ကံမကုန်ရင် နိဗ္ဗာန်နှင့်ဝေး
---------------------------
ကံတွေမကုန်သေးဘူးဆိုရင် နိဗ္ဗာန်နှင့်အဝေးကြီးကို ဝေးပါသေးတယ်။ သံသရာရဲ့အဆုံးမှာ နိဗ္ဗာန်ရှိပါတယ်။ သံသရာကြီးကို အဆုံးသတ်ပေးမှာ နိဗ္ဗာန်ပါ။
သံသရာမလည်ဘူးဆိုတာနှင့် တစ်ပြိုက်နက် နိဗ္ဗာန်ရောက်ပါပြီ။ ဒီနေ့ သံသရာကို ဖြတ်နိုင်ရင် ဒီနေ့ နိဗ္ဗာန်ကို ရောက်သွားပါမယ်။ ဒီနေရာမှာ သံသရာစက်အလည်ရပ်အောင် လုပ်နိုင်ရင် ဒီနေရာမှာပဲ နိဗ္ဗာန်ရောက်ပါတယ်။
နိဗ္ဗာန်က အဝေးကြီးမှာရှိနေတာ မဟုတ်ဘူး။ နိဗ္ဗာန်နှင့် ဝေးနေအောင် ဘယ်သူလုပ်သလဲဆိုရင် ကိုယ့်ရဲ့ကံတွေကပါ။ နိဗ္ဗာန်နှင့်ဝေးအောင် ဘယ်သူက ဖန်တီးတာလဲဆိုရင် သံသရာလည်အောင် ဖန်တီးနေတဲ့သူ ကိုယ်တိုင်ကပါ။
နိဗ္ဗာန်လိုချင်သူနှင့် နိဗ္ဗာန်ကို မနီးစပ်အောင် ကြားခံနေတာက သံသရာပါ။ သံသရာခရီး အရှည်ကြီးဆိုရင် နိဗ္ဗာန်ခရီးကို အဝေးကြီး သွားရပါမယ်။ သံသရာခရီး မဝေးတော့ဘူး။ ကျင်လည်ရမယ့် သံသရာဘဝတွေ နည်းသွားပြီဆိုရင် နိဗ္ဗာန်နှင့်နီးပါတယ်။
ဒီတော့ နိဗ္ဗာန်ရောက်အောင် အားထုတ်တယ်ဆိုတာ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် သံသရာလည်မယ့် ကံတွေကို ကုန်အောင်လုပ်နေတာပါ။ သံသရာလည်မယ့် ကံတွေကို ပြတ်အောင်လုပ်နေတာပါ။
ကံတွေကို ထပ်အားမဖြည့်တော့ဘူး။ ထပ်ပေါင်းပြီး မဖြည့်တော့ဘူးဆိုရင် တဖြည်းဖြည်းနှင့် သံသရာခရီးတိုသွားပါမယ်။ သံသရာခရီး တိုတိုသွားတာနှင့်အမျှ နိဗ္ဗာန်နှင့်လည်း နီးနီးပြီးသွားပါတယ်။
ဓမ္မဒူတ-ဒေါက်တာအရှင်ပညိဿ ရ
—

No comments:
Post a Comment