ကံကြွေးဆပ်မှ
အကျိုးပေးလာမယ့် ကံတွေရှိနေတယ်ဆိုရင် တစ်ချိန်ချိန်မှာ ပြန်ဆပ်ရမယ့်
အကြွေးတွေယူထားနှင့် တူပါတယ်။ ယူထားတဲ့ ကံကြွေးတွေ အကုန်လုံးရှင်းပြတ်
အကြွေးဆပ်နိုင်ပါမှ ဘဝသစ်ဘဝဟောင်း ပေါင်းလာမယ့်ကံတွေ အကုန်လုံး
ဖြတ်တောက်နိုင်ပါမှ နိဗ္ဗာန်ရောက်မှာပါ။
ကံတွေကို ချဲ့ထွင်ပေးနေတဲ့ အဝိဇ္ဇာနှင့်တဏှာ ခေါင်းမထောင်နိုင် ပြန်မပေါ်နိုင်အောင် ကံတွေ အကျိုးပေးခွင့်မရှိအောင် ကျင့်ကြံနိုင်မှ နိဗ္ဗာန်ရောက်ကြမှာပါ။
သောတာပန်ဖြစ်လည်း ခုနှစ်ဘဝကျန်သေးတယ်ဆိုရင် နိဗ္ဗာန်မရောက်သေးပါဘူး။ ကံကြွေးတွေ ဆပ်ရပါဦးမယ်။
သာမာန်ပုထုဇဉ်တွေဆိုရင်ဖြင့် ပြောမနေနှင့်တော့ ဘယ်နှစ်ဘဝ ကျန်သေးတယ်ဆိုတာ မတွက်နိုင် မပြောနိုင် မသိနိုင်ကြပါဘူး။
ဆပ်ရမယ့် ကံကြွေးတွေ မကြေမချင်း ကြွေးစာရင်းတွေ မပြတ်မချင်း သံသရာဆင်းရဲ ဘဝဆင်းရဲတွေကို ရင်ဆိုင်ကြရဦးမှာပါ။
ရှေးက ကံဟောင်းတွေကြောင့်လည်း ဘဝပေါင်းများစွာ အကျိုးပေးတွေလာဦးမယ်။ အခု အသစ်ပြုနေတဲ့ ကံတွေကြောင့်လည်း အကျိုးပေးတွေ ထပ်တိုးလာဦးမယ်။ ပေါင်းလိုက်တော့ မနည်းမနော မကုန်နိုင်ဘူးလို့ ထင်ရတဲ့ ကံကြွေးတွေ အသေအချာ ရှိနေကြပါတယ်။
ဘယ်အချိန်ကျရင် အကြွေးပြတ်ရှင်းလဲဆိုတော့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ပေါ်လာမှ ရှင်းနိုင်ပါလိမ့်မယ်။
အဲဒီတော့ အရေးကြီးတာက နိဗ္ဗာန်ရဖို့ဆိုတဲ့ နေရာမှာ ကံကြွေးပြတ်အောင်လုပ်မှ ဖြစ်ပါမယ်။ကံကြွေးကြေမှ နိဗ္ဗာန်ဝင်နိုင်ကြပါလိမ့်မယ်။
တရားအလုပ် အားထုတ်တာဟာ ကံကြွေးတွေကို ရှင်းဖြတ်နေတဲ့အလုပ် ဖြစ်ပါတယ်။
ဥာဏ်နှင့်အကြွေးဆပ်
----------------------
ဘဝအမျိုးမှာ ပုံသဏ္ဍာန်အမျိုးနှင့်
ကောင်းလိုက် မကောင်းလိုက်
ဖန်တီးတတ်တဲ့ကံ။
ကောင်းတစ်ခါ ဆိုးတစ်လှည့်
ဆိုးတစ်ခါ ကောင်းတစ်လှည့်ဆိုပြီး
ရှုပ်ထွေးပွေလီနေတဲ့
ကံတွေကို ရှင်းပေးမှာက
မဂ်ဥာဏ်သာဖြစ်ပါတယ်။
မဂ်ဥာဏ်ကသာ ဒုက္ခမျိုးစုံ
ပြဿနာပေါင်းစုံတွေရှုပ်ထွေးလိမ်ပတ်နေတဲ့
ဒီဘဝ ဒုက္ခတွေအမျိုးမျိုးအဖုံဖုံနှင့်
ခလောက်ဆန်လှည့်လည်နေရတဲ့
ဒီသံသရာကထုတ်ဆောင်ကယ်တင်နိုင်ပါတယ်။
သံသရာဒုက္ခ အလည်အပတ်
ဘယ်ကျတော့ ရပ်မှာလဲဆိုရင်
မဂ်ဥာဏ်ပေါ်မှရပ်သွားပါလိမ့်မယ်။
မဂ်ဥာဏ်ပေါ်အောင်လို့
ဝိပဿနာဥာဏ် အခြေခံကာ
ကျင့်ကြံပွားများအားထုတ်ရမယ်လို့
သဘောပေါက်ပြီးကျင့်ကြံနိုင်ကြသဖြင့်
ကြိုးစားအားထုတ်နိုင်ကြသဖြင့်
ဒုက္ခငြိမ်းရာအမှန်မြတ်နိဗ္ဗာန်ကို
လျင်မြန်စွာ လွယ်ကူစွာနှင့်ရနိုင်ရောက်နိုင်
မျက်မှောက်ပြုနိုင်ကြပါစေကုန် သတည်းလို့ ဆုတောင်းရင်းနှင့်
တရားနိဂုံးချုပ်ကြပါစို့။
ဓမ္မဒူတ-ဒေါက်တာအရှင်ပညိဿရ

No comments:
Post a Comment