“ ကိုယ်ပိုင်ဥာဏ် "
★★★★★★★★
ကိုယ်ပိုင်ဥာဏ်နဲ့ ပဲ စဉ်းစားကြည့်။
ဗုဒ္ဓမြတ်စွာက လက်တွေ့ လုပ်လို့ ရတဲ့ တရားကို ဟောတာနော်။
စိတ်ကူးယဉ်ပြီးတော့ မျှော်မှန်းရရုံ သက်သက်မဟုတ်ဘူး။
ဒီကနေ့  လုပ်နေတဲ့ လုပ်ရပ်သည် မနက်ဖြန်ခါ အကျိုးဖြစ်ဖို့  ၊
ဆိုပါစို့ - ဒီလမ်းလျှောက်ရင် ဒီစခန်းရောက်မယ်ဆိုတာသိထားပြီးသားပဲလေ။
လမ်းကြောင်းပေါ်မှာ လျှောက်နေရင် ထိုလမ်းကြောင်းအတိုင်
မှန်မှန်သာလျှောက်၊ လျှောက်နေမယ်ဆိုရင် စခန်းကိုမြင်ရ သည်ဖြစ်စေ၊
မမြင်ရသည်ဖြစ်စေ လမ်းမှန်ရင် ထိုစခန်းကို ရောက်မှာသေချာတယ်။
ဆိုပါစို့ - ရွှေတိဂုံဘုရားကိုသွားမယ်၊
ရွှေတိဂုံဘုရားကို ဦးတည်နေတဲ့ လမ်းမကြီးပေါ်မှာသာလျှောက်၊
ရောက်ကိုရောက်သွားမှာပဲ၊အေး ပြောင်းပြန်တော့ မလျှောက်နဲ့ ၊
မရောက်နိုင်တဲ့ လမ်းလည်း မလျှောက်နဲ့ ။
မရောက်တဲ့လမ်းလျှောက်မယ် ပြောင်းပြန်လျှောက်မယ်ဆိုရင်တော့
ရွှေတိဂုံဘုရားရောက်မှာ မဟုတ်ဘူး။ဒါတွေက လက်တွေ့ ကြတာမို့ 
ငြင်းပယ်လို့ ရတဲ့ အရာမဟုတ်ဘူး။
ဒါကြောင့်မို့ မြတ်စွာဘုရားက ကေသမုတ္တိရွာက လူတွေကို
လက်တွေ့ ကျကျ ကိုယ်ပိုင်ဥာဏ် အသုံးချတက်ဖို့  ဒီသုတ္တန်ကို ဟောတာ။
ဒီသုတ္တန်ဟာ လူတိုင်း အတွက် ဘ၀ခရီးလမ်းညွှန် guide line တစ်ခုပဲ၊
Road map လို့ ပြောချင်ပြောနိုင်တယ်။
ဘ၀ခရီးလမ်းရွေးချယ်ရမယ့်လမ်း ဆိုတာကို ဒီသုတ္တန်မှာ ဟောပြထားတယ်။
မြတ်စွာဘုရားက ဆက်ပြီး ရှင်းပြတယ်။
အေးအဲ့လို သံသယဖြစ်နေတယ်ဆိုရင် ငါပြောမယ်တဲ့။
မာအနုဿ ဝေန
၁၊ မာ အနုဿ ဝေန = အမှန်တရားကို ရှာတဲ့ အခါမှာ
တဆင့်ကြားစကားပေါ် အခြေခံပြီးတော့
မရှာနဲ့ ။ ဟိုလူပြောတာ ဒီလူပြောတာဆိုတဲ့
တဆင့်ကြားစကား( Hearsay) တွေအပေါ်မှာ
အခြေခံပြီးတော့ အမှန်တရားကို မရှာနဲ့ ။
တဆင့်ကြားစကားဆိုတာ မှန်တာလည်း ရှိတယ်၊
မှားတာလည်းရှိတယ်။ မသေချာဘူး။
မာ ပရမ္ပရာယ
၂၊ မာ ပရမ္ပရာယ = အစဉ်အလာ ကျင့်သုံးလာတဲ့အချက်၊
အစဉ်အလာ ယုံကြည်ထားတဲ့ အချက်တွေ
အပေါ် အခြေခံပြီးတော့လည်း အမှန်တရားကို မရှာနဲ့ ။
ဘာဖြစ်လို့ တုန်းဆိုရင် tradition လိုဆိုတဲ့ အစဉ်အလာကျင့်သုံးလာတဲ့ လက်ခံလာတဲ့အချက်ဟာ မှန်တာလည်းရှိတယ်။ မှားတာလည်းရှိတယ်။
သေချာပေါက် အမှန်လို့ ချည်း မပြောနိုင်ဘူး။
ဒါကြောင့်မို့  အဲ့ဒါနဲ့ အမှား အမှန်ကိုမရှာနဲ့ ။
မာဣတိကိရာယ
၃၊ မာဣတိကိရာယ = တစ်ဦးတစ်ယောက်က လာပြီး
ဒါက ဒီလိုပါလို့ ဆိုပြီး တင်ပြချက်ကို
အခြေခံ ပြီးတော့လည်း အမှန်တရားကို ဆုံးဖြတ်လို့ မရဘူးတဲ့။
သူပြောလာတဲ့ report ဟာ မှန်ရင်လည်းမှန်မယ်။
မှားရင်လည်း မှားမယ် ။ မသေချာဘူး။
မာပိဋိကသမ္ပဒါနေန
၎ ၊ မာပိဋိကသမ္ပဒါနေန= ကိုယ်သင်ထားတဲ့ စာပေနဲ့ ကိုက်ညီတယ်ဆိုရုံနဲ့ လည်း မှန်တယ်လို့ မဆုံးဖြတ်နဲ့ ဦး။ စာထဲမှာ ဒီအတိုင်းပါတာပဲ။
စာအုပ်ထဲမှာ ဒီလိုရေးထားတယ်ဆိုတာနဲ့ လည်း အမှန်တရားကို မဆုံးဖြတ်နဲ့ ။
ဘာဖြစ်လို့ လဲဆိုရင် စာအုပ်ထဲမှာ ရေးထားတယ်ဆိုပေမဲ့ မှားရင်လည်းမှားမယ်။
မှန်ရင်လည်းမှန်မှာပေါ့၊ ပြောလို့ ရမလား။ မရဘူး။
ကနေ့ ခေတ်မှာတောင် English ဘာသာနဲ့ ရေးပြီး
Buddhism အမည်တပ်ထားတဲ့
စာအုပ်တော်တော်များများဟာ ကိုယ့်အယူဝါဒတွေ ထင်မြင်ယူဆချက်တွေရောပြီး ရေးထားတာတွေ့ ရတယ်။
မြတ်စွာဘုရားရဲ့ အာဘော်မဟုတ်ဘဲနဲ့ ကိုယ်ထင်ရာ မြင်ရာတွေကို ဘုရားဟောအဖြစ် ရေးထားတာတွေ အများကြီးပဲရှိတယ်။ ခေါင်းစဉ် တပ်တာကတော့ Buddhism ပဲ။
အေး ဒါကြောင့်မို့ စာအုပ်ထဲ ပါတယ်ဆိုပြီးတော့ အကုန်လုံး
စာအုပ်ထဲက ပါတဲ့အတိုင်း
မှန်တယ်လို့ မှတ်ယူလို့ မရဘူးတဲ့။
မြတ်စွာဘုရားက အမှန်တရားကို အဲ့ဒါမျိုးနဲ့ ရှာလို့ မရဘူးတဲ့။
မာတက္ကဟေတု
၅၊ မာ တက္ကဟေတု = လောကမှာ အမှန်တရားကို ရှာတဲ့နည်း
တစ်နည်းရှိသေးတယ် ။ Logic လို့ ခေါ်တယ်။ အဲ့ဒီ logic ဆိုတဲ့ နည်းနဲ့ ရော အမှန်တရားကိုရှာလို့ ရမလားဆိုတော့ ရှာလို့ မရဘူးတဲ့။
logic ဆိုတာ ကျိုးကြောင်း ဆင်ခြင်တဲ့နည်း၊
အဲ့ဒီနည်းစနစ်နဲ့ ရှာရင် မှန်တဲ့အခါမှန်တယ်။
မမှန်တဲ့အခါ မမှန်ဘူး။
ကျိုးကြောင်းဆင်ခြင်တယ်ဆိုတာ ဥပမာ- လူဟာသေမျိုးဖြစ်တယ်။
ဦးဘ ဟာ လူဖြစ်တယ်။ ဒါကြောင့် ဦးဘ ဟာ သေမျိုးဖြစ်တယ်။
အဲ့ဒီအချက်တော့ မှန်တယ်။ အခြားတစ်နည်းမှာ အဖြူရောင်ရှိတဲ့ ငှက်တစ်ကောင်ကို
ကြည့်ပြီး ငှက်ဟာဖြူတယ်။ ကျီးဟာ ငှက်ဖြစ်တယ်။ ဒါကြောင့် ကျီးဟာ ဖြူတယ်လို့ ဆိုရင်
မမှန်ပြန်ဘူး။ အဲ့ဒီလို Logic နည်းနဲ့ ဆင်ခြင်တိုင်းတာလို့ လည်း အမှန်တရားဆိုတာ မတွေ့ နိုင်ဘူး။
မာ နယဟေတု
၆၊ မာ နယဟေတု =ရှာဖွေတဲ့ နည်းလမ်းတစ်ခု အသုံးပြုပြီးတော့လည်း
အမှန်တရားကို ရှာလို့ မရဘူး။
အကျိုးကိုကြည့်ပြီး အကြောင်းကို ဖော်ထုတ်တဲ့နည်း၊
အကြောင်းကိုကြည့်ပြီး အကျိုးကိုဖော်ထုတ်တဲ့နည်းကို
အနုမာန inference လို့ ခေါ်တယ်။ အနုမာန ဆိုတာ မှန်းဆပြီးတော့ကြည့်တာ ။
အဲ့ဒီ inference ဆိုတာ အရာဟာ အမှန်တရားကို ရှာတဲ့အခါမှာ
လုံလောက်တဲ့ ဆုံးဖြတ်ချက်ကို မပေးနိုင်ပါဘူး။ မြတ်စွာဘုရားက
လောကမှာ အမှန်တရားဆိုပြီး
လူတွေလက်ခံနေကြတာဟာ ဒါတွေအပေါ်မှာ အခြေပြုနေကြတယ်တဲ့။
မာအာကာရ ပရိဝိတက္ကေန
၇၊ မာအာကာရ ပရိဝိတက္ကေန = အခြေအနေ အရပ်ရပ် သုံးသပ်ဆင်ခြင်တဲ့နည်း၊
အကြောင်းတရား ရှာတဲ့နည်း reasoning နဲ့ လည်း အမှန်တရားကို ရှာလို့ မရဘူးတဲ့။
အဲ့ဒါကလည်း လွဲတဲ့အခါ လွဲသွားနိုင်တယ်။ ဒါကြောင့် သေချာတဲ့အရာ မဟုတ်ဘူး။
မာဒိဋ္ဌိ နိဇ္ဈနက္ခန္တိယာ
၈၊ မာဒိဋ္ဌိ နိဇ္ဈနက္ခန္တိယာ = ကိုယ့်အကြိုက်နဲ့ ကိုက်ညီတယ်ဆိုတာနဲ့ လည်း အမှန်တရားမရှာနဲ့ ။
လူတွေက အမှန်တရားကို ရှာတဲ့အခါမှာ
ဘာနဲ့ ရှာလေ့ရှိသလဲဆိုရင် ကိုယ့်အကြိုက်နဲ့  ကိုက်ညီမှုကို
အခြေခံပြုတဲ့ နည်းနဲ့ ရှာတက်ကြတယ်။ ကိုယ်က အမျိုးမျိုးတွေးခေါ်ပြီးတော့ ကြိုက်နှစ်သက်လို့ ယူထားတဲ့ အယူဝါဒနဲ့  ကိုက်ညီလို့ ရှိရင် လက်ခံတယ်။
ငါ ထင်တဲ့အတိုင်း ဟုတ်နေပြီဆိုပြီးတော့
ကိုယ့်အမြင်လေးနဲ့ မှန်လို့ ရှိရင်လည်း အမှန်တရားကို လက်ခံကြတယ်။
အဲ့ဒီ နည်းဟာလည်း စိတ်ချရတဲ့ အရာတစ်ခု မဟုတ်ဘူး။
မာဘဗ္ဗရူပတာယနောက်တစ်ခုက
၉၊ မာဘဗ္ဗရူပတာယ= မှတ်သားထိုက်တဲ့ အရာဆိုရုံနဲ့ လည်း အမှန်တရားကို မရှာနဲ့ ။
လူတွေက အမှန်တရားကို ရှာတဲ့အခါမှာ ဒါလေးကတော့ မှတ်ထိုက်တယ်။
ဟုတ်တယ် ၊ ယုတ္တိရှိတယ်ဆိုတာ လေးနဲ့  အမှန်တရားကို လက်ခံကြတယ်။ ရှေ့ကိုဆက်ပြီး မစဉ်းစားဘူး။
ဒါလည်းပဲ စိတ်ချရတဲ့ အကြောင်းတစ်ခု မဟုတ်သေးဘူး။
မာ သမဏော နောဂရု
နောက်ဆုံးတစ်ခုက ၁၀၊ မာ သမဏော နောဂရု = ဒို့ ကိုးကွယ်တဲ့ ဆရာပဲ၊ဆရားစကား လေးစားထိုက်တယ် ဆိုတာနဲ့ လည်း အမှန်တရားကို မရှာနဲ့ ။
မြတ်စွာဘုရားက ဒီပုဂ္ဂိုလ်ကြီးကတော့ ဒို့ ရဲ့ ဆရာကြီးဘဲ ၊ဂရုကြီးပဲ၊
သူပြောတာတွေ မှန်ရမယ်လို့ ဒီလိုလည်း မဆုံးဖြတ်လိုက်နဲ့ ။
ခုပြောခဲ့တဲ့ အချက် ၁၀ ချက်ဟာ အမှန်တရားကို ဆုံးဖြတ်တဲ့ အခါမှာ အားကိုးယုံကြည်လောက်တဲ့
အကြောင်းတရားတွေ မဟုတ်ဘူးတဲ့။
လက်တွေ့ သိတဲ့ အသိဥာဏ်
★★★★★★★★★★★★★★
ဒါဖြင့် အမှန် နဲ့  အမှား ကို ဆုံးဖြတ်တဲ့အခါမှာ
အားကိုးယုံကြည်လောက်တဲ့ အကြောင်းဆိုတာ ဘာလဲ။
ကိုယ်တိုင် လက်တွေ့ သိတဲ့ အသိဥာဏ်ပဲဖြစ်တယ်။
ကိုယ်တိုင်သိအောင်လုပ်၊
ကိုယ်တိုင် သိတဲ့အချက်ဟာ အသေချာဆုံးပဲ။
အေး ဥပမာ - လောဘဆိုတဲ့ သဘောတရား၊
ဒေါသဆိုတဲ့ သဘောတရား၊
မောဟဆိုတဲ့သဘောတရားဟာ အပြစ်ရှိတဲ့ အရာလား ၊
အပြစ်မရှိတဲ့ အရာလား။
မြန်မာလို ပြောမယ်ဆိုရင် ငရဲကြီးသလား ။မကြီးဘူးလား ။
ကိုယ့်ဟာကို စဉ်းစားကြည့်ပေါ့။ ငရဲကြီးတာ မကြီးတာ၊
အပြစ်ရှိတာ မရှိတာ ဘာနဲ့ တိုင်းမှာလဲ ။
ထင်ရှားတာ တစ်ခုပြောမယ်။ ဥပမာ - ကိုယ့်စိတ်ထဲ နှလုံးသားထဲမှာ
ဒေါသဆိုတာ ၀င်လာတာနဲ့ တစ်ပြိုင်နက် စိတ်နှလုံးအေးချမ်းမှုတွေ လက်လွှတ်ဆုံးရှုံးသွားတယ်။ အဲ့ဒါဟာ ဒေါသရဲ့ အပြစ်ပဲ၊
ပင်ကိုယ် တည်ငြိမ်တဲ့ စိတ်လေးပျက်စီးသွားပြီး ပူလောင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတာဟာ ဒေါသရဲ့ဆိုးကျိုးပဲ။
နောင်ဘ၀ ငရဲ ရောက်တာ မရောက်တာ အသာထား၊
ဒေါသဟာ ကောင်းသလား မကောင်းဘူးလားဆိုတာ
အခု ဘ၀မှာပဲ ကြည့်လို့ ရတယ်။
( ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ)
M.A; Ph.D
အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊
အဂ္ဂမဟာပဏ္ဍိတ၊
ပါဠိ ပါရဂူ
သ၊ စ၊ အ ဓမ္မာစရိယ
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်
အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ်
သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်
စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်
Ko Latt ဖေ့ဘုတ်မှ

No comments:
Post a Comment