကြည်ချက်နှင့် လေးနက်သည့် ရဟန်းဘ၀ အထုံ ပါခဲ့ဖူးသေြာော့င့် စူဠပန်ရဟန်းသည် ရဟန်းဘ၀ ကို နှစ်သက်မြတ်နိုးစွာဖက်တွယ်ထားခဲ့ပါသည်။ အကိုရဟန်း က သာသနာတော် မှနှင်ထုတ်ခြင်းကို လွယ်လါယ် နှင့် လက်မခံပါ။
ဝဋ်ကြွေး ကို မပယ်နိုင်သကဲ့သို့ ပါရမီ သမ္ဘာရ သည်လည်း ဖျက်ဆီးပစ်၍ မရစကောင်းပါ။ ပါရမီ ရင့်ကျက်သူများသည် ဘုရားရှင် နှင့် ဘုရားရှင်၏ သာသနာတော် ကိုတွေ့ဆုံရပြီး မုချ ကျွတ်တမ်းဝင်ရပါ၏။

စူဠပန်ရဟန်းသည် ကဿပဘုရားရှင် လက်ထက် ရဟန်းဘ၀ဖြင့် စာပေသင်ယူ၊ တရားအားထုတ်ခဲ့ရသော ပါရမီကြောင့် ရဟန္တာ ဖြစ်ရသောအခါတွင် ပဋိသမ္ဘိဒါ ရခဲ့ပါသည်။
အတ္ထပဋိသမ္ဘိဒါ(အကျိုး ကို သိသည့်ဉာဏ်)၊ ဓမ္မပဋိသမ္ဘိဒါ(အကြောင်း ကို သိသည့်ဉာဏ်)၊ နိရုတ္တိ ပဋိသမ္ဘိဒါ(ကြောင်းကျိုး နှစ်မျိုးလုံးဖြင့် သဒ္ဒါပုဒ်ပါဌ် ကို သိသည့်ဉာဏ်)၊ ပဋိဘာန ပဋိသမ္ဘိဒါ(အခြား ပဋိသမ္ဘိဒါ သုံးမျိုးလုံး ကို ပိုင်ပိုင်နိုင်နိုင်သည့်ဉာဏ်)ဆိုသော ပဋိသမ္ဘိဒါ(၄)မျိုး ကိုရရှိခဲ့ပါ၏။ရဟန္တာ ဖြစ်တိုင်း ပဋိသမ္ဘိဒါ မရတတ်ပါ။ ပါရမီ ပါ မှ ရတတ်ပါသည်။


(ဇ)
ဓမ္မဆောင်းပါး ကို အဆုံးသတ်ပါမည်။
ဘ၀ တွင် စားစား၊သွားသွား ပေါပေါ့ဆဆ နေခဲ့မိလျှင် ယခုချိန်မှစ၍ မိမိ ကိုယ် မိမိ ပြန်ကြည့်စေလိုပါသည်။
ဘယ်လို အမှတ်တမဲ့ များ ကြုံခဲ့ဖူးပြီးပြီလဲ။
နောင် ကြုံမည့် အမှတ်တမဲ့လေးများကို မည်သို့ ရင်ဆိုင်မည်ဟု ပြင်ဆင်ထားမည်လဲ။


အမှတ်တမဲ့လေး များ သည် အမှတ်တရ ဖြစ်စေပါကြောင်း တင်ပြအပ်ပါသည်။

ချမ်းသာကြပါစေ..၊အေးငြိမ်းကြပါစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။


ဘ၀တုသဗ္ဗမင်္ဂလံ
ဗုဒ္ဓကမ္ဘာဆိုဒ်မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment