Pages
▼
"သောတာပန်ဖြစ်မှန်း ကိုယ့်ဘာသာကိုယ်သိနိုင်သလား"
★ သောတာပန်ဖြစ်မှန်း တန်ခိုးအဘိညာဉ်ရှိသောပုဂ္ဂိုလ်များ
သိနိုင်ပါသည်။ အဘိညာဉ်တန်ခိုးမရှိလျှင် မသိနိုင်ပါ။
ဗဟုသုတရှိဖူးသူများမှာ ထင်ရုံသာ ထင်နိုင်သည်။ ထင်သည့်အတိုင်းဟုတ်မဟုတ်ကို စမ်းသပ်ကြည့်ရပါသေး၏။
ဥပမာမှာ သိကြားမင်းသည် မြတ်စွာဘုရားထံ တရားနာရင်းသောတာပန်ဖြစ်၊
သောတာပန်ဖြစ်ပြီးတစ်ထိုင်တည်းနှင့်ပင်
ဆက်လက်တရားနာရင်းစုတိစိတ်ကျပြီးပြီးချင်း မူလအတိုင်းပင်
သိကြားမင်းပြန်၍ဖြစ်၊ သိကြားမင်းပြန်၍ဖြစ်သော်လည်း တရားနာ၍ပင် ဖြစ်ရှိ၍နေ၏။
ဤအကြောင်းကို သိကြားမင်းသည် သူ့ဘာသာသူသိ၍
မြတ်စွာဘုရားအားပြန်၍လျှောက်ထား၏။
★ အဘိညာဉ်တန်ခိုးမရှိသောသူများကားမသိနိုင်ကြ။
မသိနိုင်၍လည်းမြတ်စွာဘုရားလက်ထက်တော်အခါက
အချို့သောသောတာပန်ရဟန်းတော်များသည် မိမိကိုယ်ကိုမိမိသောတာပန်ဖြစ်ကြောင်း
အဘယ်သို့သောနည်းဖြင့်သိရပါမည်နည်းဘုရားဟု
လျှောက်ထားသောအခါ
မြတ်စွာဘုရားက သောတာပန်တို့မည်သည်
ဘုရား၌ကောင်းစွာသက်ဝင်ကြည်ညိုယုံကြည်ခြင်း၊
တရား၌ကောင်းစွာသက်ဝင်ကြည်ညိုယုံကြည်ခြင်း၊
သံဃာ၌ကောင်းစွာသက်ဝင်ကြည်ညိုယုံကြည်ခြင်း၊ သမာဓိကိုဖြစ်စွမ်းစေနိုင်သော
အရိယာကန္တသီလနှင့်ပြည့်စုံခြင်းတို့ဖြင့်ပြည့်စုံလျှင်
သောတာပန်ဖြစ်ကြောင်းသိရမည်ဟု မိန့်မြွက်တော်မူ၏။ သုတ္တန်ဒေသနာတော်တွင်ဤသို့လျှောက်ထားသော ၀တ္ထု ၄၊၅၊၆ ခုပါရှိ၏။
★ မှတ်ချက်။ ။ ဘုရား၌ကောင်းစွာသက်ဝင်ကြည်ညိုယုံကြည်ခြင်းဆိုရာ၌
ဝက္ကလိမထေရ်လိုအနားကမခွာနိုင်အောင် ကြည်ညို၍နေတာမျိုးကိုဆိုလိုတာမဟုတ်၊
ဘုရား၏ဂုဏ်
ကျေးဇူးတော်တွေကို ကြည်ညိုယုံကြည်ခြင်းကိုသာဆိုလိုသည်။
★ ၄င်းအပြင်မသိဘူးဆိုရာ၌ သောတာပန်အမည်ကိုမပြောတတ်ခြင်း
ကိုသာဆိုလိုသည်။
သောတာပန်မဖြစ်မှီတွေ့
တဲ့ဝိပဿနာနှင့် ဖြစ်ပြီးမှရုပ်နာမ်ချုပ်သွားပုံကိုတော့
ကိုယ်တွေ့မို့လို့သိပါ၏။ သိရပေမဲ့ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ် သောတာပန် စသည်တို့ကို မပြောပြတတ်ပါ။
★ ဥပမာ တောက ကလေးတစ်ယောက်ကိုချောကလတ်ကျွေးသောအခါ
အရသာကိုကောင်းမှန်းသိပေမဲ့ ချောကလက်ဆိုတဲ့အမည်ကို မပြောတတ်သလိုပါပဲ။
လယ်တီဆရာတော်ဘုရားကြီးကလည်း ကိလေသာ အနုသယကလွန်စွာ နှုးညံ့လှသောကြောင့်
သောတာပန်ဖြစ်သောအခါ
ဖြစ်မှန်းကိုလူတိုင်းမသိနိုင်ဟုမိန့်ဆိုထားချက်ရှိပါသည်။
(၀ိပဿနာပါရဂူကျမ်းတော်ကြီး လေးစောင်တွဲ)
(Credit to ဓမ္မစာပေများ)
ဒီနေရာမှပြန်လည်ကူးယူမျှဝေခြင်းဖြစ်ပါသည်။
No comments:
Post a Comment