Pages

Sunday, April 27, 2014

***** ဝဋ်သုံးပါးကြောင့် အပါယ်ကျပုံ ****


 
ဝဋ်သုံးပါးကြောင့် အပါယ်ကျပုံ
--------------------------------


ဝဋ်သည် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ဟုသုံးပါးရှိ၏။

ထိုတွင် ကိလေသဝဋ်အရ ဤနေရာ၌ ရုပ်နာမ်ကို ငါဟုအယူမှားသော ဒိဋ္ဌိကိလေသာကို ယူရ၏။

ကမ္မဝဋ်အရ ဒုစရိုက် ဒုရာဇီဝကို ယူရ၏။

ဝါသနာအရ အပျော်အပျက်အနေဖြင့် ခိုးလျှင် ဒုစရိုက်။

အသက်မွေးဝမ်းကျောင်း အတွက်ခိုးလျှင် ဒုရာဇီဝ ဤသို့ခွဲရ၏။

ဝိပါကဝဋ်အရ အပါယ်ခန္ဓာဖြစ်ခြင်းကို ယူရ၏။

အကြောင်းဝဋ် အကျိုးဝဋ်ခွဲလျှင် …

ကိလေသဝဋ် ကမ္မဝဋ်သည် အကြောင်းဝဋ်ဖြစ်ပြီး ဝိပါကဝဋ်သည် အကျိုးဝဋ်ဖြစ်၏။

ရွှေကို ဈေးနှိမ်ပြီး ဝယ်သောသူသည် ဒုရာဇီဝအမှုကို ပြုခြင်းဖြစ်သည်။ရွှေဝယ်သူတွင် တကယ်ရှိသောအရာကား ဖောက်ပြန်ခြင်း သဘောတရားရှိသည့် ရုပ်တရားနှင့် အာရုံကိုသိခြင်း သဘောတရားရှိသည့် နာမ်တရားတို့သာ ဖြစ်သည်။

ထိုရှိသည့် ရုပ်နာမ်သည်လည်း မပျက်မစီး အမြဲတည်နေသည် မဟုတ်။

တရစပ်ဖြစ်ပျက်နေသော အရာသာဖြစ်သည်။

အမြဲတမ်း ဖြစ်ပျက်နေသောကြောင့် အနိစ္စတရားသာ ဖြစ်သည်။

အဖြစ်အပျက်နှင့် အမြဲတမ်း နှိပ်စက်နေသောကြောင့် ဒုက္ခသာဖြစ်သည်။

ထိုရုပ်နာမ်များ မမြဲတာကို မြဲပါစေ။ ဆင်းရဲတာကို ချမ်းသာပါစေဟု မိမိအလိုလိုက် အကြိုက်ဆောင်အောင် ပြုလုပ်နိုင်စွမ်း မရှိသောကြောင့် အနတ္တတရားသာ ဖြစ်သည်။

မမြဲသောတရားကို မြဲသည် ဆင်းရဲသောတရားကို ချမ်းသာသည် ကိုယ့်အလိုမလိုက်သော တရားကို ကိုယ့်အလိုလိုက်သည် ဖောက်ပြန်သော သဘောရုပ်နှင့် သိ,သဘောနာမ်ကို ငါဖြစ်သည်ဟု ဖောက်ပြန်မှားယွင်းစွာ ယူမိလေသောအခါ ငါချမ်းသာဖို့အဓိက ကျန်တဲ့သူတွေ ဘာဖြစ်ဖြစ်ဟူသော ဝိသမလောဘဓာတ်ကြီး ဝင်ရောက်လာလေတော့သည်။

ဤသည်ကိုပင် ကိလေသဝဋ်ဟု ခေါ်ခြင်းဖြစ်၏။ ထိုကိလေသဝဋ်ကြောင့် ရွှေဆိုင်ပိုင်ရှင်သည် တစ်သိန်းခွဲတန်သော ပစ္စည်းကို ငါးသောင်းပေး၍ ဝယ်လိုက်ခြင်း ဖြစ်၏။ ဤကား ကမ္မဝဋ်ကို ပြုလုပ်လိုက်ခြင်းပေတည်း။ ထိုကမ္မဝဋ်ခေါ် အကုသိုလ်ကံကြောင့် ထိုသူများ သေလွန်သောအခါ အပါယ်ဘုံ တစ်ခုခုသို့ ကျရောက်နိုင်ပါသည်။ ထို့ကြောင့် အပါယ်လေးပါးသို့ ကျခြင်းကိုပင် ဝိပါကဝဋ်ဟု ခေါ်ခြင်းဖြစ်သည်။
----------------------------------

(မေတ္တာရှင် ရွှေပြည်သာ)

No comments:

Post a Comment