Pages

Tuesday, March 11, 2014

**** လုပ်ငန်းအောင်မြင်ပြီး ကြီးပွားချမ်းသာကြောင်းတရားများ။ ****


       လူတိုင်းလူတိုင်းသည် လူ့လောကအလယ်တွင် တင့်တင့်တယ်တယ် ပြည့်ပြည့်စုံစုံနှင့်နေချင်ကြ၏။ ထိုသို့နေနိုင်ဖို့ရန် စီးပွားဥစ္စာ ရှာဖွေမှုကို ပြုကြရသည်ချည်း ဖြစ်ပါ၏။


 လူသားများအနေဖြင့် အသွေးအသားခန္ဓာရုပ်ကြီး ရှင်သန်တည်မြဲနေသေးသမျှ စားဝတ်နေရေး ဟူသော စာလုံးသည် စီးပွားရေးပင်စည်ကြီးအပေါ် အမှီပြုလျက် ရှိပါ၏။ 

စီးပွားရေးပင်စည်ကြီးကြံ့ခိုင်ဖွံ့ဖြိုးလျှင် အရေးသုံးပါးတွင် လူတစ်လုံးသူတစ်လုံးဖြစ်မည်။ စီးပွားရေးပင်စည်ကြီး ညှိုးရော်ခြောက်သွေ့လျှင် အရေးသုံးပါးတွင် ဆင်းရဲနုံချာပါမည်။ လူလုံးမလှ ဖြစ်ပါမည်။


         ရုပ်ဝါဒီအချို့က ဘာသာတရားသည် ဘိန်းနှင့်တူသည်ဟု ဆိုကြ၏။ ဘိန်းစွဲသွားသောသူသည် ကြီးပွားချမ်းသာရေးလမ်း ပိတ်သကဲ့သို့ ဘာသာရေးလိုက်စားသူများသည် ကြီးပွား
ချမ်းသာရေးလမ်းကို ပိတ်ဆို့စေသည်ဟု စွတ်စွဲပြောဆို ရေးသားကြ၏။ ဤသို့ပြောဆိုရေးသားခြင်းသည်ဗုဒ္ဓ၏ဓမ္မဒေသနာများကို

 သေချာမလေ့လာမိသောကြောင့် ဖြစ်ပါ၏။

         ဗုဒ္ဓသည် အနုအရင့်မခွဲဘဲ တွေ့သမျှလူတိုင်းကို အနိစ္စ၊ ဒုက္ခ၊ အနတ္တချည်း ဟောကြားနေသည် မဟုတ်ပေ။ နုလျှင် နုသောတရား၊ ရင့်လျှင် ရင့်သောတရားကို “ အာသယာနုသယဉာဏ် ” ဖြင့်ကြည့်ကာ ခွဲခြား ဟောကြားပေးလေ့ရှိပါ၏။ ကြီးပွားချမ်းသာကြောင်း သမ္ပဒါတရားလေးပါးကို ဗုဒ္ဓသည် အင်္ဂုတ္တိုရ်ပါဠိတော် “ အဌကနိပါတ်၊ ဒီဃဇာဏုသုတ် ” ၌ ဟောကြားတော်မူခဲ့ပါ၏။
         တစ်နေ့တွင်ဒီဃဇာဏုအမည်တွင်သော ကောလိယမင်းသားသည် ဘုရားရှင်ကို ရှိခိုးပြီး ယခုလိုလျှောက်ထား၏။ “ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ တပည့်တော်သည်
အာရုံငါးပါး ကာမဂုဏ်တရားကို ခံစားကြသော လူတို့ဖြစ်ခြင်းကြောင့် သားမယားတို့ဖြင့်ကျဉ်းမြှောင်းသောအိပ်စက်ရာနေရာတို့၌

 နေကြရပါကုန်၏။ ကာသိတိုင်း၌ဖြစ်သော  စန္ဒကူးနံ့သာ တို့ကို သုံစွဲနေကြပါကုန်၏။ ပန်းနံ့သာတို့ကိုလည်း ပန်ဆင်သုတ်လိမ်း နေကြပါကုန်၏။

 ရွှေငွေပစ္စည်းဥစ္စာ ရတနာတို့ကိုလည်း သာယာကိုင်တွယ် နေကြပါကုန်၏။ ထို့ကြောင့် ပစ္စုပ္ပန်၌လည်း ကြီးပွားချမ်းသာ၊ တမလွန်၌လည်း ကြီးပွားချမ်းသာကြောင်းကို ဟောကြားတော်မူပါဘုရား။”

         ထိုသို့ လျှောက်ထားလာသူကို ဗုဒ္ဓက သူအလိုရှိသည့်အတိုင်း ကြီးပွားချမ်းသာကြောင်း
တရားကို ဟောကြားတော် မူပါ၏။ ကြီးပွားချမ်းသာကြောင်းမှာ===
 

၁။ ဥဌာနသမ္ပဒါ    =ထကြွလုံလ ၀ီရိယဖြင့် ဥစ္စာစည်းစိမ်ကို ရှာဖွေရမည်။ အကျယ်အားဖြင့်
   

က။ မိမိ၏ စီးပွားရေးလုပ်ငန်း၌ ကျွမ်းကျင်လိမ္မာခြင်း။
   

ခ။ မပျင်းမရိ ထကြွလုံလ၀ီရိယရှိခြင်း။
  

 ဂ။ လုပ်ငန်း၌ စူးစမ်းဆင်ခြင်နိုင်သော ဉာဏ်ပညာရှိခြင်း။
  

ဃ။ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခြင်း။
  

 င။ ဦးစီးဦးဆောင်ပြု၍ စီမံညွှန်ကြားနိုင်ခြင်း။
 

၂။ အာရက္ခသမ္ပဒါ =မကုန်သင့်တာ မကုန်အောင် ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပြည့်စုံရမည်။
 

၃။ ကလျာဏမိတ္တသမ္ပဒါ=မိတ်ဆွေကောင်း ရှိရမည်။
 

၎။ သမဇီဝတသမ္ပဒါ=အ၀င်အထွက် မျှတအောင် သုံးစွဲတတ်ရမည်။ တို့ဖြစ်ပါ၏။

         ဥဌာနသမ္ပဒါနှင့် ဆက်စပ်၍ လုပ်ငန်းအောင်မြင်လိုသူတိုင်း ကျင့်သုံရမည့် ဘာဝနာ လေးချက်ရှိ၏။
ထိုလေးချက်မှာ==
 

၁။ စိရကာလဘာဝနာ    = ကြာမြင့်စွာ ပြုလုပ်ခြင်း။
 

၂။ နိရန္တ ဘာဝနာ         = မပြတ် ပြုလုပ်ခြင်း။
 

၃။ နိရ၀သေသဘာဝနာ = အစွမ်းကုန် ပြုလုပ်ခြင်း။
 

၎။ သက္ကစ္စ ဘာဝနာ      = လုပ်ငန်းအပေါ် လေးစားစွာ ပြုလုပ်ခြင်းတို့ပင် ဖြစ်ပါ၏။ 

ဤအချက်တို့ဖြင့်အညီ ကြိုးစားပါက အောင်မြင်ကြီးပွားကြောင်း ဗုဒ္ဓက ဟောကြားထားပါတယ်။

 {ဒက္ခိဏာရုံဆရာတော်ကြီး၏ ကြီးပွားချမ်းသာလိုသော်နှင့် မေတ္တာရှင်( ရွှေပြည်သာ)၏
   မေတ္တာဖြင့် စီးပွားရှာခြင်းကို ကိုးကားရေးသားပူဇော်ပါသည်။ }


     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


 “ဆုတောင်းပတ္တနာ”


ဓမ္မဒါန၊ ဤပုညကြောင့်၊


ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊


ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊


အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊


လျင်စွာရစေ၊ တောင်းဆုခြွေသည်၊


မသွေပြည့်ဝပါစေသော်။ ။


                                      ဦးသိန်းဝေ။

       
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment