Pages
▼
*** မိတ်ဆွေစစ် (၄)ယောက် ***
မိတ်ဆွေစစ် (၄)ယောက်
(၁) ဥပကာရ - ကျေးဇူးပြုတတ်သူ။
(၂) သမာနသုခဒုက္ခ - ကောင်းတူ ဆိုးဖက်ဖြစ်သူ။
(၃) အတ္ထက္ခာယီ - ကောင်းသော စီးပွားရေး ချမ်းသာရေးကို ပြောပေးလေ့ရှိသူ။
(၄) အနုကမ္ပက - မိမိကို သနားစောင့်ရှောက်တတ်သူ။
ဤလေးယောက်သည် အလွန် ချစ်စရာကောင်းသော မိတ်ဆွေအစစ်များ ဖြစ်ကြ၏။
ဥပကာရ။ ။ ကြုံလာသော ကိစ္စအားလျော်စွာ ကျေးဇူးပြုဖော်ရသော မိတ်ဆွေကို “ ဥပကာရမိတ်ဆွေ ’’ ဟု ခေါ်၏။
(က) မိမိမိတ်ဆွေ သေရည်အရက်သောက်၍ မူးနေသည်ကိုသော်လည်းကောင်း၊
အခြားတစ်စုံတစ်ခုသော အကြောင်းကြောင့် မေ့နေသည်ကိုသော်လည်းကောင်း တွေ့ရလျှင်
ထိုသူ၏ အဝတ်အထည် လက်ဝတ်တန်ဆာများ ကို သူတစ်ပါး ယူသွားမည်စိုး၍ အနားက
မခွာဘဲ စောင့်ရှောက်ဖော်ရသူ။
(ခ) ထိုကဲ့သို့ မူးမေ့နေသောကြောင့်ဖြစ်စေ၊
အရပ်တစ်ပါးသို့ သွားနေသောကြောင့်ဖြစ်စေ အိမ်ကဥစ္စာကို သူတစ်ပါးတို့
ခိုးယူသွားမည်စိုး၍ ဥစ္စာကို စောင့်ရှောက်ပေးသူ။
(ဂ) မိတ်ဆွေ၌
ကြောက်စရာဘေး ပေါ်လာလျှင် ထိုဘေးကို ကာကွယ်သောအားဖြင့်ဖြစ်စေ၊
စိတ်အားမငယ်အောင် “ ဘာကြောက်ရမှာလဲ ’’ စသည်ကို ပြော၍
အားပေးသောအားဖြင့်ဖြစ်စေ အားကိုးရသူ။
(ဃ) မိတ်ဆွေ၌ ငွေကုန်ဖို့ရန် ကိစ္စတစ်ခုခုကြုံလျှင် (မိမိကလည်း ထောက်ပံ့နိုင်ပါမူ) သူက တောင်းလာ သော အကူအညီထက် ပို၍ပင် ပေးသူ။
ဆောင်။ ။ မိတ်ဆွေတစ်ဦး၊ သေသောက်ကြူး၍၊ မေ့မူးနေလတ်၊
စောင့်ရှောက်တတ်၏၊
အရပ်တစ်ပါး၊ ထွက်ခိုက်ငြား၊ နှင့်၊ သောက်စားမေ့ရာ၊ ထိုအခါလည်း၊
ဥစ္စာစောင့်ရှောက်၊ ဘေးရန်ရောက်သော်၊ မကြောက်စေမှု၊ အားပေးပြုလျက်၊
မင်းမှုရှုပ်မူ၊ ငွေတွက်ဟူ၍၊ အကူတောင်းက၊ ထိုမကပင်၊ နှစ်ဆလောက်ကူ၊
မိတ်စစ်ဟူသည်၊ လေးဆူ ဥပကာရ တည်း။
သမာနသုခဒုက္ခ။ ။ သမာနသုခ=
ချမ်းသာလျှင်လည်း အတူချမ်းသာ၊ သမာနဒုက္ခ= ဆင်းရဲရာလည်း မခွာမခွဲဘဲ
ကောင်းတူဆိုးဖက်ဖြစ်သူကို သမာနသုခဒုက္ခ မိတ်အစစ်ဟု ခေါ်၏။ ထိုမိတ်ဆွေလည်း
လေးမျိုးရှိ၏။
(က) တိုင်းရေး ပြည်ရေး အိမ်တွင်းရေးစသော အရေးကြီးကိစ္စအတွက် လျှို့ဝှက်ရမည့် အကြောင်းအရာကို မိမိအားပြောသူ။
(ခ) မိမိ၏ လျှို့ဝှက်ရမည့် အတွင်းရေးကို ဘေးသို့ မပေါက်ကြားအောင် စောင့်ရှောက်ထားသူ။
(ဂ) မိမိမှာ ဘေးရန်ပေါ်လာလျှင် မိမိကို စွန့်ခွာမသွားသူ။
(ဃ) မိမိအတွက် အသက်ကို စွန့်နိုင်သူ။
ဆောင်။ ။ လျှို့ဝှက်ရမည့်၊ အကြောင်းရှိလျှင်၊ မိမိပြောကြား၊
ကိုယ်ပြောကြားလည်း၊ အခြားတစ်ယောက်၊ ထံမပေါက်အောင်၊ စောင့်ရှောက်သည်သာ၊
ဘေးပေါ်လာမူ၊ ဘယ်ခါမခွဲ၊ မစွန့်မြဲတည်း၊ အသဲသို့မက်၊ မိတ်ဆွေတွက်ကြောင့်၊
အသက်ကိုပင်၊ ထီမထင်သည်၊ လေးအင် ကောင်းတူဆိုးဖက်တည်း။
အမှာ။ ။
ယခုအခါ ဤမျှအားကိုးရသော မိတ်ဆွေ ရှားလှ၏။ ထို့ကြောင့် အရေးကြီးသောကိစ္စကို
တိုင်ပင်ရာဝယ် အလွန်စိတ်ချ နောက်ကျောအေးရသော မိတ်ဆွေအစစ်များနှင့်သာ
တိုင်ပင်ကြပါလေ၊ ယခုခေတ်၌ အတွင်းရေးတွေ နိုင်ငံကြီးများပင်
ပေါက်ကြားတတ်လေသည်။
အတ္ထက္ခာယီ။ ။ အတ္ထ= အကျိုးရှိမည့် အစီးအပွားကို +
အက္ခာယီ= ပြောဆိုတတ်သော မိတ်ဆွေကို “ အတ္ထက္ခာယီ မိတ်ဆွေစစ် ’’ ဟု ခေါ်၏။
ထိုမိတ်ဆွေလည်း လေးမျိုးပင် ရှိ၏။
(က) ပါဏာတိပါတ စသောအမှု၊ မိန်းမလိုက်စားမှု စသည်ကို ပြုမည်ဆိုလျှင် မင်းပြစ် အကုသိုလ်ပြစ် ဖြစ်မည်စိုး၍ ထိုမကောင်းမှုကို တားမြစ်သူ။
(ခ) မင်းပြစ်လည်း မရှိ၊ အကုသိုလ်ပြစ်လည်း မရှိဘဲ စင်စစ် အကျိုးသာရှိသော ဒါနမှု သီလမှု စသော ကုသိုလ်ကောင်းမှု၌ တိုက်တွန်းတတ်သူ။
(ဂ) မိတ်ဆွေမကြားဖူးသောတရားနှင့် လောကကြီးပွားရေးကို ပြောပေးတတ်
သူ။
(ဃ) သေသောအခါ ကောင်းရာသုဂတိသို့ ရောက်မည့်လမ်းကြောင်းကို
ပြောပြတတ်သူ။
ဆောင်။ ။ မကောင်းအမှု၊ တားမြစ်ပြု၍၊ ကောင်းမှုကိုကား၊ ညွှန်ပြထား၏၊
မကြားစဖူး၊ တရားထူးလည်း၊ ကြားဖူးအောင်ပြ၊ သေလွန်ကမူ၊ ဘဝနောင်နှောင်း၊
လမ်းပန်းကောင်းကို၊ ထပ်လောင်းညွှန်ကြား၊ မိတ်လေးပါးသည်၊ မှတ်သား
အတ္ထက္ခာယီတည်း။
အမှာ။ ။ “ သေလွန်သောအခါ ဘဝကောင်းဖို့ လမ်းကြောင်း
’’ ဟူသည် ဗျဂ္ဃပဇ္ဇသုတ်၌ နောက်ဘဝချမ်းသာဖို့ရန် ဟောတော်မူအပ်သော သဒ္ဓါ သီလ စာဂ
ပညာ လေးပါးပင်တည်း။ (အခြားနည်းအားဖြင့် ဟောတော်မူအပ်သော ကောင်းမှုများလည်း
ဤလေးပါးတွင် ပါဝင်ကြသည်။)
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်းမှ ပြန်လည်တင်ပြပါသည်။
ရနံ့စံအိမ် မှ ကူးယူ မျှဝေပါသည် ။
No comments:
Post a Comment