Pages

Friday, February 14, 2014

**** ဘုရားရှင်က ရှင်ဥပါလိမထေရ်ကို ဟောကြားခဲ့သော ဓမ္မမှတ်ကျောက်။ ****




ဘုရားရှင်က ရှင်ဥပါလိမထေရ်ကို ဟောကြားခဲ့သော ဓမ္မမှတ်ကျောက်။
ရှင်ဥပါလိမထေရ်ကို ဟောကြားပေးခဲ့တဲ့ ဓမ္မမှတ်ကျောက် တစ်ခုကတော့ =



၁။ ဧကန္တနိဗ္ဗိဒါယ။ ။ သင်္ခါရတရားတွေအပေါ်မှာ သာယာစရာဆိုတာ မတွေ့တော့ဘဲနဲ့ သံသရာဝဋ်ဆင်းရဲကြီးကို ငြီးငွေ့လာမယ်။ ငြီးငွေ့မှုကို မဖြစ်စေဘူးဆိုရင် ကိုယ်ကျင့်နေတဲ့ တရားဟာ တရားစစ်မဟုတ်သေးဘူး။


၂။ ၀ိရာဂ ။ ။ မြတ်စွာဘုရား ဟောထားတဲ့ တရားတော်ဟာ ကာမဂုဏ်အာရုံဆိုတဲ့ တပ်မက်မှုတွေ လျော့နည်းသွားရမယ်။ သံသရာမှာ တွယ်တာမှုတွေ လျော့နည်းသွားရ
မယ်။ နောက်ဆုံး ကင်းသွားနိုင်တဲ့ အနေအထားရှိရမယ်။ ကျင့်လေလေ တပ်မက်မှုတွယ်တာမှုတွေ လျော့လာလေလေ ဖြစ်ရမယ်။


၃။ နိရောဓ ။ ။ ကိလေသာဆိုတဲ့ လောဘတွေ ဒေါသတွေ မာန်မာနတွေ ချုပ်ငြိမ်းသွားရမယ်။ မငြိမ်းဘဲနဲ့တိုးလာတယ်ဆိုရင် တရားဟာတရားစစ်တရားမှန်မဟုတ်သေးဘူး၊
ကိုယ့်သန္တာန်မှာ မာန်မာနတွေ တက်လာတာဟာ တရားစစ် မဟုတ်ဘူး၊ ဒါတွေမဖြစ်အောင် ဖယ်ရှားပစ်မှ တရားစစ်ဖြစ်ပါမယ်။


၎။ ဥပသမ ။ ။ တရားတစ်ခုဟာ ကျင့်ကြံလိုက်တာနဲ့ ငြိမ်းအေးသွားတယ်၊ တရားကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ ပူပင်တာတွေ သောကတွေ နည်းသွားတယ်၊ ဘယ်လိုပြဿနာမျိုးနဲ့တွေ့တွေ့ စိတ်ထဲမှာ မပူပင်တော့ဘူး၊ ငြိမ်းနေတယ်၊ တရားနှလုံးသွင်းပြီး နေနိုင်တယ်။


၅။ အဘိညာ ။ ။ သိမြင်မှုတွေက ထူးခြားလာတယ်၊ အရင်ကသိမြင်မှုတွေနဲ့ မတူဘူး၊ ရှင်းရှင်းလင်းလင်း သိလာတယ်၊ ဒုက္ခသစ္စာကိုလည်း ကောင်းကောင်ကြီး သိလာတယ်။နိဗ္ဗာန်ရဲ့ သဘောသဘာဝကိုလည်း ကောင်းကောင်းကြီး သိလာတယ်၊ အဘိဉာဉ်ဆိုတဲ့ ထူးခြားတဲ့ အသိဉာဏ်ကို ရတယ်။


၆။ သမ္ဗောဓ ။ ။ သစ္စာလေးပါးကို မှန်မှန်ကန်ကန် သိလာတယ်၊ အဲဒီလို ထူးခြာတဲ့ဓမ္မ အသိတွေ ဖြစ်လာပြီ ဆိုလို့ရှိရင် တရားအသိ မရှိတုန်းက တစ်မျိုး၊ တရားအသိ ရှိပြီးတဲ့အ
ချိန်က တစ်မျိုးဆိုပြီး ပြောင်းလဲလာတယ်။ အချိုးအစားက ဒီအတိုင်းပဲဆိုရင် တရားမရသေးဘူးလို့ မှတ်ရမှာပဲ။ အချိုးအစားတွေ ပြောင်းသွားပြီ၊ သိမ်မွေ့လာတယ်၊ နူးညံ့လာတယ်၊ အပြောအဆိုတွေကလည်း အင်မတန် ယဉ်ကျေးလာတယ်။


၇။ နိဗ္ဗာနာယ။ ။ နိဗ္ဗာန်ကို လက်ရှိတွေ့သွားတဲ့ အနေအထားမျိုး ရှိရမယ်။ ဒါ အဆင့်အလွန်မြင့်သွားပြီပေါ့။ ဘုရားတရားတော် ဆောင်ကြဉ်းသွားတာက သံသရာဝဋ်ဒုက္ခ သင်္ခါရတရားတွေကို ငြီးငွေ့လာတဲ့သဘော ရှိရမယ်။ ဒီတရား ကျင့်လိုက်တဲ့အခါ ခါတိုင်းလိုကာမဂုဏ် အာရုံတွေနဲ့ မပျော်တော့ဘူး။ တရားကိုသိရင် အခြေအနေက ပြောင်းလဲသွားတယ်။ အရင်တုန်းက ပွဲကြိုက်တယ၊် အခု ပွဲမကြိုက်တော့ဘူး။ 


အရင်တုန်းက အရပ်ထဲမှာ ကျယ်ကျယ်လောင်လောင် ပြောတယ်၊ ကြမ်းကြမ်းတမ်းတမ်း ပြောတယ်၊
အခု အဲဒီလို မပြောတော့ဘူး။ အရင်တုန်းက သံယောဇဉ်တွေ သိပ်ကြီးတယ်၊ အခုတော့ သိပ်မထားတော့ဘူး။ အဲဒီလို ကွဲပြားခြားနားမှုတွေ ရှိလာလို့ရှိရင် ဗုဒ္ဓမြတ်စွာကတကယ့်တရားစစ်လို့ ဟောကြားထားပါတယ်။


ဒါကြောင့်မို့ တရားဓမ္မ လေ့လာ ကျင့်ကြံ အားထုတ် နေကြသော ဓမ္မမိတ်ဆွေတို့ကလည်းဗုဒ္ဓဘာသာဝင်တို့ရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်သို့ ရရောက်နိုင်ရန်မှာ မြတ်စွာဘုရားဟောကြားထားသော တရားဓမ္မများသာ ဖြစ်ပါတယ်လို့ နားလည်သဘောပေါက်ကြပြီးဓမ္မမှတ်ကျောက်ကို ကိုယ်စီဆောင်ကာ ကျင့်ကြံနိုင်ကြလျက် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီ ကိုယ်ငှမျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။


{သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌၊
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဓမ္မမှတ်ကျောက် တရားတော်ကို
ကိုးကား ရေးသားပူဇော်ပါသည်။ }


(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။


http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

------------------------------------------------------------

“ ကြိုးစားကြပါစို့ ”
===========
လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့
များစွာကျိုးရ၊ ချမ်းသာလှသည့်
ဗုဒ္ဓမြတ်စွာ၊ သာသနာသည်
ရှည်ကြာတည်တံ့၊ ရှည်ခိုင်ခံ့၍
ပျံ့နှံ့တိုးပွား၊ ကျင့်သူများလျက်
ရငြားချမ်းသာ၊ ချမ်းမြေ့သာအောင်
ညီညာတို့များ၊ တာဝန်ထား
ကြိုးစားကြပါစို့ (လား)။ ။
(ချမ်းမြေ့ဆရာတော်)

No comments:

Post a Comment