Pages

Thursday, March 27, 2014

***** ဗုဒ္ဓနုဿတိ မဂ္ဂင်ရှစ်ပါး *****


 
ဗုဒ္ဓနုဿတိ မဂ္ဂင်ရှစ်ပါး
******************

“အမျိုးသား အမျိုးသမီး လူကြီးသူမတစ်ယောက်သည် ဘုရားကို ပန်း, ရေချမ်းတို့ဖြင့် ရွှင်လန်းကြည်ဖြူ ပူဇော်ကန်တော့နေသည်”ဟု ဆိုကြပါစို့၊ ထိုအချိန်မှာ ထိုသူတော်ကောင်း၏စိတ်ဝယ် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း မဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေပုံကား
-သမ္မာဒိဋ္ဌိ။ ။ 
ဘုရားရှင်သည် ငါတို့လို သတ္တ၀ါတွေအပေါ်မှာ မေတ္တာကရုဏာကြီးမားတော်မူသောကြောင့် ၄၅-၀ါ ကာလကြာအောင် မနေမနား တရားတော်များကိုလည်း ဟောပြဆုံးမတော်မူခဲ့ပေ၏၊
 
 ငါသည် ထိုတရားတော်များကို တစ်ဆင့်ကြားနေရသဖြင့် မကောင်းမူများကို ရှောင်ရှား၍ ကောင်းမူကုသိုလ် များကို ပြုတတ်ပေသည်၊
 
 ရှင်တော်မြတ်ဘုရား၏ တရားတော် များကြောင့် ငါသည် အပါယ် ၄-ပါးမှလွတ်၍ ကောင်းရာဘ၀နှင့် နိဗ္ဗာန်ကို အမှန်ရတော့မည်၊ ဘုရားရှင်သည် ငါ၏ကျေးဇူးတော်ရှင် အစစ်ပေတည်း၊ ငါ့ကျေးဇူးရှင်ကို ရည်မှန်း၍ ငါသည် ပန်း, ရေချမ်းတို့ကို လှူဒါန်းပူဇော်နေပါတကား၊ ဤသို့ စိတ်ထဲ၌ အသိဥာဏ်ဖြစ်နေခြင်းသည် သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်နေခြင်းပင်တည်း။
သမ္မာသင်္ကပ္ပစသည်။ ။ပြခဲ့သည့်အတိုင်းပင် ဘုရားရှင်၏ ကျေးဇူးတော်များကို စဉ်းစားကြံစည်၍နေခြင်းသည် မိမိ၏စိတ်၌ သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်နေ၏၊
ဘုရားဂုဏ်တော်များကို ရွတ်ဆိုရှိခိုးနေခြင်းသည် သမ္မာဝါစာမဂ္ဂင် ဖြစ်နေ၏၊ 

ပန်း, ရေချမ်း, အမွှေးတိုင်, ဆီမီးတို့ကို သန့်ရှင်းအောင် သားနားအောင် လှပအောင် ပြုလုပ်ချိန်ဝယ် အသက်မွေးဝမ်းကျောင်းအတွက် မကောင်းသော စီးပွားရှာမူ မရှိသောကြောင့် သမ္မာအာဇီဝမဂ္ဂင်လည်း ဖြစ်နေသည်ဟု ဆိုသင့်ပေ၏၊
ဘုရားကိစ္စကို ပြုလုပ်အားထုတ်နေခြင်းသည်ပင် သမ္မာဝါယာမမဂ္ဂင် ဖြစ်နေ၏၊
ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်များကို သတိရနေခြင်းသည် (ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများနေခြင်းသည်) သမ္မာသတိမဂ္ဂင် ဖြစ်နေ၏။ 

(တစ်ခြားကိစ္စကို အမှတ်မရတော့ဘဲ) ဘုရားကိစ္စတစ်ခု၌သာ စိတ်တည်နေခြင်းသည် သမ္မာသမာဓိမဂ္ဂင် ဖြစ်နေ၏။
ဤသို့လျှင် ဘုရားကို ရှိခိုးကန်တော့နေသောအခါ ပန်း, ဆီမီး စသည်ဖြင့် ပူဇော်နေသောအခါ ဘုရားကိုအာရုံပြု၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွားများလျက်(ပုတီးစိပ်)နေသောအခါတို့၌ ထိုသူတော်ကောင်း၏ စိတ်တွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေပါသည်၊ ထိုမဂ္ဂင်ရှစ်ပါးကား နိဗ္ဗာန်ကို (မျက်စိဖြင့် မြင်ရသလို) မျက်မှောက်ပြုနိုင်ကြောင်း လမ်းကောင်းအမှန်ပင် ဖြစ်၏၊ 
 
မှန်သောလမ်းကို မှန်မှန်သွားနေသူသည် ထိုလမ်းအဆုံးတွင် နိဗ္ဗာန်ကို မြင်ရတော့မည်သာ၊ ဤနေရာဝယ် ဘုရားအာရုံပြုသော မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်မြင်သော “ဖုဿဒေ၀”ရဟန်းတာ်၏၀တ္ထုကို သတိပြုပါ။

ဖုဿဒေ၀၀တ္ထု ရှေးတုန်းက ရဟန်းတော်တစ်ပါးသည် စေတီအပြင်ကို တံမြက်လှည်းပြီးလျှင် သန့်ရှင်းသော စေတီအပြင်ကိုကြည့်ကာ သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံပြုလျက် နှစ်သက်သော(ပီတိ)စိတ် ဖြစ်နေ၏၊ ထိုအခါ မာရ်နတ်သည် နှောင့်ယှက်လိုသော သဘောဖြင့် မျောက်ညိုကြီး ဟန်ဆောင်၍ နွားချေးတွေကို စေတီရင်ပြင်တော်၌ ကြဲဖြန့်ပြေး၏။ 
 
ထိုနှောင့်ယှက်မူကြောင့် ထိုနေ့၌ တရားထူးရအောင် အာရုံမပြုနိုင်တော့ချေ၊ ဒုတိယနေ့၌လည်း နွားအိုယောင်ဆောင်၍ နှောင့်ယှက်ပြန်၏။
 
တတိယနေ့၌ကား အလွန်အရုပ်ဆိုးသော ယောက်ျားယောင်ဆောင်၍ နှောင့်ယှက်စဉ် “ဒီလိုလူမျိုး ဒီနယ်မှာ မမြင်ဖူးချေ၊ မာရ်နတ် ဖြစ်လေသလား”ဟု စဉ်းစား၍ မေးလေရာ “မာရ်နတ်ဟုတ်ကြောင်း”၀န်ခံလေသည်။ “မာရ်နတ်ဖြစ်လျှင် ဘုရားရှင်၏ ပုံတော်ကို ဖန်ဆင်းပြစမ်းပါ”ဟု တောင်းပန်သောကြောင့် “တကယ်တူအောင်တော့ မဖန်ဆင်းနိုင်ပါ၊ အတုလောက်သာ ပြပါမည်”ဟု ပြော၍ ဘုရားပုံတော်ကို ဖန်ဆင်းပြလေသည်။

ထိုအခါ “အတုဖြစ်သော ပုံတော်သည်ပင် ဤမျှလောက် သပ္ပာယ်တော်မူသေး၏၊ အတွင်းစိတ်တော်၌ ရာဂ, ဒေါသ, မောဟစသော အညစ်အကြေးကင်း၍ သန့်ရှင်းသော ဘုရားအစစ်မှာ ဘယ်လောက် သပ္ပာယ်တော်မူမည်းနည်း”ဟု စိတ်ထဲ၌ တွေးတောကာ လွန်စွာ နှစ်သက်ကြည်ညိုသော (ပီတိ) စိတ်ဖြစ်လေရာထိုပီတိစိတ်ကိုပင်စိတ်တစ်ခုပြီးတစ်ခု 
 ပြောင်းလွှဲ၍ဖြစ်သောကြောင့် မမြဲသော အနိစ္စတရား၊စိတ်တစ်ခုတစ်ခု ချုပ်ဆုံးခြင်သည် (လူတစ်ယောက် သေဆုံးခြင်းကဲ့သို့) ဆင်းရဲသော ဒုက္ခတရား၊တစ်ခုပြီးတစ်ခု ပျက်နေသည့်အတွက် ခိုင်မြဲစရာ အနှစ်အသား(အသက်)မပါသော အနတ္တတရားဟု ၀ိပဿနာကမ္မဋ္ဌာန်း ရူလေသည်။
 
ထိုအခါ ပီတိစိတ်ကို အနိစ္စ ဒုက္ခ အနတ္တဟု မြင်နေသကဲ့သို့လည်းကောင်း, တစ်ကိုယ်လုံးလည်း အနိစ္စ ဒုက္ခ အနတ္တဟု ထင်နေရကား ထိုအချိန်မှာ အလွန်နက်နဲသော အသိအမြင်မှန် (သမ္မာဒိဋ္ဌိမဂ္ဂင်) ဖြစ်နေသောကြောင့် ထိုပီတိစိတ်၏ အနိစ္စ ဒုက္ခ အနတ္တဖြစ်ပုံကို အထပ်ထပ် အမှတ်ရနေသော သမ္မာသတိမဂ္ဂင်နှင့် တည်ကြည်နေသော သမ္မာသမာဓိမဂ္ဂင်ကို လက်မလွှတ်ဘဲ သမ္မာဝါယာမမဂ္ဂင်ဖြင့် အစဉ်တစိုက် ကြိုးစားလေရာ တစ်ခဏချင်းပင်ရဟန္တာဖြစ်၍ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင်လေတော့သည်၊
ထို့ကြောင့် ယခုအခါ ဤရဟန်းတော်၏ထုံးကို နှလုံးသွင်းကာ ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းမဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်သို့ လှမ်းနိုင်အောင် ကြိုးပမ်ကြပါကုန်။ 

(ပရိဝါအဋ္ဌကထာ၊ ဧကုတ္တရိကနယ, ပဉ္စက၀ါရ။)
တိုက်တွန်းချက်။ ။ဘုရားကိုအာရုံပြု၍ စီးဖြန်းရသော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် တရားမပေါက်သေးသော် လည်း မိမိ၏ စိတ်ကို အလွန်ထူးခြားသော ဘုရားအာရုံ၌ ချထားရသောကြောင့် အမြဲရွှင်လန်းသော ပီတိသောမနဿစိတ်, အမြဲကြည်လင်သော သဒ္ဓါစိတ်များ ဖြစ်ပေါ်နေရကား ထိုသူ၏မျက်နှာသည် အလွန်ကြည်လင်၏၊ မျက်နှာကြည်လင်သကဲ့သို့ တစ်ကိုယ်လုံး ရုပ်လည်း ကြည်လင်၏၊ 
 
ဤသို့လျှင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ကိုယ်ရော စိတ်ပါ ချမ်းသာစေနိုင်၏၊ ထိုသို့ ချမ်းသာလျှင် အလွန်ကောင်းသော ကျန်းမာရေးကိုလည်း ရနိုင်သောကြောင့် ဤစာအုပ်ကို ကြည့်ရူ၍ဖြစ်စေ, စာအုပ်ကို မကြည့်ဘဲဖြစ်စေ မကြာခဏ အားလပ်ချိန်ရသမျှဝယ် မိမိစိတ်ကို ဘုရားအာရုံ၌ ချထားကြပါလေ။

ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ "ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။

♣တောသူမလေး♣

မေတ္တာအရိပ် စာမျက်နှာမှ တဆင့် ကူးယူမျှဝေသည်။

No comments:

Post a Comment