
“ သံစဉ်များနှင့်ကမ္ဘာ ”
•••••••••••••••••••••
ကျုပ်တို့ဖခင်တွေကသားသမီးတွေကို
ဘယ်တော့မှပြောမထွက်တဲ့စကားတွေ
ရှိတယ်။ကျုပ်ပြောပြမယ်။
ကိုစံရိုးပြောတဲ့စကားတွေကသားသမီးတွေ
အတွက်မှတ်သားထိုက်သည်.။
သူ့ရင်ဘတ်ကြီးနှင့်ရင်း၍ပြောသည့်စကားများ
ဖြစ်သည်။သူသည်(၈)တန်းမျှသာကျောင်းနေဖူးသူဖြစ်သည်။
သို့သော်ဖခင်တစ်ယောက်၏ခံစားချက်နှင့်မေတ္တာတရား
သည်အားလုံးမတူတူပင်ဖြစ်မည်ဟု
ကျွန်တော်ထင်လေသည်။
သူ့စကားများကိုကျွန်တော်ရင့်နှင့်အမျှခံစားခဲ့ရသည်.။
သူပြောတာတွေကိုကျွန်တော်က
တစ်ဆင့်ဖောက်သည်ချပြသူသာဖြစ်သည်။
“သားသမီးတွေအိမ်ပြန်လာတိုင်း
ကျုပ်ကဧည့်ခန်းထဲမှာထိုင်နေတယ်။
သူ့ အမေကိုမမြင်တော့..
အမေရောလို့မေးကြတယ်။
သူ့အမေငုတ်တုတ်ထိုင်နေတဲ့အခါကြတော့
အဖေရောလို့မမေးကြဘူး။ကျုပ်ခံစားရတယ်ဗျာ။"
“မတွေးမိကြလို့ပါ။
သားသမီးတွေကကျောင်းလိုက်ပို့ပေးတဲ့သူတို့အမေ
ကိုတော့ချစ်လိုက်ကြတာ.။
ကျုပ်ကကျောင်းလိုက်ပို့မပေးနိုင်တော့။
ကျုပ်ကသူတို့ကိုမချစ်ဘူးလို့ထင်ကြရော.။
ကျုပ်ကလည်းအလုပ်ကို အစောကြီးသွားရတယ်လေ။
ဘယ်လိုလုပ်ပြီးပို့ချိန်ရမှာလည်း..........။
ဒီတော့ကျုပ်ပြောချင်တယ်။
ဒီမယ် ။
သားတို့သမီးတို့ ။
မင်းတို့ကျောင်း သွားဖို့စီးနေတဲ့စက်ဘီးက
ဒီကောင်ကြီးဝယ်ပေးထားတာပါ....။ခက်တယ်
ဗျာ....မကြည့်တတ်မမြင်တတ်တဲ့သူတွေကို
ကြည့်တတ်မြင်တတ်အောင် ပြောရတာ
ကိုယ်ရည်သွေးသလိုဖြစ်ဖြစ်နေတယ်.....။
သူတို့ကိုမပြောချင်ဘူးဗျာ။”
“ဒီမယ်.....သေသေချာချာ
စဉ်းစားကြည့်ကြစမ်းပါ...။
သားသမီးတွေရဲ့ ပါးစပ်ထဲ ကိုထမင်းခွံ့ကျွေးတဲ့အမေ
ထမင်းပန်းကန်ထဲကိုထမင်းခူးပေးတဲ့အမေ။
မီးဖိုချောင်ထဲတကုပ်ကုပ်နဲ့အလုပ်ရှုပ်နေတဲ့အမေ။
သူတို့အမေကိုတော့သူတို့ချစ်လိုက်ကြတာ။
ချစ်ကြမှာပေါ့.....။
သူတို့အမေအလုပ်လုပ်နေတာကိုမြင်ကြရတာကိုး။
အဲဒီထမင်းတွေဖြစ်လာဖို့ကျုပ်တို့ဘယ်လောက်
အထိသူတို့ ကွယ်ရာမှာအလုပ်လုပ်နေရတယ်
ဆိုတာသူတို့မတွေးမိဘူးဗျ.။
ကျုပ်တို့ဖခင်တွေကယောက်ျားသားတွေပါ။
မာနရှိတယ်....သတ္တိရှိတယ်...
မဟုတ်ရင်ငုံ့မခံဘူး......။
ဒါပေမယ့်ဗျာ....သားကျွေးမှု ၊ မယားကျွေးမှု၊
အတွက်ကျုပ်တို့ရဲ့အလုပ်ရှင်က
ကျုပ်တို့အပေါ်ဘယ်လိုပဲဆက်ဆံဆက်ဆံ၊
ဘယ်လိုပဲဗိုလ် ကျကျသား၊သမီးလေးတွေရဲ့
မျက်နှာကိုငဲ့ပြီးယောက်ျားမာနကိုချိုးနှိမ်ခဲ့ရတယ်။
ယောက်ျားသတ္တိကိုချိုးနှိမ်ခဲ့ရတယ်.။
ကျုပ်လည်းကျုပ်သားသမီးတွေကိုချစ်တာပေါ့။
သူတို့အမေချစ်တာထက်မလျော့ဘူး။
ပိုရင်သာပိုမယ်။
ဒါပေမယ့်...ကျုပ်တို့လို ဖခင်တွေရဲ့အချစ်ကို
ဘယ်သားသမီးကမှမခံစားတတ်ပါဘူးဗျာ..........။"
“သားသမီးဆိုတာရေချိုးပေးတဲ့အမေ့ကိုသာ
ချစ်တတ်ကြတာပါဗျာ။
စဥ့်အိုးထဲကိုရေအပြည့်ထမ်းထည့်ပေးထားတဲ့
ကျုပ်တို့ဖခင်တွေကိုတော့ချစ်ရကောင်းမှန်းမသိကြပါဘူး။
သူတို့အမေကလည်းသင်မပေးဘူးဗျ.။”
“ဒီလိုပဲသရက်သီးခူးကျွေးတဲ့သူတို့အမေကိုတော
့ကျေးဇူးတင်လိုက်ကြတာ၊ ချစ်လိုက်ကြတာ.။
ဒီသရက်ပင်ကိုမိုးထဲလေထဲရွံ့ထဲဗွက်ထဲမှာ
အအေးမိခံပြီးစိုက်ပျိုးပေးခဲ့တဲ့ကျုပ်တို့လိုဖခင်တွေရဲ့
နှလုံးသားကိုတော့နားမလည်ကြဘူး ။မမြင်ကြဘူး.။
မြင်တတ်အောင်မမေတွေကမပြောပြကြဘူး။”
“သားသမီးဆိုတာသူတို့အမေရဲ့
နို့ဖိုးကိုသာမြင်လွယ်ကြတာပါဗျာ။
ကျုပ်တို့လို ဖခင်တွေရဲ့ချွေးဖိုးကိုတော့
တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူးဗျာ။
တစ်သက်လုံးစို့နေတဲ့ချွေးကို
နို့လောက်မချိုမြိန်ဘူးလို့ထင်တတ်ကြတယ်ဗျ”
“ထီးမိုးပေးတဲ့မမေ့ရဲ့မေတ္တာကိုတော့
ချက်ချင်းသိတတ်လိုက်ကြတာ၊
လုံခြုံနွေးထွေးတဲ့ဘ၀ကိုဖန်တီးပေးနေတဲ့
ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းနဲ့မေတ္တာကိုတော့မသိကြ၊
မမြင်ကြဘူးဗျာ။ဝမ်းနဲတယ်ဗျာ.။”
“သားသမီးတွေကခက်တယ်ဗျ ။
သောက်ရေအိုးထဲကရေအေးအေးကိုခပ်ပြိး
တိုက်တဲ့အမေ့ကိုတော့ချစ်ကြတယ်။
အဲဒီသောက်ရေအိုးကိုရေအပြည့်ဖြည့်
ပေးထားတာကျုပ်တို့အဖေတွေပါဗျာ။
ဒီလိုပြောရမှာရှက်တယ်ဗျာ။
ဘယ် သားသမီးကိုမှကျုပ်တို့အဖေတွေက
ဒီလိုကြီးမပြောချင်ဘူး.။”
“ပန်းပန်ပေးတဲ့မိခင်ရဲ့အချစ်ကိုသာ
ခံစားတတ်ကြတာပါ။
ပန်းပင်ကိုပျိုးပြီးပန်းကလေးတွေပွင့်လာအောင်
ရေလောင်းပေါင်းသင်ပေးနေတဲ့ကျုပ်တို့လိုဖခင်တွေရဲ့အချစ်ကို
တော့သူတို့လေးတွေမခံစားတတ်ကြပါဘူး။
သိစေချင်တယ်ဗျာ။”
“ဘီယာတစ်ခွက် ၊အရက်တစ်ပက်နဲ့
ကျုပ်ရဲ့မေတ္တာကိုတန်ဖိုးမဲ့သွားအောင်
ကျုပ်မိန်းမကသားသမီးတွေကိုသွေးထိုးပေးတယ်ဗျ။
ကျုပ်မှာလည်းအပေါင်းနဲ့အသင်းနဲ့ဗျ.။
တစ်ခါတစ်လေလည်းအလိုက်အထိုက်ဆိုတာရှိတာပေါ့။
ကျုပ်ဘာပဲလုပ်လုပ်ကျုပ်သားသမီးနဲ့
မိန်းမအတွက်စဉ်းစားခဲ့တာချည်းပါပဲ။
သူတို့ကဒါကိုထည့်မတွက်ကြပါဘူးဗျာ။
အိမ်ရှင်မတွေကသူတို့ပြောချင်တဲ့
စကားတွေကိုတိုက်ရိုတ်မပြောဘူးဗျ။
သားသမီးတွေကိုသွေးထိုးပေးတယ်။
သားသမီးတွေကတစ်ဆင့်ပြောခိုင်းတယ်။
ဒီလိုနဲ့သားသမီးတွေကကျုပ်ကိုမုန်းသွားကြရော။
မုန်းအောင်သင်ပေးနေတာတော့မဟုတ်ဘူး။
မချစ်တတ်အောင်သင်ပေးနေသလိုဖြစ်နေတော့တယ်။”
“မိကောင်းဖခင်ဆိုတဲ့စကားကိုအိမ်က
မိန်းမတွေသဘောပေါက်သင့်တယ်။
မြန်မာစကားကအဓိပ္ပါယ်လေးနက်တယ်ဗျ။
မိကောင်းဖခင်ဆိုတာ အမိကောင်းမှအဖကိုခင်တယ်။
လို့ဆိုလိုတာဗျ။
အဖကိုမခင်တွယ်တဲ့သားသမီးဖြစ်နေရင်
အဲဒီသားသမီးရဲ့မိခင်မကောင်းလို့ပဲ။
အခုကျုပ်သားသမီးတွေကကျုပ်ကို
ချစ်ရကောင်းမှန်းမသိကြဘူး။
အမိမကောင်းတော့အဖကိုမခင်ဘူးပေါ့။
မချစ်ဘူးပေါ့ဗျာ။
ကျုပ်လည်းကျုပ်သားသမီးတွေရဲ့အချစ်ကိုခံချင်တာပေါ့ဗျာ။”
ကိုစံရိုးကတော့ပြောချင်တာပြောခွင့်ရလို့
ကျေနပ်သွားရှာသည်။
သူပြောတဲ့စကားတွေဟာကျွန်တော်
ပြောချင်နေတဲ့စကားတွေပါပဲ။
အိမ်ရှင်မတွေ....သားသမီးတွေဖတ်မိကြပါစေလို့ ။
-(ဦးဘုန်း-ဓာတု)
(တပေါင်းလပြည့်-အဖေနေ့ အမှတ်တရ)
Shared Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment