Pages

Tuesday, March 18, 2014

***** ဝင်္ဂီသမထေရ်ကို နည်းယူခြင်း *****


ဝင်္ဂီသမထေရ်ကို နည်းယူခြင်း

သာသနာအစဉ်အဆက်မှာ တချို့ရဟန်းတော်များ ကိလေသာတွေ ဖြစ်လာတော့ အဲဒီ ကိလေသာတွေ ငြိမ်းအောင်လို့ အားထုတ်တာကိုး။

ဝင်္ဂီသမထေရ်ဆိုရင် ဆွမ်းခံသွားနေရင်း ကိလေသာဖြစ်လာတော့ အရှင်အာနန္ဒာကို လျှောက်ထားတယ်။
“အရှင်အာနန္ဒာ ..တဲ့၊ ကာမရာဂတော့ ဖြစ်လာပြီတဲ့၊ ကာမရာဂမီးတွေ လောင်နေပါတယ် တဲ့၊ ကာမရာဂငြိမ်းကြောင်းဖြစ်တဲ့ တရားကို ဟောပါဦး တဲ့၊ သွန်သင်ဆုံးမပါဦး” ဆိုပြီးတော့ လျှောက်ထားတယ်။

လျှောက်ထားတော့ အရှင်အာနန္ဒာက “အသုဘ နှလုံးသွင်းရမယ်လို့၊ သင် သုဘသညာ သွားနှလုံးသွင်းမိလို့ ကာမရာဂဖြစ်တယ်၊ ဝိသဘာဂအာရုံတွေ ဖြစ်တယ်”။

ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်တွေက မိန်းမများကို တမျိုးတဖုံ ထင်တယ်တဲ့၊ ကောင်းတဲ့အနေအားဖြင့် သွားပြီး နှလုံးသွင်းရင် ဒါက ဖြစ်တတ်တယ်။
မိန်းမဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်တွေပေါ်မှာ လှပတယ်၊ တင့်တယ်တယ်၊ ကောင်းတဲ့အနေအားဖြင့် သွားပြီးတော့ ကြည့်ရှု နှလုံးသွင်းလို့ရှိရင် ဒီကာမရာဂတွေဆိုတာ ဖြစ်တတ်တယ်။
အသုဘအာရုံ နှလုံးသွင်းမှတဲ့။

အသုဘအာရုံ နှလုံးသွင်းလိုက်တော့ နှစ်သက် သာယာစရာ မရှိဘူး။ ရာဂတွေ ငြိမ်းသွားတယ်။
သေသေချာချာ နှလုံးသွင်းရင် သေသေချာချာ ငြိမ်းနေတယ်။

အရိုးစုတွေပဲလို့ သူ့ဟာ သေသေချာချာ စဉ်းစားလိုက်ရင် လက်ကလေးကွေးနေတာ အဲဒါ အရိုးစုတွေပဲ။
ခေါင်းကလေးကို ငုံ့နေတယ်၊ မော့နေတယ်၊ ယိမ်းယိုင်နေတယ်ဆိုရင် သူက အရိုးစုပဲ။

သေသေချာချာ စဉ်းစားကြည့်ရင် သတ္တဝါတွေဟာ ဒီအတိုင်းချည်းပဲ။ အရိုးစုတွေ ဖြစ်နေတယ်။ အသုဘသညာဆိုတာ အဲဒါလိုပဲ။

တကယ်ထင်အောင် ရှုလို့ရှိရင် သုဘသညာ လုံးလုံး ပျောက်သွားတယ်။
ကြောက်စရာတောင် ကောင်းသေးတယ်။
ရွံစရာ ကောင်းသေးတယ်။

ကာမရာဂတွေ အကုန်လုံး ငြိမ်းသွားနိုင်တယ်။
အဲဒါကြောင့် အရှင်အာနန္ဒာက ဝင်္ဂီသမထေရ်ကို “အသုဘာယ စိတ္တံ ဘာဝေဟိ”လို့ အသုဘသညာဖြစ်အောင်၊ အသုဘအာရုံဖြစ်အောင်၊ အသုဘ မတင့်တယ်ဘူးပေါ့။
စက်ဆုပ်ဖွယ် ရွံရှာဖွယ်ဖြစ်အောင် သင် နှလုံးသွင်းပါတဲ့။

သုဘ တင့်တယ်တယ် နှလုံးသွင်းနေလို့ ကိလေသာတွေ ဖြစ်နေတာတဲ့။
တင့်တယ်တာတွေ နှလုံးသွင်းနေရင် လူ့ပုံသဏ္ဌာန်ဆို မျက်ခုံးနဲ့ မျက်လုံးနဲ့ မျက်နှာနဲ့ နှာခေါင်းအနေနဲ့ အဲဒါတွေ လျှောက်ပြီး အချိုးအစားကျတာတွေ ဒီလို နှလုံးသွင်းနေရင် နှစ်သက်စရာ သာယာစရာ ဖြစ်တယ်။

အဲဒါတွေကို အကုန်လုံး ပယ်ပြီးတော့ အရေက အရေတခြား၊ အသားက အသားတခြား၊ အရိုးက အရိုးတခြား၊ အကြောက အကြောတခြား၊ တစ်ခုစီ တစ်ခုစီ ခွဲပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဒီထဲမှာ နှစ်သက်စရာ သာယာစရာ ဘာမှ မရှိဘူး။

အဲဒီတော့ “အသုဘ နှလုံးသွင်းပါ”လို့ အရှင်အာနန္ဒာက ညွှန်ကြားတဲ့အတိုင်း နှလုံးသွင်းလိုက်တော့ သူ့မှာ ဖြစ်ပေါ်နေတဲ့ ကာမရာဂတွေ ငြိမ်းသွားတယ်။
အဲဒါဟာ ဖြစ်ပြီးသော ကိလေသာတွေကို ပယ်နိုင်အောင်လို့ သူက အားထုတ်တာကိုး။

(မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေသော
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် “သစ္စာလေးပါးတရားတော်” - စာ ၃၆၉-၃၇၁ မှ)

ထေရဝါဒ တို့တိုင်းပြည်

No comments:

Post a Comment