Pages

Sunday, March 30, 2014

***** မုံလယ်ဆရာတော်၏ထေရုပ္ပတ္တိ *****

 *****  မုံလယ်ဆရာတော်၏ထေရုပ္ပတ္တိ  *****

မုံလယ်ဆရာတော်အလောင်းအလျာကို အနောက်ဂန့်ဂေါမြို့နယ်နေ ခမည်းတော် ဦးငွေထွန်း၊ မယ်တော် ဒေါ်ဆေးရန်တို့မှ ၁၂၈၂ ခုနှစ်၊ နတ်တော် လပြည့်ကျော်(၁၃)ရက်၊ သောကြာနေ့၊ နံနက်(၁)နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင်ခဲ့ပါသည်။ ငယ် အမည်မှာ မောင်ဝသိန်းဖြစ်သည်။ ညီအစ်ကို မောင်နှမ လေးယောက် ရှိသည့်အနက် တတိယမြောက် သားရတနာဖြစ်သည်။



ရှင်သာမဏေပြုခြင်း
ဆရာတော် (၃)နှစ်အရွယ်တွင် မိခင်ဒေါ်ဆေးရန် ကွယ်လွန်ခဲ့သည်။ အသက်(၁၄)နှစ်အရွယ်တွင် မိထွေး ဒေါ်ဆေးသွယ်က မုခ်ဦးကျောင်းဆရာတော် ဦးသောဘိတအား ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေဘောင်သို့ သွတ်သွင်းချီးမြင့်ခြင်း ခံရသည်။ ဘွဲ့အမည်မှာ ရှင်သံဝရ ဖြစ်သည်။


ကုန်သည်ဘ၀သို့


ရှင်သံဝရသည် သာမဏေ၀ါ(၁)၀ါဆိုပြီး လူထွက်ခဲ့သည်။ ထို့နောက် ကျောက်ပုတီး အရောင်းအ၀ယ် လုပ်ငန်းဖြင့် လည်းကောင်း၊ လှေသူကြီးဘ၀ဖြင့် လည်းကောင်း၊ မုံရွာမြို့ရိုးတစ်လျှောက် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ခဲ့ရသည်။


ရှင်သာမဏေပြုခြင်း


ထို့နောက် သက်တော်(၅၆)နှစ် အရွယ်တွင် မုံလယ်တောရဆရာတော်ဦးဇာဂရထံတွင် ရှင်သာမဏေပြုခဲ့ပါသည်။ ရှင်သာမဏေဘ၀ဖြင့် မုံလယ်တောရကျောင်း တောင်ဘက်ရေကန်၏ နောက်ဘက်နေရာတွင် တဲထိုး၍ သီတင်းသုံးကာ တရားအားထုတ်ခဲ့ပါသည်။ သက်တော်(၅၇)နှစ် သာမဏေ(၁)၀ါအရတွင် အနောက်ဂန့်ဂေါရွာ မာန်အောင်ကျောင်း (သုဿန်ကျောင်း)ဆရာတော် ဦးသုစိတ္တာလင်္ကာရ မဟောထေရ်ကို ဥပဇ္ဈာယ်ပြု၍ ကုန်သည်ကြီး ဦးအေးဖေ၊ ဒေါ်အုန်းကြည် တို့က ရဟန်းဒါယကာခံကာ ရဟန်းဘောင်သို့ သွတ်သွင်း ချီးမြှင့် ခဲ့ကြသည်။


တရားအားထုတ်တော်မူခြင်း


ရဟန်း(၆)၀ါအရတွင် မန္တလေးမြို့ မြို့ဟောင်းမင်္ဂလာတိုက် ဆရာတော် ဦးဓမ္မိဿရ၊ မြို့ဟောင်းတောင်ပြင်တိုက် ဆရာတော် ဦးသုမန တို့ထံတွင် မိုးကုတ်ဝိပဿနာနည်း နိဿရည်းခံ ကျင့်ကြံ ရှုပွားအားထုတ်တော် မူခဲ့ပါသည်။


တရားစတင်ဟောကြားခြင်း


မန္တလေးမြို့ဟောင်း တောင်ပြင်တိုက်မှ ပြန်ကြွခဲ့ပြီးနောက် သုံးပင်၊ လေးပင်ရှိသော ဇရပ်ကလေးတွင် ဒေါ်ချယ်၊ ဒေါ်စောနှစ်၊ ဒေါ်ရွှေမြိုင်၊ ဒေါ်နွားစိန်၊

 ဒေါ်ခင်စိန်၊ ဒေါ်အေရှိန် စသည့် ယောဂီ(၆)ဦးနှင့် တရားစတင် ဟောကြားခဲ့ပါသည်။ လေး၊ ငါး၊ ခြောက် လခန့် အကြာတွင် ထန်းလက်မိုး၊ ထရံကာ ၀ါးဓမ္မာရုံ ဆောက်လုပ်ပြီးနောက် ဒေါ်သောင်းတင်၊ ဒေါ်မြကြည်၊
 ဒေါ်အေကေနှင့် ဒေါ်အုန်းကြူ စသည့် ယောဂီများပါ ရောက်ရှိလာကြပြီး တရားစခန်းဝင် အားထုတ်ကြပါသည်။


ပြည်တွင်း သာသနာပြုခြင်း


ထို့နောက် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ နမ္မတီး(မြတောင်)၊ တာချီလိတ်၊ ကျိုင်းတုံ၊ မဘိမ်း၊ မိုးနဲ၊ ဟိုပုံး၊ အောင်ပန်း၊ ဖြူး၊ မကွေး၊ မင်းဘူး၊ မင်းတပ်၊ ကျောက်ထု၊ မန်းသံပုရာကန်၊ စလေ၊ ချောက်၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ကလေး(တောင်သာ)၊ တမူး၊ ကြို့ပင်ကောက်၊ မော်လမြိုင်ကျွန်း၊ ရွှေကျင်(သူရဲသမိန်-ကွမ်းဆိပ်)၊ ဖားကန့် (မှော်စီစာ)၊ ဟုမ္မလင်း၊ သုံးခွ၊ ခရမ်း၊ မြိတ်၊ ထားဝယ်၊ ညောင်ဦး၊ ဝေါမြို့၊ ၀န်းသို၊ ကော့ကရိတ်၊ ရန်ကုန်မြို့ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၊ မိတ္ထီလာ၊ ပြည်နှင့် အမရပူရမြို့များသို့လည်းကောင်း၊ ဂန့်ဂေါမြို့နယ် အတွင်းရှိ နှမ်းခါး၊ မွှေ့လယ်၊ ကန်၊ မင်းရွာ၊ တောင်ခင်ရန်၊ ကျောက်ပြုတ်၊ ကျော၊ ချောင်းကောက်၊

 မြင်းဇာ၊ မြင်သား၊ ဘော်ပြင်းနှင့် ကျောက်ဖူးကျေးရွာများသို့ လည်းကောင်း ကြွရောက်၍ တရားစခန်းများဖွင့်ကာ သာသနာပြု ဟောကြားနေပါသည်။


ပြည်ပ သာသနာပြုခြင်း


ဆရာတော် ဘုရားကြီးသည် ကိုယ်တွေ့ ဥာဏ်မြင်တရားများကို မြန်မာပြည်အရပ်အပြင် အမေရိကန်၊ သြစတြေးလျ၊ ထိုင်း၊ အင်္ဂလန်နှင့် စင်ကာပူ စသည့် ပြည်ပနိုင်ငံများသို့ ဒကာ၊ ဒကာမများ၏ ပင့်ဆောက်ချက်အရ သာသနာပြု ခရီးစဉ် ကြွရောက်ပြီး တရားစခန်းများ ဖွင့်လှစ် ဟောကြားတော်မူနေပါသည်။


ဘွဲ့တံဆိပ် ဆက်ကပ် ခံယူတော်မြင်ခြင်း


ဆရာတော်ဘုရားကြီးအား ၁၃၆၁ ခု၊ တပေါင်းလပြည့်နေ့တွင် (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)၏ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့ ဆက်ကပ်ခြင်းကို ခံယူရရှိတော်မူခဲ့ပါသည်။


မုံလယ်ဓမ္မရိပ်သာများ


ဆရာတော်သည် ယခုအခါ-
 
၁။အနောက်ဂန့်ဂေါ မုံလယ်တောရကျောင်း(ပင်ရင်း)၊ ဖုန်း-၀၆၂-၅၀၀၈၈၊ ၀၆၂-၅၀၀၈၉၊ 

၂။ပဲခူး(၁၀ မိုင်ကုန်း)၊ တိုက်ခွဲ အမှတ်-၁၊ ဖုန်း-၀၉-၈၆၅၀၉၄၇၊ 

၃။ကျိုင်းတုံမြို့၊ တိုက်ခွဲ အမှတ်-၂၊ ဖုန်း-၀၈၄-၂၂၅၀၁၊ 

၎။မန္တလေးမြို့၊ တိုက်ခွဲ အမှတ်-၃၊ ဖုန်း-၀၂-၆၄၀၆၂၊ 

၅။တောင်ကြီးမြို့၊ ဖုန်း-၀၈၁-၂၀၀၉၆ တို့တွင် မုံလယ်ဓမ္မရိပ်သာ ကျောင်းတိုက်ခွဲများ ဖွင့်လှစ်ကာ တရားဓမ္မများ ဟောကြား ပြသနေပါသည်။

ကိုးကားကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ခန္ဓာဖွဲ့၊ သစ္စာဖွဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော် စာအုပ်မှ
 ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများ၏ထေရုပ္ပတ္တိများကို
 လေ့လာတွေ့ ရှိသမျှ
ပြန်လည်မျှဝေတင်ပြခြင်းဖြင့်  ကုသိုလ်ဒါန ပြုလိုက်ရပါသည်...။


 http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:235158

No comments:

Post a Comment