Pages

Tuesday, March 11, 2014

**** လယ်တီဆရာတော်ဘုရားကြီး ( ဦးပညာသာမိ) ။ ****

         မြန်မာသက္ကရာဇ် ၁၂၄၇ -ခုတွင်၊ သီပေါမင်း ပါတော်မူပြီးနောက် မြန်မာနိုင်ငံကို ဗြိတိသျှတို့ အနှစ် ၆၀ ကျော် အုပ်စိုးသွားပါသည်။
  ဗြိတိသျှတို့အုပ်စိုးသည့်ကာလအတွင်း
 လောကီလောကုတ္တရာစာဆိုတော်ကြီးများအသီးသီး
 ပေါ်ထွန်းခဲ့တဲ့အနက် လယ်တီဆရာတော်ဘုရား  ကြီးမှာ ဘာသာ၊ သာသနာအတွက်ထူးထူးခြားခြားစွမ်းစွမ်းတမံ ဆောင်ရွက်လမ်းညွှန်
သွားတဲ့ဓမ္မစာဆိုတော်ကြီးတစ်ပါး ဖြစ်ပါတယ်။

         လယ်တီဆရာတော်ကြီးကို ၁၂၀၈ -ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ အင်္ဂါနေ့တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲရင်းမြို့၊ စိုင်ပြင်ကြီးရွာ၌ မွေးဖွားခဲ့ပါတယ်။ လယ်တီဆရာတော်
ကြီးဟာ အရေးကောင်း၊ အဟောကောင်း၊ အကျင့်ကောင်း၊ စာတတ်ပေတတ်ပိဋကတ်ပါရဂူပုဂ္ဂိုလ်ကျော်ကြီးတစ်ပါး ဖြစ်ပါတယ်။

 မြန်မာတစ်ပြည်လုံး နွားသားရှောင်ကြည်ရေးကို လှုံ့ဆော်ဟောကြားသွားတဲ့ ကရုဏာရှင် ပုဂ္ဂိုလ်ကြီး  ဖြစ်ပါတယ်။

         သံခိပ်အသင်းတော် တည်ထောင်ပြီး အဘိဓမ္မာ သာသနာပြန့်ပွားအောင် ဆောင်ရွက်
သွားတဲ့ ဓမ္မစာဆိုတော်ကြီးလည်း ဖြစ်ပါတယ်။ ဒီပနီအမျိုးမျိုး၊ ကျမ်းစာအမျိုးမျိုး၊ မေတ္တာစာအမျိုးမျိုး၊  ဆုံးမစာအမျိုးမျိုး  ရေးသားပြုစုသွားတဲ့   ပရဟိတလမ်းညွှန်   ပုဂ္ဂိုလ်ကြီးလည်း
ဖြစ်ပါတယ်။


         လယ်တီဆရာတော်ဘုရားကြီး သက်တော် (၇၇) နှစ်အရောက်၊ ၁၂၈၅ -ခုနှစ်၊ ပထမ၀ါဆိုလဆန်း (၁၅) ရက်နေ့တွင် ပျဉ်းမနားမြို့၌ ပျံလွန်တော်မူပါတယ်။ လယ်တီဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားသည်မှာ နှစ် (၉၀) ရှိသွားပြီ ဖြစ်သော်လည်း ဆရာတော်ကြီး၏စာပေများက ရဟန်း၊ ရှင်လူတို့၏ နှုတ်ဖျားတွင် ယခုတိုင် ရွက်ဆဲ၊ ဖတ်ဆဲ၊ အသုံးပြုဆဲ ရှိနေကြပါသေးတယ်။


         ဒါကြောင့် လယ်တီဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိ၊ ပညာကိုအစဉ်လေးစားကာမိမိဘ၀ မြင့်မြတ်သထက် မြင့်မြတ်အောင် ကျင်ကြံအားထုတ်လျက် မြတ်နိဗ္ဗာန်ကို ရရောက်နိုင်
ကြပါစေ ကုန်သတည်း။


 {နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ-သာစည်) ၏ အခါတော်နေ့များ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }


    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


 “ဆုတောင်းပတ္တနာ”


ဓမ္မဒါန၊ ဤပုညကြောင့်၊


ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊


ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊


အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊


လျင်စွာရစေ၊ တောင်းဆုခြွေသည်၊


မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
        
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment