Pages

Wednesday, March 5, 2014

****** ခန္ဓာရသူမှန်သမျှ *****

Photo: ခန္ဓာရသူမှန်သမျှ

************
************
သံသရာထဲမှာ နေလို့ရှိရင် ဘယ်လိုပုံစံနှင့်ပဲနေနေ သူဋ္ဌေးဖြစ်ဖြစ် ဆင်းရဲသားဖြစ်ဖြစ် ဆင်းရဲကိုယ်စီ ရှိနေကြတာပါ။ ချမ်းသာလည်း ဒီဒုက္ခ ဆင်းရဲလည်း ဒီဒုက္ခ ဘုန်းကြီးရဟန်းလည်း ဒီဒုက္ခ သာမန်လူဆိုး လူမိုက်တွေလည်း ဒီဒုက္ခ ခန္ဓာရထားတဲ့သူ မှန်သမျှ ဘယ်သူမှ အိုခြင်း နာခြင်း သေခြင်း မကင်းတဲ့အတွက် ဒုက္ခမကင်းကြပါဘူး။

အို,နာ,သေ,တွေရဲ့ အကြောင်းလက်သည် တရားခံကို အနီးစပ်ဆုံး ပြန်ကြည့်လိုက်တော့ အကျိုးပေးမယ့်ကံကို တွေ့ရပါမယ်။

ကမ္မဘဝပစ္စယာ ဇာတိ ကံကြောင့် ဇာတိဖြစ်လာတယ်။ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဇာတိကြောင့် အိုရတယ် နာရတယ် သေရတယ် ကိုယ်ဆင်းရဲရတယ် စိတ်ဆင်းရဲရတယ် ငိုကြွေးရတယ် သောကဖြစ်ရတယ် ပင်ပန်းညှိုးနွမ်းရတယ် ဆိုတာတွေ ဆက်ကာဆက်ကာ ဖြစ်လို့လာပါတယ်။

အကျိုးပေးလာမယ့် ကံတွေကို ဖျက်တဲ့အလုပ်ကို လုပ်တော့မှ အိုနာသေ ချုပ်မယ်လို့ ကောက်ချက်ချလို့ ရပါတယ်။ ကံမပြတ်မချင်း ဒုက္ခမချုပ်နိုင်ပါဘူး။ ကံတွေ မရှင်းသေးဘူး။ ကံတွေ မပြတ်သေးဘူးဆိုရင် ဒုက္ခချုပ်ရာ နိဗ္ဗာန်ကို မရပါဘူး။ အဲဒါကြောင့် ကံတွေချုပ်အောင် တရားအလုပ်ကို အားထုတ်ကြရတာပါ။ ဝိပဿနာတရားကျင့်ကြံ ပွားများကြရတာပါ။

---------------------------------

ဓမ္မဒူတ-ဒေါက်တာအရှင်ပညိဿရ 

ခန္ဓာရသူမှန်သမျှ

No comments:

Post a Comment