Pages

Tuesday, March 18, 2014

**** ဣဿာကြောင့်သေသော နတ်များ *****


 
ဣဿာကြောင့်သေသော နတ်များ

မနာလိုခြင်းကို ဣဿာ ကိုယ်ရသလို သူတစ်ပါး
မရစေလိုခြင်းကို မစ္ဆရိယဟုခေါ်၏။ ထိုတရားနှစ်ပါး
ကို လက်ခံထားသူသည် ငရဲသို့လည်းကျရ၏။ ငရဲ
ကလွတ်၍ လူဖြစ်လာလျှင်လည်း ငတ်ပြတ်ဆင်းရဲ
ပြီး အထီးကျန်တစ်ယောက်တည်း နေရတတ်၏။
ကိုယ့်ထက် သာလို့ မနာလိုသော ဣဿာတရား
သည် ဒေါသနှင့်ယှဉ်သောကြောင့် အလွန်ပူပြင်း၏။
မည်မျှအထိ ပူပြင်းသနည်းဆိုလျှင် သေသည်အထိ
ပူပြင်း၏။ မဃဒေ၀၌လာ၏။

သူ့၌ပြည့်စုံ့၊ စည်းစိမ်ပုံကို၊ မြင်တုံဘိလည်း၊
မျက်စိစူးဝင်၊ မရှုချင်အောင်၊ ၀မ်းတွင်လှိုက်ဆူ၊
မငြူစူနှင့်၊ ငြူစူတတ်က၊ နတ်မဟာရာဇ်၊
ဒေ၀ါဖြစ်လျက်၊ စင်စစ်လျင်စော၊ လတ်တလောဖြင့်၊
မနောပဒေါသိ၊ မည်ရှိစိတ်ဆိုး၊ နတ်အမျိုးတို့၊
နွမ်းညှိုးခန္ဓာ၊ သေလွယ်စွာ၏။
ဟုဆိုထား၏။ နတ်တစ်ပါးသညါ အခြားနတ်တစ်ပါး
၏ စည်းစိမ်ဥစ္စာများပြားမှုကို မနာလိုလိုက်သည်နှင့်
ချက်ချင်းသေပြီး ငရဲသို့ ကျသည်ဟု ဆိုလိုခြင်းဖြစ်
သည်။ နတ်တို့၏ ရုပ်သည် နှုးညံ့သိမ်မွေ့သော
ကြောင့် ဣဿာမီးလောင်သည်နှင့် ချက်ချင်းသေရ
ခြင်းဖြစ်၏။ လူသားတို့၏ ရုပ်ကား ကြမ်းတမ်းသော
ကြောင့် ချက်ချင်းကား မသေ။

သို့သော် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး
ရောဂါ၊ ကျောက်ကပ်ရောဂါ စသည်တို့ ဖြစ်ကျန်ခဲ့
သည်မှာ ဣဿာကပေးသော ဆိုးမွေတွေ ဖြစ်၏။
မစ္ဆရိယငါးမျိုးရှိသည်.။ ယင်းတို့မှာ
၁။ အာဝါသမိစ္ဆရိယ = အဆောက်အဦး ကောင်း
ကောင်းဖြင့် ကိုယ်သာ နေလိုပြီး အခြားသူများကို
မနေစေလိုခြင်း။
၂။ လာဘမစ္ဆရိယ = ကိုယ်သာလာဘ်လာဘစီးပွား
ဥစ္စာပေါများလိုပြီး အခြားသူများကိုမပေါများလိုခြင်း။
၃။ ကုလမစ္ဆရိယ = ပေးကမ်း ထောက်ပံ့နိုင်သော
အမျိုးများ၊ ဒကာများအား အခြားသူများထံ အသွား
အလာ မလုပ်စေလိုခြင်း။
၎။ ၀ဏ္ဏမစ္ဆရိယ = ကိုယ့်ထက်သာသူ၏ဂုဏ်ကျေးဇူး
ကို မချီးမွှန်းနိုင်ခြင်း။
၅။ ဓမ္မမစ္ဆရိယ = တရားသဘောကို မိမိသိသလို သူ
တစ်ပါးကို မသိစေလိုခြင်းတို့ပင်ဖြစ်၏။

ထိုငါးမျိုးတွင် အာဝါသမစ္ဆရိယနှင့်သေလျှင် ထိုစွဲလမ်း
ရာ အဆောက်အဦးထဲ၌ ဘီလူးသော်လည်းကောင်း၊
ပြိတ္တာသော်လည်းကောင်း ဖြစ်တတ်သည်။ သို့မဟုတ်
လောဟကုမ္ဘီငရဲသို့ကျတတ်သည်။ လာဘမစ္ဆရိယနှင့်
သေလျှင် ဘီလူးသော် လည်းကောင်း၊ ပြိတ္တာသော်
လည်းကောင်း ဖြစ်တတ်သည်။ သို့မဟုတ်ဘင်ပုပ်ငရဲ
သို့ကျတတ်သည်။

ကုလ မစ္ဆရိယကြောင့် ယခုဘ၀မှာပင် သွေးအန်ပြီး
သေရတတ်သည်။ ဖြစ်ရာဘ၀တွင် လာဘ်လာဘ
ရှားပါးတတ်သည်။

ဗုဒ္ဓလက်ထက်က ဘုရားအမည်ခံ သိဉ္စည်းဆရာကြီး
နှင့် နိဂဏ္ဍနာဋပုတ္တ တိတ္ထိဆရာကြီး နှစ်ဦးသည် သူ
တို့၏ လက်ရင်းတပည့်များ ဗုဒ္ဓ၏ သာဝကဖြစ်သွား
သောအခါ ကုလ မစ္ဆရိယ နှိပ်ဆက်မှုကြောင့် သွေး
အန်ပြီး သေကြရသည်။

ဝဏ္ဏမစ္ဆရိယကြောင့်ဖြစ်ရာဘ၀တွင် အဆင်းမလှခြင်း
ဖြစ်တတ်ပြီး ဓမ္မမစ္ဆရိယကြောင့် ဖြစ်ရာဘ၀တွင် ဆွံ့
အ ခြင်းဖြစ်တတ်သည်။ ဓမ္မဒဿနလေးတစ်ခုရှိ၏။
ရဟန္တာတိုင်းလည်း ဘုန်းမကြီး၊ ဘုန်းကြီးတိုင်းလည်း
ရဟန္တာမဟုတ်ဟူသော ဒဿနလေးပင်ဖြစ်သည်။
အရင်က ရဟန်းတစ်ပါးဘုန်းကြီးလျှင်ရဟန္တာဟု ထင်
တတ်၏။

အမှန်ကား ပုထုဇဉ်ဖြစ်သော်လည်း ဒါန ရှိခဲ့လျှင်၊
ဣဿာ မစ္ဆရိယကင်းခဲ့လျှင် ဘုန်းကြီးသည်သာဖြစ်
၏။ ရဟန္တာပင် ဖြစ်သော်လည်း ဣဿာ မစ္ဆရိယ
အားကြီးခဲ့သူများကား ဘုန်းကြီးဖို့ နေနေ သာသာ
ဆွမ်းပင် နပ်မှန်အောင် မဘုန်းပေးရပဲ ပရိနိဗ္ဗာန်စံ
သွားသော ရဟန္တာများစွာ ရှိခဲ့၏။ သာဓကကား
ဓမ္မပဒအဋ္ဌကထာ၌ လာရှိသော လောသကတိဿ
မထေရ်ပင်ဖြစ်၏။

ထိုမထေရ်သည် ဘ၀တစ်ခုက ကျောင်းထိုင်ဘုန်း
ကြီး တစ်ပါး ဖြစ်ခဲ့၏။ ကျောင်းတွင် ခတ္တလာတည်း
ခိုသော ရဟန္တာတစ်ပါးအပေါ်တွင် ဣဿာမစ္ဆရိယ
ဖြစ်ကာ ကျောင်းဒကာက ရဟန္တာအတွက်ထည့်ပေး
လိုက်သော ဆွမ်းနှင့်ဟင်းများကို လမ်းမှာသွန်ပစ်ခဲ့
၏။ ထိုအကုသိုလ်ကြောင့် သေသောအခါ ငရဲ၌နှစ်
ပေါင်းများစွာ ခံရ၏။

ငရဲမှလွတ်သောအခါ ခွေးဘ၀ငါးရာဖြစ်၏။ လေး
ရာ ကိုးဆယ့် ကိုးဘ၀မှာ ငတ်သေရ၏။ တစ်ဘဝ
တွင် တစ်ကြိမ်သာ ၀မ်းဝအောင်စားရ၏။ ထိုအစာ
ကား အရက်သမားတို့၏ အန်ဖတ်များပင်တည်း။
ထိုဘ၀မှ သေသောအခါ ဘီလူးဘ၀ငါးရာဖြစ်လေ
၏။ လေးရာကိုးဆယ့်ကိုး ဘ၀မှာငတ်သေရ၏။
တစ်ဘ၀တွင် တစ်ကြိမ်သာ ၀မ်းဝအောင်စားရ၏။
ထိုအစာကား အမျိုးသမီး၏ ကိုယ်ဝန် အညစ်အ
ကြေးပင်တည်း။

ထိုဘ၀မှ သေသောအခါ မိတ္တ၀ိန္ဒကအမည်ရှိသော
အမျိုးသား သွားဖြစ်၏။ သူ့မိဘများနှင့်ဆရာများပါ
သူ့ကြောင့် ငတ်ပြတ်ဆင်းရဲသောဒဏ်ကို ခံကြရ၏။
ထိုဘ၀မှ သေသောအခါ ယခုဘုရားသာသနာတွင်
လူလာဖြစ်၏။ သူသန္ဓေတည်ရာအိမ်ခြေတစ်ထောင်
ရှိသည့် ရွာကြီးသည် သူသန္ဓေတည်သောနေ့မှစ၍
ငတ်ပြတ်ဆင်းရဲကြရ၏။

မီးခုနှစ်ကြိမ်လောင်၏။ ရေခုနှစ်ကြိမ် မြော၏။ မင်း
ဒဏ်ခုနှစ်ကြိမ်သင့်၏။ ထိုအခါအကြီးအမှူးပုဂ္ဂိုလ်
က အိမ်ခြေကိုငါးရာစီခွဲပြီးနေစေ၏။ ထိုအခါသူမပါ
သောအိမ်ခြေငါးရာက စီးပွားရေးအဆင်ပြေသွားပြီး
သူပါသောအိမ်ခြေငါးရာက ဆက်ငတ်မြဲငတ်နေ၏။
ထို့ကြောင့်နှစ်ရာ့ငါးဆယ်စီထပ်၍ခွဲရာ သူမပါသော
ဘက်က အဆင်ပြေသွားပြီး၊ သူပါသောဘက်က
ဆက်ငတ်နေပြန်၏။

ထိုကဲ့သို့ တစ်ဆင့်ပြီး တစ်ဆင့်ခွဲရာ သူတို့မိသားစု
သာ ကျန်တော့သည်။ ထိုအခါ ဖခင်ဖြစ်သူသည်
လူယုတ်မာကို သန္ဓေလွယ်ထားသူအား မပေါင်းနိုင်
ဟုဆိုကာ သူ့ကို ကိုယ်ဝန်ဆောင်ထားသော မိခင်
အားပြစ်သွားလေ၏။ မိခင်သည် ငြိုငြင် ပင်ပန်းစွာ
သူ့ကိုမွေးဖွားရ၏။ သူ့နာမည်ကို လောသကတိဿ
ဟု အမည်ပေး၏။

မနာလိုခြင်း ဣဿာနှင့် မစ္ဆရိယ ပါခဲ့သောကြောင့်
ထိုကလေးငယ်ကို ပွေ့ချီယူသွားပြီး တောင်းရမ်း
လျှင် ပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။
ကလေးကိုတော်ရာတွင်ချထားပြီး သွားတောင်းရမ်း
မှသာလျှင်ပေးမည့်ကျွေးမည့်သူ ရှိသောဟူ၏။ သူ
ခုနှစ် အရွယ် ရောက်သောအခါ မိခင်သည် သူ့
လက်ထဲတွင်တောင်းစရာအဖြစ် အိုးခြမ်းပဲ့ကလေး
တစ်ခု ထည့်ပေးပြီး ထွက်ပြေးသွားရှာ၏။

လောသကတိဿသည် သာဝတ္ထိမြို့ထဲတွင် လှည့်
လည်တောင်းသော်လည်း ဣဿာ မစ္ဆရိယဓာတ်ခံ
ကြောင့် ကျွေးမည့်သူ ပေးမည့်သူ တစ်ဦး တစ်
ယောက်မျှမရှိပေ။ အိမ်နှောက်ဖေးတွင် အိမ်ရှင်မများ
လှမ်းပက်ထားသော အိုးဆေးရေ၊ ခွက်ဆေးရေများ
ထဲမှ ထမင်းစေ့ကလေးများကို တစ်စေ့ချင်း လိုက်
ကောက်စားကာ အသက်ဆက်နေရရှာ၏။

သာမာန်ပုဂ္ဂိုလ်ဆိုလျှင် ငတ်ပြီးသေရမည်သာဖြစ်၏။
သူကားရဟန္တာဖြစ်ရမည့်ကံကြောင့် အသက်မသေရ
ခြင်းဖြစ်၏။ တစ်ရက်တွင်အရှင်သာရိပုတ္တရာကတွေ့
ပြီးရှင်သာမဏေ၀တ်ပေးလိုက်၏။ ထိုမှတဆင့်ရဟန်း
ဘ၀ရောက်ကာ ရဟန္တာဖြစ်သွားလေ၏။ ရဟန္တာဖြစ်
သွားသော်လည်း ဆွမ်းကားတစ်နပ်မှဝအောင်မစား
ပေ။ ရဟန်းငါးရာ အတူတူဆွမ်းခံကြွရာ၌ သူ့အလှည့်
ရောက်လျှင် ဆွမ်းလောင်းမည့် သူ၏ ဆွမ်းအုပ်ထဲမှ
ဆွမ်းများသည် ပျောက်သွားကြ၏။ သူ့အလှည့်ကျော်
ပြီး နောက်တစ်ပါး အလှည့်ရောက်မှ ဆွမ်းများသည်
ပြန်ပေါ်လာ၏။ ထိုကဲ့သို့နည်းဖြင့် လောသကတိဿ
မထေရ် ရဟန္တာ ဖြစ်သော်လည်း ဆွမ်း တစ်နပ်မှ
ဝအောင် မဘုန်းပေးရခြင်းဖြစ်၏။

အာဟာရ မမျှတမှုကြောင့် လောသကတိဿ
မထေရ်သည် အသက်အရွယ်ငယ်ငယ်မှာပင် ပရိနိ
ဗ္ဗာန်စံရမည့်နေ့သို့ ရောက်ခဲ့၏။ အရှင်သာရိပုတ္တရာ
သည်သူ့တပည့်ကို ပရိနိဗ္ဗာန်စံမည့်နေ့တွင် ဆွမ်း
တစ်နပ်တော့ ၀အောင်ဘုန်းပေးသွားပါစေဟူသေ
စေတနာဖြင့် လောသကတိဿမထေရ်ကိုခေါ်ကာ
နှစ်ပါးအတူ ဆွမ်းခံကြွသွားကြ၏။

အံ့သြစရာ ကောင်းလေစွ။ လောသကတိဿ
မထေရ်ပါသောကြောင့် အရှင်သာရိပုတ္တရာမထေရ်
ကိုပင်ဆွမ်းလောင်းမည့်သူ တစ်ယောက်မျှမရှိတော့
ပေ။ ထို့ကြောင့် လောသကတိဿမထေရ် ကျောင်း
ကိုပြန်ခိုင်းပြီးတစ်ပါးတည်း ဆွမ်းခံကြွရ၏။ တစ်ပါး
တည်း ပြန်ကြွသောအခါ ဆွမ်းလောင်း လှူမည့်သူ
များ ပုံထပ်နေ၏။

အရှင်သာရိပုတ္တရာက ကျောင်းသို့ ဆွမ်းစားအမှီ
ပြန်ကြွမည်ပြုရာ ဒကာ ဒကာမများအိမ်မှာပင် ဆွမ်း
ဘုန်းပေးခိုင်းပြီး လောသကတိဿမထေရ်အတွက်
သပိတ်ထဲတွင် ဆွမ်းများ၊ ဟင်းများထည့်၍ ဒကာ
တစ်ယောက်အား ကျောင်းသို့ ပို့ခိုင်းလိုက်၏။ ဒကာ
သည် လောသကတိဿမထေရ်ကို မေ့လျော့ကာ
ဆွမ်းခဲဖွယ်များကို လမ်းမှာစားပစ်လိုက်၏။

အရှင်သာရိပုတ္တရာကျောင်းသို့ ပြန်ရောက်သော
အခါ ဆွမ်းစားကျောင်းထဲတွင် တစ်ပါးတည်း ထိုင်
စောင့်လျက်ရှိသော လောသကတိဿ မထေရ်ကို
တွေ့ရသဖြင့် မေးကြည့်ရာ မစားရသေးကြောင်းသိ
သွား၏။ နေကိုကြည့်သောအခါ မွန်းလွဲသွားပြီဖြစ်
ကြောင်းတွေ့ရ၏။ ထို့ကြောင့် အမြန်သင်္ကန်းရုံကာ
သပိတ်ပိုက်ပြီး ကောသလမင်းကြီး၏ နန်းတော်ထဲ
သို့သွားရပ်၏။

မွန်းလွဲနေပြီဖြစ်သောကြေင့် ကောသလမင်းကြီးက
ညပိုင်းတွင်သုံးဆောင်မှီဝဲရသော စတုမဓုဆေးများ
ကို လောင်းလှူလိုက်၏။ မထေရ်မြတ်ကြီးသည်
အလျင် အမြန် ပြန်ကြွလာကာ စတုမဓု သပိတ်ကို
ပိုက်ထားပြီး လောသကတိဿမထေရ်အား လက်
ဖြင့်နှိုက်ယူကာ ဘုန်းပေးစေ၏။ လောသကတိဿ
မထေရ်လက်ထဲ သပိတ်ကို ထည့်ပေးလိုက်လျှင်
စတုမဓုများပျောက်သွားမည်စိုးသောကြောင့် ကိုယ်
တော်တိုင် သပိတ်ကိုပိုက်ထားခြင်းဖြစ်၏

ထိုစတုမဓုကို ဘုန်းပေးပြီး ပရိနိဗ္ဗာန်စံရ၏။
ထို့ကြောင့် ရဟန္တာတိုင်းလည်းဘုန်းမကြီး၊ ဘုန်းကြီး
တိုင်းလည်း ရဟန္တာမဟုတ်ဟု ဆိုရခြင်းဖြစ်၏။
မြန်မာ အချင်းချင်း တိုးတက် ကြီးပွားအောင် ကူညီ
စောင်မနိုင်ကြပါစေ။

မေတ္တာရှင်-ရွှေပြည်သာ
 

No comments:

Post a Comment