Pages

Saturday, March 22, 2014

****** ဘ၀ချမ်းသာဆိုတာ ရှိရဲ့လား ******

   

 ******   ဘ၀ချမ်းသာဆိုတာ ရှိရဲ့လား   ******
ဘ၀နဲ့ ဒုက္ခဟာ ဒွန်တွဲပြီးပေါ်လာတာပါ...။ ဘာကြောင့်လည်းဆိုတော့ လူတွေဟာ စားရန်အတွက် အသက်ရှင်နေရခြင်း မဟုတ်ဘဲ ၊ အသက်ရှင်ရန်အတွက် စားနေရလို့ပါ...။



ဘ၀တစ်ခုဖြစ်လာရင် ဒုက္ခဆိုတာ ရှိလာစမြဲမို့ သဘောအရတော့ ဘ၀မှာ ချမ်းသာမရှိဘဲ ဒုက္ခချည်းပဲသာ ဖြစ်တော့တယ်...။ ဒါဟာ လောကုတ္တရာ အမြင်လို့ စာေ၇းသူက ယူဆပါတယ်...။

လောကီအမြင်မှာတော့ ဘ၀ချမ်းသာတယ်...။ ဘ၀စည်းစိမ်တွေလည်း အများကြီးရှိတယ်...။
ဒါကြောင့် လောကီ အမြင်အရဘ၀ကို အရမ်းခင်တွယ်နေကြတာပေါ့ ...။

ဘယ်သူ ဘယ်သတ္တ၀ါမှ ကိုယ့်ဘ၀ကို လွယ်လွယ်နဲ့ အရှုံးမပေးချင်ကြပါဘူး...။ အဆုံးမသတ်ချင်ကြပါဘူး..။ ဘ၀ မကူးချင်ကြပါဘူး..။ ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ ၊ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် ကိုယ့်ဘ၀လေးကိုတော့ ကိုယ် ခင်တွယ်တာပါပဲ...။

ဘ၀ဆိုတာ ဒုက္ခချည်းသက်သက်ပဲဆိုရင်  ဘယ်သူမှ လူ့ဘ၀ကို လိုချင်ကြမှာလည်း မဟုတ်ပါဘူး..။ ကြာကြာနေချင်ကြမှာလည်း မဟုတ်ပါဘူး..။

ဘ၀မှာ ချမ်းသာလေးတွေ ၊ မက်မောစရာလေးတွေ ၊ မြတ်နိုးစရာတွေ ၊ တွယ်တာစရာလေးတွေရှိလို့သာ မက်မောကြတာပါ...။ ဘ၀ချမ်းသာကို လိုချင်တောင့်တကြတာပါ...။

ဘ၀ချမ်းသာကို ခွဲစိတ်လိုက်ပြန်တော့ ......

ဥစ္စာဓန ချမ်းသာတာ တစ်ခုတည်းနဲ့လည်း ဘ၀ မချမ်းသာဘူး..။

ကိုယ်ခန္ဓာ ကျန်းမာသာ တစ်ခုတည်းနဲ့လည်း ဘ၀ ချမ်းသာတာ မဟုတ်ပါဘူး...။

ဥစ္စာဓနရော ၊ ကိုယ်ရော ၊ စိတ်ရော ၊ ပြီးပြန်တော့ ဒါတွေနဲ့ ပတ်သက်လာခဲ့တဲ့ အခြေခံ အကြောင်းအရာတွေပါ ချမ်းသာလာမှ ဘ၀ချမ်းသာ အစစ်ပါ...။

အချို့က ဥစ္စာဓန ချမ်းသာပြီး ဘ၀ချမ်းသာ  တော့မရကြပါဘူး..။

အချို့က ပညာတွေ ၊ ဒီဂရီတွေ တသီကြီး ရထားပြီး ဘ၀ချမ်းသာ မရဘူး ...။

အချို့က ဆွေ ဂုဏ် ၊ မျိုးဂုဏ်တွေ နဲ့  အပေါင်းအသင်းတောင့်တင်းသော်လည်း ဘ၀ချမ်းသာ မရရှာပါဘူး ...။

အချို့က ကျန်းမာရေး ကောင်းလှသော်လည်း ဘ၀ချမ်းသာ မရကြပြန်ဘူး ...။

အချို့ကတော့ စာရိတ္တကောင်းတယ် ၊ ကြိုးလည်း ကြိုးစားတယ်..။ ဒါပေမယ့် ဘ၀ချမ်းသာ မခံစားရဘဲ အနည်းအကျဉ်းလေးသာ ခံစားရပြီး ဘ၀က ပင်ပန်းလှလွန်းကြပါတယ်...။

အဲသည်တော့ .....

ဘ၀ချမ်းသာဆိုတာ ရအောင် ဘာတွေများ လိုနေသလဲ...။ ငွေချမ်းသာ နဲ့ ဘ၀ချမ်းသာ ကိုပေတံတစ်ခုတည်းနဲ့ မဟုတ်ဘဲ အခြားစံတွေနဲ့ပါ ဘယ်လို တိုင်းတာရှာဖွေမလဲ...?။

**  ၁။ သိ ၊
    ၂။  ကြံ ၊
    ၃။ ပြော ၊
    ၄။  ပြု   ၊
    ၅။သက်မွေး ၊
   ၆။  အားထုတ် ၊
   ၇။  အောက်မေ့ ၊
    ၈။  တည်ကြည် ၊ **  ဆိုတဲ့ အချက်ရှစ်ချက် နဲ့ ဘ၀ချမ်းသာအတွက် အဓိက ပင်စည်ပါပဲ....။

အဲသည်ပင်စည်ကြီး ခိုင်ရင် တိုးတတ်မှု အကိုင်းအခတ်တွေ ဝေဆာပြီး စည်ပင်မှု သစ်ရွက်တွေ ၊ အောင်မြင်မှုပန်းပွင့်တွေ ပွင့်လာမှာ မလွဲပါပေ...။

ခက်တာက အဲသည်အချက် ( ၈ ) ချက်ကို လူတွေက သတိထား နည်းကြတယ်... ။
သိလျက်နဲ့ မသိလို့ မလုပ်သူတွေ အများကြီးပါပဲ..။

အချို့ကတော့ ဘ၀ပေးအခြေအနေအရ မလုပ်နိုင်ကြပြန်ဘူး...။ သိလာတဲ့အချိန်မှာလည်း လုပ် ချင်လျက်နဲ့ မလုပ်နိုင်တာ ၀မ်းနည်း စရာပါပဲ...။ ခက်သလားမေးရင် လွယ်မယောင်နဲ့ ခက် ၊ တိမ်မယောင်နဲ့ နက်တယ်...။

သည်လိုဆိုပြန်တော့ မဖြစ်နိုင်ဘူးလား ၊ လူတွေ မလုပ်နိုင်ကြဘူးလားလို့ မေးစရာရှိပါတယ်...။

ဖြစ်ပါတယ်။ လုပ်နိုင်ကြပါတယ် ၊ ဖြစ်သူ လုပ်သူတွေလည်း အများကြီးပါ..။ ဒါကြောင့်လည်း အချို့လူတွေဟာ အများတကာထက်ပိုပြီး ဘ၀ချမ်းသာတွေ ရကြတာပေါ့ ...။

၁။ သိ
၂။ ကြံ
၃။ ပြော
၎။ ပြု
၅။ သက်မွေး
၆။ အားထုတ်
၇။ အောက်မေ့
၈။ တည်ကြည်  ဆိုတာ လူအများသိထားကြပြီးတဲ့  မဂ္ဂင် ( ၈ ) ပါးတရားပါ..။ ဘုန်းကြီးတွေ ဟောတာလည်း အကြိမ်ကြိမ်ကြားဖူးမှာပါပဲ..။ လူကြီး မိဘ ဆရာသမားတွေ ပြောနေကြ၊ ဆုံမနေကြတာတွေလည်း ကြားဖူးမှာပါ..။ တရားစာအုပ်တွေ တိုးတက်ရေး စာအုပ်တွေမှာလည်း ဖတ်ဖူး ၊ မှတ်ဖူး ၊ များလည်း အကြိမ်ကြိမ်ပါပဲ...။

ဒါပေမယ့် ဘာဖြစ်လို့ အချို့လူများဟာ ဒါကိုပေါ့ပေါ့ဆဆ ထားကြသလဲ။ ပေါ့ပေါ့ဆဆ မထားတောင်မှ ဘာဖြစ်လို့ လေးလေးနက်နက် နှလုံးသွင်းပြီး မလုပ်နိုင်ကြသလဲ...။ စာရေးသူရဲ့ အမြင်က ဒီလိုရှိပါသည်..။ ထိပ်ဆုံးက နံပါတ် တစ်ဖြစ်နေတဲ့ အချက်က ခက်နေလွန်းလို့ လို့ ယူဆပါတယ်..။
တစ်က ** သိ  ** ဆိုတဲ့ ဝေါဟာရ ။ ** သိ ** ဆိုတာ သမ္မာဒိဌိဆိုတဲ့ ကောင်းစွာ သိမြင်ခြင်းတဲ့ ...။

ကောင်းစွာ သိမြင်ခြင်း ဆိုတဲ့ ကိစ္စက လွယ်တာမှ မဟုတ်တာ..။ ကောင်းစွာသိမြင် ဖို့ဆိုတာက အတော့ကို ကြိုးစားယူမှ ရတာပါ..။ အလိုလို ဘယ်သိမှာလဲ ..။

အသိဟာ အရွယ်နဲ့လည်း ဆိုင်တယ်...။

အတွေ့အကြုံနဲ့ ပညာနဲ့လည်း ဆိုင်တယ်...။

ဖြတ်သန်းရတဲ့ ဘ၀နဲ့လည်း သက်ဆိုင်တယ်...။

ပတ်ဝန်းကျင်နဲ့လည်း ဆိုင်ပြန်တယ်...။

အရာရာ သိဖို့လည်း ဘယ်လွယ်မှာလဲ..။ လောကမှာ ကိုယ်သိတာနဲ့ မသိတာတွေ ခွဲခြားကြည့်ရင် မသိတာတွေက များပါတယ်..။

ကောင်းစွာသိမြင်ခြင်း နည်းနည်းရလာရင် ဘ၀ချမ်းသာဟာ နည်းနည်းရလာတာပါပဲ..။

များများရလာရင်တော့ ဘ၀ချမ်းသာ များများရလာတော့တယ်...။

အဲသည် တစ် ဖြစ်တဲ့ ကောင်းစွာသိမြင်ခြင်း လွဲခဲ့ရင် ကျန်တာတွေလည်း လွဲကုန်ပြီ..။ နှစ်ဖြစ်တဲ့ သမ္မာသင်္ကပ္ပ ကောင်းစွာကြံခြင်းလည်း လွဲ ၊ ပြော ၊ ပြု ၊ သက်မွေး ၊ အားလုံးလွဲကုန်တော့တာပါပဲ...။ ဒါကြောင့် တစ် က ခက်နေတော့ နှစ် ၊ သုံး ၊ လေး ၊ ငါး ၊ ခြောက် ၊ ခုနှစ် ၊ ရှစ် တွေ လုံးပမ်းမှုမှာ အားမရကြဘူးပေါ့ ...။

ဒါကြောင့် ......

စိတ် တစ်လုံး အခက်ဆုံး

သတိတစ်လုံး အခက်ဆုံး

အသိတစ်လုံး  အခက်ဆုံးလို့ ရှေးလူကြီးသူမတွေ ဆိုခဲ့ပြောခဲ့ ကြတာပါ...။

အသိဟာ ထိပ်ဆုံးဖြစ်တယ်..။ ထိပ်ဆုံးဖြစ်တဲ့ အသိတွေ မှန်မှသာ ကျန်တာတွေ မှန်ကန်လာလိမ့်မယ်..။
အသိက စလွဲနေရင် ဘယ်မှာ ကျန်တာတွေ မှန်တော့မလဲ...။

**  ချစ်သား ရဟန်း တို့ .... အသိ အယူမှားသူ တစ်ယောက်ဖြစ်ပေါ်လာသည်ရှိသော် လူအများ အကျိုးမဲ့ခြင်း ၊ ဆင်းရဲခြင်းငှာ ဖြစ်၏ *** လို့ မြတ်စွာဘုရားက ဟောကြားခဲ့ပါသည်...။( အင်္ဂုတ္တိုရ်ဧကကနိပါတ်) မှာပါ ပါသည်...။

အသိမှားတော့  အကုန်မှား...။

အယူမှားတော့ သည်ဘ၀ရော သံသရာပါ မှားရော..။

လမ်းမသိရင် ခရီးအမှားကို လျှောက်ရသလိုပေါ့ ...။

လမ်းမှားလျှောက်ရင် လိုရာပန်းတိုင် မရောက်တော့ဘူး..။

ကန်သင်းခလုတ်တွေ မရှောင်တိမ်းနိုင်တဲ့ အသိဟာ ခလုတ်အကြိမ်ကြိမ် တိုက်မှာပါပဲ...။

သဝေထိုးချင်ရာ ထိုးပြီး လျှောက်ချင်ရာ လျှောက် ၊ ရောက်ချင်ရာ ရောက်ပြီး ဘာမှ မတိုးတတ်နိုင်တော့ပါဘူး...။သည်တော့ လမ်းလျှောက်ရင်တောင် လမ်းကိုသိကြရမယ်လေ..။ လမ်းကြောင်းကို သိတဲ့ အသိပေါ့ ..။ ဘ၀နဲ့ပတ်သက်လို့တော့ ပိုပြီး အသိရှိရတော့မှာ မဟုတ်ပါဘူး..။

ဘ၀ရဲ့ မွန်မြတ်တဲ့ အသိတရားဆိုတာက ကြောင်းကျိုး ဆက်နွယ် ဆင်ခြင်နိုင်တဲ့ သဘောတရားပါ..။အဲသည် သဘောတရား ရတာကလည်း ဘ၀သခင်ဖြစ်တဲ့ အတွေ့အကြုံပါ..။ပညာသိ သိအောင် အတွေ့အကြုံ များစွာ လိုလှပါတယ်...။ အတွေ့အကြုံများလာရင် သဘောတရားတွေကို သိမြင်လာမှာပါပဲ....။

သဘောတရားနဲ့ တရားသဘောကို ရောထွေးပြီး  မမြင်လိုက်ကြပါနဲ့နော်...။ သဘောတရား ဆိုတာက သဘောတွေရဲ့ နောက်မှာ တရားက လိုက်လာခဲ့တာ ဖြစ်ပါတယ်..။ တရားသဘောကတော့ တရားရဲ့နောက်မှာ သဘောက လိုက်လာရတာပါ...။မှန်ကန်တဲ့ တရားသဘောကျတော့ ဘယ်လိုမှ ပြင်လို့ မရဘူး..။ မှန်နေလို့ တရားသဘော ဖြစ်နေတာပါ...။ သဘောတရားတွေကတော့ အမြဲတမ်း မမှန်ဘူး...။

သူ့သဘောတွေရဲ့ နောက်မှသာ တရားတွေက လိုက်နေတယ်...။ ခုချိန် မှန်ကန်ပေမယ့် နောက်တစ်ချိန် မှားချင်ရင် မှားသွားနိုင်တာမျိုး.။ တရားသေ စွဲမြဲလို့ မရဘူး...။သဘောတရားတွေဟာ ခေတ်ရေင်္စီးကြောင်းနဲ့

အတူပြောင်းလဲနေပါတယ်...။

တရားသဘောကတော့ မပြောင်းလဲပါဘူး..။ တစ်သမတ်တည်းပါပဲ...။ လူဟာ အိုမယ် ၊ နာမယ် ၊ သေမယ်ပဲ ။ မအို ၊ မနာ ၊ မသေ မရှိဘူး ။ သံသရာပြတ်မှပဲ အိုခြင်း ၊ နာခြင်း င်းမယ်။သည်သဘောမျိုးဟာ ဘယ်ကမ္ဘာအဆက်ဆက် မပြောင်းလဲတဲ့ တရားသဘောမျိုး။ အဲဒါ သဘောတရားမျိုး မဟုတ်ပါဘူး...။

ဘ၀အတွေ့အကြုံ အသိမရှိဘဲ ဘ၀အတွေးအခေါ် ဖြစ်မလာနိုင်ပါဘူး...။
မဂ္ဂင် ( ၈ ) လမ်း အသိဟာ အရေးကြီးပါတယ်..။ အဲသည့် မဂ္ဂင် ( ၈ ) လမ်းကို သီလ ၊ သမာဓါ ၊ ပညာ ဆိုတဲ့ လမ်းမကြီးတွေနဲ့ လမ်းဖောက်ထားပါတယ်...။

သီလလမ်းမှာ..... ( ၁ ) မှန်ကန်စွာ အသက်မွေးခြင်း ။
                       
                       ( ၂ ) မှန်ကန်စွာ ပြောခြင်း ။

                       ( ၃ ) မှန်ကန်စွာ  လုပ်ခြင်း ။

သိက္ခာသမာဓိလမ်းမှာ..... ( ၁ ) ကောင်းစွာ  အားထုတ်ခြင်း ။

                                  ( ၂ ) ကောင်းစွာ  အောက်မေ့ခြင်း ။

                                  ( ၃ ) ကောင်းစွာ တည်ကြည်ခြင်း ။

ပညာလမ်းမှာ ....... ( ၁ ) မှန်ကန်စွာ သိမြင်ခြင်း ။

                         ( ၂ ) မှန်ကန်စွာ ကြံစည်ခြင်း ။

             မှန်ကန်စွာ သိမြင်ခြင်းဆိုတာက ပညာလမ်းမှာ ပါလေတော့ ပညာဆိုတာ မွေးကတည်းက ပါလာတာမှ မဟုတ်ဘဲ...။သည်တော့ လူသားလောကမှာ မဂ္ဂင် ရှစ်လမ်းဟာ လွယ်မယောင်နဲ့ ခက် ၊ တိမ်မယောင်နဲ့ နက်ခဲ့ရသည်..။

ပညာဆိုတာ ကြုံမှ ၊ မြင်မှ ၊ သင်မှ ၊ လေ့လာအားထုတ်မှ ရတာ မဟုတ်လား။ ပညာအလင်းကလေး လင်းလာမှ မှန်ကန်စွာ သိမြင်မှုက ရလို့ ငယ်စဉ်ကတည်းက ပညာကို ဦးစားပေး သင်ကြရတာပေါ့ ...။

ဘ၀ချမ်းသာသည် မဂ္ဂင် ရှစ်ချက်ကိုပိုင်ပိုင်ကြီး ကိုင်နိုင်ရင် ရပါတယ်..။ နည်းနည်းမိအောင် ကိုင်နိုင်ရင် နည်းနည်းရမှာပဲ..။ပိုင်ပိုင်နိုင်နိုင်ကြီး ကိုင်နိုင်ရင် ပိုင်ပိုင်နိုင်နိုင် ရမှာပဲ ...။

လူ့ဘ၀ရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း တို့ကြားမှာ သိ ၊ မြင် ၊ ပြော ၊ ပြု  ၊ သက်မွေး ၊ အားထုတ် ၊ အောက်မေ့ ၊ တည်ကြည် ၊ မှတော့ ဘယ်မှာ ဘ၀ချမ်းသာ မရဘဲ ရှိပါ့မလဲ..။ ကိုယ့်အတိတ်ကံက သိပ်ဆိုးဝါးလွန်းရင်သာ  ကြိုးစားလုပ်သော်လည်း သိပ်အရာ မထင်ဘဲ ရှိလိမ့်မယ်..။ သို့သော်လည်း လက်ရှိ ပစ္စုပ္ပန်ကံကြောင့် အဆိုးကြီးတော့ မဖြစ်ပါဘူး..။

**  သမ္မာဒိဌိ  ၊ ကောင်းစွာ သိမြင်ခြင်း ။

** သမ္မာသင်္ကပ္ပေါ  ၊ ကောင်းစွာ ကြံခြင်း ။

** သမ္မာဝါစာ  ၊ ကောင်းစွာ ပြောခြင်း ။

** သမ္မာကမ္မန္တော ၊ ကောင်းစွာ ပြုလုပ်ခြင်း ။

** သမ္မာအာဇီဝေါ ၊ ကောင်းစွာ အသက်မွေးခြင်း ။

** သမ္မာဝါယာမော ၊ ကောင်းစွာ အားထုတ်ခြင်း ။

** သမ္မာသတိ ၊ ကောင်းစွာ အောက်မေ့ခြင်း ။

** သမ္မာသမာဓိ ၊ ကောင်းစွာ တည်ကြည်ခြင်း ။

ထို ကြိုး ( ၈ ) ကြိုးကို စွဲစွဲမြဲမြဲကိုင်ဆွဲပြီး တက်နိုင်ရင် ဘ၀ချမ်းသာ

 တောင်ထိပ်ပေါ်မှာ သင်နေရမှာပါပဲ...။
မဆွဲနိုင်ရင်တော့ လွင်ပြင် သဲကန္တာရမှာပဲ သွေ့ခြောက်တဲ့ဘ၀ကို 

ရင်ဆိုင်သွားရလိမ့်မယ်....လို့ ဆန္ဒပြုရင်း ဘ၀ချမ်းဆိုတာ ရှိရဲ့လား
 ခေါင်းစဉ်မှ နိဂုံးချုပ်လိုက်ပါသည်...။

*****************************************

သုတေသီ ဘုန်းမြင့်သွေး ရေးသားသော  *****   ဘ၀ချမ်းသာ ***** စာအုပ်မှ ကောက်နှုတ်ရေးသားပူဇော်လိုက်ပါသည်...။ 

ဓမ္မမိတ်ဆွေများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ.....

မေတ္တာဖြင့် ..... လမင်းကြယ်စင်

No comments:

Post a Comment