Pages

Saturday, March 15, 2014

"ဥပုသ်သည်များ သတိပြုစရာ နစ္စ ဂီတ စသော သိက္ခာပုဒ်ရှင်းတမ်း"

 "ဥပုသ်သည်များ သတိပြုစရာ နစ္စ ဂီတ စသော သိက္ခာပုဒ်ရှင်းတမ်း"
************************************************
  ဥပုသ်သီလစောင့်ထိန်းသည့်အခါခုနစ်ခုမြောက်
သိက္ခာပုဒ်မှာ နစ္စ ဂီတ စသော သိက္ခာပုဒ်ဖြစ်၏။


"နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန
ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ
သမာဒိယာမိ"

★ ဟုဆို၍ ဆောက်တည်ရခြင်းဖြစ်၏။ ထိုသီလ၏တိုက်ရိုက်
မြန်မာပြန်မှာ အကုသိုလ်များကြောင်း မကောင်းမှုဖြစ်သော
ကခုန်ခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ဘုရားအဆုံးအမတော်နှင့် ငြောင့်တံကျင်ပမာ
ဖီလာဖြစ်သော ကြည့်ရှုနားထောင်ခြင်း၊ ပန်းပန်ခြင်း၊
နံ့သာရည်၊ နံ့သာမှုန့်တို့ကို လိမ်းကျံခြင်း၊ ခြယ်လှယ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏ ဟူ၍ဖြစ်၏။ အတိုချုပ်မှာ
ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်း၊ ကြည့်ရှုနားထောင်ခြင်း၊၊
ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်းတို့မှ ရှောင်ကြဉ်ပါ၏။


★ (နစ္စ-ကခြင်း၊ ဂီတ-သီဆိုခြင်း၊ ဝါဒိတ-တီးမှုတ်ခြင်း၊
ဝိသူကဒဿန- ဘုရားအဆုံးအမနှင့် ဖီလာဖြစ်သော
ကြည့်ရှုနားထောင်ခြင်း၊ မာလာဓာရဏ- ပန်းပန်ခြင်း၊
ဂန္ဓာမဏ္ဍန-နံ့သာရည်တို့ကို ဖို့သိပ်တန်ဆာဆင်ခြင်း၊
ဝိလေပန- လိမ်းကျံခြယ်လှယ်စရာရေမွှေး၊ မျက်နှာချေ၊
ပေါင်ဒါတို့ကို၊ ဝိဘူသန-လိမ်းကျံခြယ်လှယ်ခြင်း၊ အနံ့ထုံခြင်း)


★ ဤသိက္ခာပုဒ်၌ နစ္စအရ ကကုန်ခြင်းဆိုသည်မှာ ကိုယ်တိုင်ကခြင်း၊ အခြားသူများကို ကခိုင်းခြင်းတို့ဖြစ်သည်။ အခြားသူများဆိုရာ၌ ကတတ်သည့် ဥဒေါင်း၊ မျောက်၊ ကျေးငှက်စသည့် တိရစ္ဆာန်များပါ ပါဝင်သည့်အတွက် ထိုသတ္တဝါများကိုလည်း မကခိုင်းကောင်းချေ။
ဂီတအရ သီဆိုခြင်းကား ကိုယ်တိုင်သီဆိုခြင်း၊ အခြားသူများကို သီဆိုခိုင်းခြင်းတို့ဖြစ်သည်။


★ သီဆိုခြင်းဆိုရာ၌ အောက်ထစ်ပိုင်းခြားအယုတ်ဆုံးအားဖြင့်
လေချွန်ခြင်း၊ ပလွေမှုတ်ခြင်း၊ နှဲမှုတ်ခြင်းစသည်တို့သည်လည်း
ဂီတမည်၏။တရားနှင့်စပ်၍ဖြစ်သော တေးများသည်လည်း
ဂီတပင်ဖြစ်၍ မဟောကောင်း၊ နားမထောင်ကောင်း၊
တေးနှင့်စပ်၍ ဖြစ်သောတရားကား ဂီတမဟုတ်
ဆိုကောင်း နားထောင်ကောင်း၏။တရားနှင့်စပ်သော
သီချင်းမျိုးကို ဂီတသံမဖြစ်စေဘဲ ရိုးရိုးသီဆိုခြင်း၊
ဖတ်ကြားခြင်းမျိုး၌မူ သံဝေဂဖြစ်ဖွယ်ဖြစ်၍
ဂီတဓမ္မအနေဖြင့် အပြစ်မရှိဟု ဆိုပါသည်။ ဥပမာ-တေဘုမ္မာ
သီချင်းကြီးကို ဂီတသံမဖြစ်စေဘဲ ရိုးရိုးဖတ်ရွတ်ခြင်းမျိုးကိုကား သံဝေဂဖြစ်ဖွယ်ရှိ၍ နားထောင်နိုင်ပါသည်။

ဝါဒိတအရ တီးမှုတ်ခြင်းဆိုသည်မှာလည်း ကိုယ်တိုင်တီးမှုတ်ခြင်း၊ အခြားသူများကို တီးမှုတ်စေခြင်းတို့ဖြစ်သည်။ ယုတ်စွအဆုံး ရေမှာအိုးမှောက်ပြီး ရေစည်တီးခြင်းမျှ သည်လည်း ဝါဒိတမည်၏။ ကိုယ်တိုင်လည်း မတီးကောင်း၊ သူတစ်ပါးကိုလည်း မတီးစေကောင်းပေ။ထိုကခုန်၊ သီဆို၊ တီးမှုတ်ခြင်းတို့သည်
သာသနာတော်နှင့်ငြောင့်တံကျင်ပမာ ဖီလာဆန့်ကျင်သည့်အတွက် ဝိသူကတို့ဖြစ်ကြသည်။ ထိုဝိသူက မည်သည် ကခုန်၊ တီးမှုတ်ခြင်းတို့ကို တမင်တကာ သွားရောက်ပြီး မကြည့်ရှု၊ နားမထောင်ကောင်း၊ ကြည့်ရှုနားထောင်လျှင် သိက္ခာပုဒ်ပျက်၏။


★ သို့ရာတွင် မိမိဘာသာနေစဉ် မိမိကြားလောက်
မြင်လောက်သည့်အရပ်သို့ လာရောက်၍ ကပြသီဆို
တီးမှုတ်သံတို့ကို ကြည့်ရှုနားထောင်မိ သော်လည်းကောင်း၊
သီလမပျက်ပေ။ သို့သော် မမြင်၊ မြင်အောင် တမင်တကာလှည့်၍ မကြည့်ကောင်းချေ။ထို့ပြင် ဆင်တိုက်ပွဲ၊ ကျွဲ၊ နွားတိုက်ပွဲ၊
ဆိတ်တိုက်ပွဲ၊ ကြက်တိုက်ပွဲ၊ လက်ဝှေ့ထိုးပွဲ၊ နဘန်းလုံးပွဲ၊ သဘင်ခံပွဲ၊ စစ်တိုက်ပွဲ၊ ရာမမင်းတို့ စစ်တိုက်ပွဲအကြောင်း စသည်တို့သည်လည်း ဝိသူကတို့ မည်၏။ ထိုဝိသူက အရာအားလုံးတို့ကိုလည်း သွားရောက်မကြည့်ရှုကောင်း၊ နားမထောင်ကောင်းဟု သုတ်သီလက္ခန်ပါဠိတော်၊ ဗြဟ္မဇာလသုတ်၌ ဟောကြားထား၏။


★ မာလာဂန္ဓ၊ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနအကြောင်းဆက်လက်ရေးသားပါဦးမည်။

ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
ကောင်းကျိုး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။


{အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)}
နှလုံးသားအာဟာရ's Facebook Wall
မှကူးယူ‌ဖော်‌ပြပါသည်‌ ။

No comments:

Post a Comment