မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Tuesday, March 18, 2014
%%% အံ့ဖွယ် (၈)ဖြာ သာသနာ %%%
အခါတပါး၌ မြတ်စွာဘုရားအား ပုဏ္ဏားကြီးတဦးက အရှုင်ဘုရား ပရိနိဗ္ဗာန်စံသွားတဲ့အခါ အရှင်ဘုရားရဲ့  သာသနာ အရှည်တည်တံ့ဖို့ အတွက် ဘယ်လိုလုပ်မှာပါလဲဘုရား။ သို့ မဟုတ် ဘယ်လိုအကြောင်း တွေကြောင့်ဒီသာသနာဟာ မြန်မြန်ကွယ်
သွားနိုင်မှာပါလဲ ဘုရားလို့ မေးလျှောက် တယ်။
ဒီအခါမြတ်စွာဘုရားက ငါဘုရားပရိနိဗ္ဗာန်စံပြီးတဲ့အခါ ရဟန်းတွေ၊ ဒကာ၊ ဒကာမတွေဟာ "သတိပဌာန် တရား" လေပါးကို မရှုမှတ် မပွားများတော့ဘူးဆိုရင် ဒီသာသနာတော်ကြီးဟာ မကြာခင်မြန်မြန် ကွယ် သွားလိမ့်မယ်။ တကယ်လို့  သံဃာတော်အရှင်မြတ် တွေရော၊ ဒကာ ဒကာမတွေရော၊ ဒီ "သတိပဌာန် တရား" လေးပါးကို ရှုမှတ် ပွားများနေမယ်ဆိုရင် သာသနာတော်ကြီးဟာ အရှည်တည်တံ့ နေမယ်။ သာသနာဟာအဓွန့် ရှည်လိမ့်မယ်။
မြစိမ်းတောင်ဆရာတော် (၂၀၁၀ စင်္ကာပူ၊ မလေးရှား(၉)ရက်တရားစခန်းမှ ကောက်နှုတ်ချက်။)
အံ့ဖွယ် (၈)ဖြာ သာသနာ (မျှဝေခြင်း-၁)
တချိန်သောအခါ မြတ်စွာဘုရားသည် နဠေရုမည်သော တမာပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ အဲဒီအချိန်ခါမှာ ပဟာရာဒလို့ခေါ်သည့် အသူရိန်ကမြတ်စွာဘုရားထံသို့ ရောက်လာပြီး “မြတ်စွာဘုရား၏ သာသနာတော်မှာ ရဟန်းတော်တွေမွေ့လျော်နေကြတာ အဘယ်အံ့ဖွယ်တွေရှိနေလို့ ပျော်မွေ့နေကြ တာ လဲ” ဟု သိလို၍မေးလို၍ ရောက်လာခြင်းဖြစ်သည်။ (မျှဝေခြင်း)
သို့ပါသော်လည်း မြတ်စွာဘုရားထံသို့ ရောက်လာသည့်အခါကြတော့
မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော်တွေ၊ မြတ်စွာဘုရား၏ ဘုန်းကံကြီးမားပုံတွေကို တွေ့မြင်ရသောကြောင့် ရှေးဦးစွာ မေးခွန်း များကို မလျှောက်ထားဝံ့ပေဘူး။ အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦး စွာ မေးတော်မူပါတယ်။
“ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။
ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာ မေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က
“သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုးရှိပါတယ်” ဟု လျှောက်ထားပါတယ်။
(၈)မျိုးကို ဖြေ ပြီး တဲ့အခါ ပဟာရာဒ အသူရိန်ကမြတ်စွာဘုရားကို လျှောက်ထားပြန်ပါတယ်။
“မြတ်စွာဘုရား … မြတ်စွာဘုရား၏ သာသနာတော်ကြီးမှာ မြတ်စွာဘုရား၏ တပည့်သားတွေ သာသနာ တော်မှာ ပျော်မွေ့နေကြတာဘာအံ့ဖွယ်တွေရှိနေလို့ ယခုလို ပျော်မွေ့နေကြတာလဲ ဘုရား ”
ဟုလျှောက်ထားတဲ့အခါ မြတ်စွာဘုရားက
“ငါဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ်ရာ (၈)မျိုး ရှိတဲ့အတွက်ကြောင့် ငါဘုရား၏ တပည့်သား ရဟန်းတော်တို့သည်သာသနာတော်မှာ ပျော်မွေ့နေကြတာပဲ”
လို့ မြတ်စွာဘုရားက ပြန်၍ ဖြေကြား လိုက်ပါတယ်။
သမုဒ္ဒရာမှာ အံ့ဖွယ်(၈) ဖြာရှိသလို မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ် (၈)ဖြာ ရှိတယ်လို့ ဆိုတဲ့ အဓိပ္ပါယ်ကိုမြတ်စွာဘုရားပြန်၍ ဖြေကြားတော်မူတာပါဘဲ။
သမုဒ္ဒရာရဲ့ အံ့ဖွယ် (၈)ဖြာနှင့် သာသနာတော်ကြီး၏ အံ့ဖွယ် (၈)ဖြာ တို့ကို ဥပမာနှင့် ဥပမေယျ နှိုင်းယှဉ်၍ ပြထားတဲ့ဆောင်ပုဒ်ကို ရှေးဦးစွာ ဖော်ပြပါမည်။
အစဉ်နက်ဝှမ်း ၊ ကမ်းကိုမလွန် ၊
ရွံဖွယ်ဆယ်ပစ် ၊ တမည်ဖြစ်ခြင်း ၊
မယွင်းမတိုး ၊ ဆယ်မျိုး ရတနာ ၊
ရသာဆားတူ ၊ ကြီးသူနေရာ ၊
အံ့ရှစ်ဖြာ ။
၁။ အစဉ်နက်ဝှမ်း
မဟာသမုဒ္ဒရာသည် လက် ၁-သစ်၊ ၂-သစ်က စပြီးတော့ နက်သွားလိုက်တာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်တိုင်အောင် အစဉ်အတိုင်းနက်သွားပါတယ်။ အဲဒီလိုပါဘဲ မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အကျင့်သိက္ခာတွေဟာ အစဉ်အတိုင်း တဖြည်းဖြည်းနက်နဲ နက်နဲ ၊ သိမ်မွေ့ သိမ်မွေ့ သွားပါတယ်။
၂။ ကမ်းကိုမလွန်
သမုဒ္ဒရာရေတွေဟာ ကမ်းပေါ်လျှံတက်သွား၊ လွန်တက်သွားတယ်လို့ မရှိကောင်းသလို မြတ်စွာဘုရား၏
သာသနာတော်မှာလည်း မြတ်စွာဘုရား ပညတ်ထားတဲ့ သိက္ခာပုဒ်တွေဟာကမ်းပါးတွေနဲ့တူပါတယ်။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်တွေက အသက်ဟူသောအကြောင်း ကြောင့်ပင် မလွန်ကြူး ကြပေ။
၃။ ရွံဖွယ်ဆယ်ပစ်
သမုဒ္ဒရာကြီးထဲမှာ ဆင်သေကောင်ပုပ်၊ မြင်းသေကောင်ပုပ် အစရှိသော အကောင်ပုပ်တွေ ကျလာတဲ့ အခါသမုဒ္ဒရာလှိုင်း တံပိုးတွေက ကမ်းပေါ်သို့ ပုတ်တင်လိုက်သလို သာသနာတော်မှာလည်းဆင်သေပုပ်၊ မြင်းသေပုပ်တွေနှင့်တူတဲ့ ဒုဿီလပုဂ္ဂိုလ်တွေကို သာသနာတော်ကြီးက အရှည်မထားပါဘူး။ သံဃာက အပေါင်း အဖော်မလုပ်တော့ပေဘူး။ သာသနာတော်မှထုတ်ပစ်လိုက်တယ်။
၎။ တမည်ဖြစ်ခြင်း
သမုဒ္ဒရာ၌ ရေတွေဟာ ဂင်္ဂါမြစ်မှရေ၊ ယမုံနာမြစ်မှရေ၊ အစိရ၀တီမြစ်မှရေ၊ သရဘူမြစ်မှရေ၊ မဟီ မြစ်မှရေ တို့ သည် သမုဒ္ဒရာထဲသို့ရောက်သွားတဲ့အခါ ခွဲခြားလို့  မရတော့ပေဘူး။ သမုဒ္ဒရာရေပဲ ဖြစ်သွား ကြသလို မြတ်စွာဘုရားသာသနာတော်မှာလည်း မင်းမျိုး၊ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲ သားမျိုး စသည်ဖြင့် အမျိုးပေါင်းများစွာမှ သာသနာ့ဘောင်သို့ ၀င်လာကြတဲ့အခါ ဤရဟန်းက မင်း၊ ဤ ရဟန်းက ပုဏ္ဏား၊ ဤရဟန်းက ကုန်သည်၊ ဤရဟန်းကသူဆင်းရဲပဲလို့ နာမည်အသီးသီး မခွဲခြား တော့ ပါဘူး။ သာကီဝင် မင်းသား ဘုရားသားတော်ရဟန်းပဲလို့ တမည်တည်းဖြစ်သွားပါတယ်။ အဲဒီလို တမည်တည်းဖြစ်သွားတာလည်း မြတ်စွာဘုရား၏သာသနာတော်မှာ အံ့ဖွယ်တမျိုးပါပဲ။
၅။ မယွင်းမတိုး
မြစ်တွေမှ ရေစီးဝင်တာများလို့၊ မိုးတွေက သိပ်ရွာလို့ သမုဒ္ဒရာရေတွေ တိုးတက်လာတယ်လို့ မရှိသလို မြတ်စွာဘုရား သာသနာတော်မှာလည်းရေတွက်လို့  မရနိုင်လောက်အောင်များတဲ့ရဟန္တာပုဂ္ဂိုလ်တွေ
နိဗ္ဗာန်သို့ စံဝင်သွားကြတဲ့အခါ နိဗ္ဗာန်ကြီးက ကျယ်သွားတယ်လို့လည်း မရှိဘူး။ သာသနာပအခါမှာ လည်းပဲ နိဗ္ဗာန်ဓာတ်သို့ ၀င်စံတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ မရှိတဲ့အတွက်ကြောင့် နိဗ္ဗာန်ကြီးဟာ ပြန်ကျဉ်း သွား တယ်လို့ မရှိ ကောင်းတာလည်း အံ့ဖွယ်ရာတခုပင်ဖြစ်ပါတယ်။
၆။ ဆယ်မျိုးရတနာ
ဆယ်မျိုးရတနာဆိုသည်မှာ မဟာသမုဒ္ဒရာကြီး၌ရတနာအမျိုးမျိုးတွေ (ဆယ်မျိုးလောက် ရေတွက်လို့ရ တယ်) ရှိနေတာလည်းပဲအံ့ဖွယ်တခုဖြစ်သလို မြတ်စွာဘုရားသာသနာတော်
မှာလည်း သတိပဋ္ဌာန်တရား ၄-ပါး၊ သမ္မပ္ပဓာန်တရား ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ဗိုလ်၅-ပါး လို့ခေါ်တဲ့ ရတနာ အမျိုးမျိုး ရှိခြင်းသည်လည်း အံ့ဖွယ်တခုဖြစ်ပါတယ်။
၇။ ရသာဆားတူ
မဟာသမုဒ္ဒရာကြီး၌ရေတို့၏ အရသာသည် ဆားငံအရသာတစ်မျိုးတည်း ပင်ရှိသကဲ့သို့မြတ်စွာဘုရား၏ သာသနာတော်မှာလည်း ကိလေသာတို့မှ လွတ်မြောက်ခြင်း အရသာတည်းဟူသော ၀ိမုတ္တိရသ အရသာ တစ်မျိုးတည်း ရှိခြင်းသည်လည်း အံ့ဖွယ်တခုဖြစ်ပါတယ်။
၈။ ကြီးသူနေရာ
ကြီးသူနေရာ ဆိုသည်မှာ သမုဒ္ဒရာအတွင်းက တိမိင်္ဂလစသည့် အလွန်ကြီးသောငါးကြီး တွေနေရာ ဖြစ် ပါ တယ်။ ဒါဟာလည်း သမုဒ္ဒရာကြီး၏ အံ့ဖွယ်တခု ဖြစ်သလို မြတ်စွာဘုရား သာသနာတော် မှာလည်း မဂ္ဂဋ္ဌာန်၎ယောက်၊ ဖလဋ္ဌာန်၎-ယောက်ဟူသော ကြီးသူတို့နေရာ ဖြစ်ပါတယ်။ ဒါဟာလည်း သာသနာ တော်ရဲ့  အံ့ဖွယ်တခုပင်ဖြစ်သည် ဟူ၍ မြတ်စွာဘုရားရှင်ဖြေကြားတော်မူခဲ့ပါတယ်။
(အံ-၃၊ ၄၂၊ ၄၃)
Credited to Ko Myo Myat Thu
http://www.myaseintaung.net/Sharing/S0001.html မှကူးယူဖော်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment