Pages

Saturday, March 29, 2014

*** ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။ ***



ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။
(မေး) အရှင်ဘုရား၊ ဘုန်းကြီးကျောင်းဝင်း၊ ဘုရားရင်ပြင်တော်တို့တွင် ဖိနပ်စီးလျှင် မည်သို့အပြစ်ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း ဓားခွဲခံရခြင်းနှင့် မည်သို့ ဆက်စပ်ပါသနည်း။


(ဖြေ)
ဗိမ္ဗိသာရမင်း၏ ခြေဖ၀ါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ ရာဇ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘ၀တုန်းက စေတီရင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့။


နိသဇ္ဇနတ္တာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ-ရဟန်းသံဃာတို့ထိုင်ဖို့ရန် ခင်ထားအပ်သော သင်ဖြူးကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့။ တဿာယံ နိသန္ဒောတိ ၀ဒန္တိ-ဤသို့ ခြေဖ၀ါးကို ဓားခွဲခံရခြင်းသည် ထိုအပြစ်၏ အကျိုး ဖြစ်သတဲ့။ ဤသို့ပြောကြသည်။ (ဤကား သမညဖလသုတ် အဋ္ဌကထာ စကားတည်း)။


မှတ်ချက်။ ။
ထိုအဋ္ဌကထာစကား၌ စေတိယင်္ဂဏ (စေတီရင်ပြင်တော်) ဟူသောစကားကိုယူ၍ ဘုရားဝိုင်း အတွင်းဝယ် (သံဃာများနေရာ ကျောင်းအတွင်းပါ) ဖိနပ်မစီးကောင်း-ဟု ယခုအခါ မှတ်ယူနေကြ၏။ စေတိယင်္ဂဏ-ဟူသော အဋ္ဌကထာစကား၌ အဖွင့်ဋီကာဆရာတို့က အများထင်သလို ဘုရားဝိုင်းတပြင်လုံးကို မယူကြ။ စေတိယင်္ဂဏေတိ-ဂန္ဓပုပ္ဖါဒီဟိ ပူဇနဋ္ဌာနဘူတေ စေတိယင်္ဂဏေ-ပန်းနံ့သာ စသော ပူဇော်ဖွယ်တို့ဖြင့် ပူဇော်ရာဌာနဖြစ်သော စေတီရင်ပြင်တော်၌-ဟု သရုပ်ဖော်ကြသည်။


 ထို့ကြောင့် ဗိမ္ဗိသာရမင်းသည် ဘုရားဝင်းအတွင်း သာမန်၌ ဖိနပ်စီးသည်မဟုတ်၊ ပန်းတင်ခုံဟုခေါ်ရာ စေတီတော်အောက်ခြေမှာပင် ဖိနပ်စီးခြင်းဖြစ်သည်ဟု ဋီကာဆရာတို့က ဆိုလိုကြသည်။

ထို့ပြင် ရဟန်းသံဃာတော်တို့ ထိုင်ဖို့ရာခင်ထားအပ်သော သင်ဖြူးအပေါ်၌ ခြေမဆေးဘဲ နင်းခဲ့သော အပြစ်လည်း ခြေဖ၀ါးကို ဓားခွဲခံရမှု၌ ပါဝင်နေ၏။ ယခုအခါ ဘာသာရေးကို အလွန်လေးစားသော ဒါယကာ၊ ဒါယိကာမတို့တွင် အဘယ်မျှလောက်သော အရေအတွက်က ထိုနေရာမျိုးကို နင်းလိုက်သောအခါ ခြေဆေးကြပါသနည်း။

( ကောသလမင်း ကျောင်းတိုက်တွင်း ၀င်ပုံ)
အခါတပါး၌ ကောသလမဟာရာဇာသည် ဘုရားရှင်ကို ဖူးမြင်လိုသောဆန္ဒ ပြင်းပြလှသဖြင့် မိမိနေရာ မြို့ကလေးမှ ဘုရားရှင်သီတင်းတော်မူရာ (သုံးယူဇနာလောက်ဝေးသော) နိဂုံးသို့ ရောက်လာ၏။ ထိုနိဂုံး၏ တနေရာ ခြံဥယျာဉ်၌ ဘုရားရှင် သီတင်းသုံးတော်မူ၏။ 


(ထိုခြံသည် ဘုရားရှင်နှင့်တကွ ရဟန်းတော်အများ သီတင်းသုံးရာဖြစ်သောကြောင့် ကျောင်းဝိုင်းပင်ဖြစ်၏)။
မဟာရာဇာသည် ကျောင်းတိုက်သို့ဝင်၍ စင်္ကြံသွားနေသော ရဟန်းတော်များထံ ချဉ်းကပ်ပြီးလျှင် ဘုရားရှုင် ဘယ်မှာ သီတင်းသုံးပါသနည်း-ဟုမေးလေရာ ရဟန်းတော်များသည် သီတင်းသုံးတော်မူရာ ကျောင်းကို ညွှန်ပြ ကြလေ၏။ 

ထိုအခါကျမှ ကျောင်းဆောင်တော်သို့ ၀င်ရမည်ဖြစ်သောကြောင့် ခြေနင်းနှင့်တကွ မင်းမြောက် တန်ဆာ ၅-ပါးတို့ကို ချွတ်ပယ်၍ စစ်သူကြီးအား ပေးလေသည်။
( မဇ္ဈိမပဏ္ဏာသ၊ ဓမ္မစေတိယသုတ် ပါဠိတော်)


မှတ်ချက်။ ။

ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ စကားသည် ယခုခေတ် မြန်မာဗုဒ္ဓဘာသာတို့၏ အယူအဆကို မထောက်ခံကြပါတကား။ သီဟိုဠ်(သီရိလင်္ကာ)၊ ယိုးဒယား၊ ကမ္ဘေဒီးယား၊ လော-ဟူသော ထေရ၀ါဒ ဗုဒ္ဓဘာသာ လေးနိုင်ငံတို့၌ ကျောင်းဝိုင်းအတွင်း၊ ဘုရားဝိုင်းအတွင်းတို့ဝယ် ဖိနပ်စီးသည်ချည်းသာ ဖြစ်ကြပါသတဲ့။


 မြန်မာအယူအားဖြင့် ထိုသူအားလုံး ခြေဖ၀ါးကို ဓားခွဲခံကြရတော့မည်။ မြန်မာဗုဒ္ဓဘာသာတို့ကား ကျောင်းဝိုင်း အတွင်းသို့ စက်ဘီးစီး၍လည်း ၀င်ရဲကြ၏၊ နွားလှည်း၊ မြင်းလှည်း စီး၍လည်း ၀င်ရဲကြ၏။ 

ထို့ထက် ခမ်းနားသော မော်တော်ကားကြီးကိုလည်း စီး၍ ၀င်ရဲကြ၏၊ စီးစရာယာဉ်တို့တွင် အသေးငယ်ဆုံး ဖိနပ်ယာဉ်ကိုကား မစီးဝံ့ရှာကြချေ။ ထို့ပြင် ဘုရားမြေ၊ ဘုရားဝိုင်းအတွင်း၌ ကျေကျေနပ်နပ် ခွင့်ပြုအပ်၊ ခင်းကျင်းပြသအပ်သော ဇာတ်ပွဲသဘင်များကို ကြည့်ရှုကာ နှပ်၊ တံတွေးတို့ကို ထွေးရဲကြ၏။ 

ထိုပွဲဈေး၌ စားကြွင်းစားကျန်တို့ကိုလည်း ပစ်ရဲကြ၏။ ကလေးများကိုပင် ရှူးရှူးတယ်ဝံ့ကြသေး၏။ ဖိနပ်ကိုကား မစီးဝံ့ကြရှာချေ။ ဖိနပ်မစီးဘဲ ကျောင်းဝင်း အတွင်းဝင်၍ ဖုန်လူးနေသော ခြေဖြင့် ကျောင်းပေါ်တက်ခြင်းနှင့် ဖိနပ်စီး၍ ကျောင်းပေါ်တက်ခြင်းတို့တွင် အဘယ်သို့တက်ခြင်းက ခြေဖ၀ါးဓားခွဲခံရသော အမှုနှင့် နီးစပ်ပါသနည်း။
(တကယ်ရိုသေခြင်း)

ကျမ်းစာတို့၌ တကယ်ရိုသေသော အရာဝယ်-စေတီတော်၏ ထင်ရှားရာအရပ်၌သော်မှ ဖိနပ်မစီးရဟု ဆို၏။ (သုတ်ပါထေယျ၊ သံဂီတိသုတ် အဋ္ဌကထာ)။


မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာနှင့်အတူ ဘိက္ခုနီပြုလုပ်ဖို့ရန် ကပိလ၀တ်ပြည်သို့ လာရာ၌ (ယာဉ်ရထား စီး၍ သွားလျှင် ဘုရားရှင်ကို မရိုသေရာရောက်မည်စိုးသောကြောင့်) ယာဉ်ရထားမစီးဘဲ အားလုံးမင်းသမီးများ ခြေကျင်သွားကြပါသတဲ့။


(ဘိက္ခုနီခန္ဓက စူဠ၀ါပါဠိတော်)
ထိုမျှလောက် မရိုသေနိုင်သူ့အတွက် မရိုမသေစိတ်လည်း မရှိပါမူ အကုသိုလ်အပြစ်မရှိ၊ သို့သော် ရိုသေသူအတွက် ရိုသေလေ ကောင်းလေပင် ဖြစ်ပါသည်။ သို့ရာဝယ် မိမိမှာ ရောဂါဖြစ်လောက်အောင် အရိုအသေ လွန်မသွားဖို့ သတိထားသင့်ပါသည်။


Vimuttisukha Bliss ၏ face book မှ ကူးယူဖော်ပြပါသည် ။

ဒီနေရာမှ ပြန်လည်မျှဝေသည်...။

No comments:

Post a Comment