Pages

Friday, April 4, 2014

**** မွန်မြတ်မှုများဆီ ချဉ်းကပ်ခြင်း ****



အလွန်ကောင်းတဲ့ “တရားတော်“ ဖြစ်တာကြောင့်
အားလုံးအတွက် (ကူးယူ)တင်ပေးလိုက်ခြင်းဖြစ်ပါတယ်-
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ


ကိုယ့်အတွက် အလှအပတစ်ခုဟာ သူတို့အတွက် ဘ၀တစ်ခု ဖြစ်သွားနိုင်မယ်
ဆိုရင် ဘာဖြစ်လို့များ မစွန့်လွှတ်နိုင်ရမှာလဲ ။ 

(ဓမ္မဘေရီဆရာတော် )


''ကိုယ် စိုက်ပျိုးထားသည့်အတိုင်း ရိတ်သိမ်းကြရလေ့ရှိသည်''ဟု ဆိုသော်ငြားဆင်းရဲနွမ်းပါးသော ကလေးငယ်လေးတွေ၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေ ၊အသိပညာပန်းတွေ ပန်ဆင်ပြီး ကျောင်းစာအုပ်များကို လွယ်ပိုးကာ စာသင်ခန်းထဲမှာ ပူပင်ကြောင့်ကြမှုကင်းစွာ နေရမဲ့အစား ဘ၀ရဲ့ တာဝန်တွေကို လွယ်ပိုးရင်း ၀မ်းစာအခက်အခဲကို ဖြေရှင်းနေကြရသော ကလေးငယ်တွေ- စတဲ့ ခပ်နွမ်းနွမ်းဘ၀တွေကို တွေ့မိသည့်အခါတိုင်း သူတို့ဘ၀တွေအပေါ် ကရုဏာသက်မိသည်။

ဒီ မြင်ကွင်းတွေနဲ့ ကြုံရ ဆုံရသည့်အခါတိုင်းလည်း ဓမ္မဘေရီ ဆရာတော် ဘုရားရဲ့ အထက်ပါ စာတမ်းလေးက အလိုလို ရေရွတ်မိရက်သား ဖြစ်သွားပြီး တတ်နိုင်သမျှလည်း မုဒိတာလက်တွေ ကမ်းဖြစ်ခဲ့ပါသည်။


ထိုအခါ ''ကိုယ့်ရဲ့ ပေးလှူခဲ့မှုတွေဟာ ခမ်းနား ကြီးကျယ်မှု မရှိသော်လည်း သူတို့တွေအတွက် ဘ၀တစ်ခုဖြစ်သွားလောက်အောင်အထိ အထောက်အပန့် မဖြစ်တောင် ဘ၀ဆက်ရန် အင်အားတော့ ဖြစ်သွားမှာပဲလေ''ဆိုတဲ့ အတွေးလေးတွေနဲ့တင် ပျော်ရွှင်ကြည်နူးစရာ
ကောင်းလွန်းနေတော့သည်။


ထို့ကြောင့်ပင် ကျန်ရှိနေသေးသော ပိုင်ဆိုင်ခွင့်ရနေသေးသော သက္ကရာဇ်ကာလများအတွင်း အဓိပ္ပါယ်ရှိသော ရှင်သန်မှုများဖြင့် အသက်ရှုရှိုက်ခွင့်ရနိုင်ဖို့ အမြဲပင် မွတ်သိပ်တောင့်တခဲ့မိတော့သည်။


''အနီးကပ်ကျကွဲသံများဟာ ပိုပြီး မြည်လေ့ရှိသည်''ဆိုသည့်အတိုင်း ကိုယ့်ရဲ့ အနီးအနားက ဘ၀ပန်းတွေ ကြွေလွင့်သွား သည်ကို မြင်ရတိုင်း ''ဘ၀ဆိုတာ အချိန်မရွေး ကျကွဲသွားနိုင်တဲ့ ဖန်ခွက်လေး တစ်လုံးလိုပါပဲလား''ဆိုတဲ့ ''သဗ္ဗေ သင်္ခါရာ အနိစ္စာ''တမ်းခြင်းကိုလည်း နောင်တချိန်မှာ လွမ်းခြင်းမဖြစ်ရလေအောင် အလိုလိုပင် အသိကပ်လို့ သတိချပ် ဖြစ်ခဲ့ပါ သည်။

ထို နှလုံးသွင်း ဆင်ခြင်မှုများနှင့်အတူ စဉ်းစားဖြစ်ခဲ့မိသည်ကား ....
ဘွဲ့ဒီဂရီတွေ ပြည့်စုံမှ၊ ကိုယ်ပိုင် ခမ်းနားကြီးကျယ်ခြင်းတွေ ရှိလာတဲ့အခါမှ ဆိုတဲ့မရေမရာ အနာဂတ်တွေကို ဆုပ်ကိုင်နေမဲ့အစား ကျမကွဲခင် ကာလအတွင်း တန်ဖိုးရှိသော ဘ၀တစ်ခု ဖြစ်ဖို့ အများကောင်းကျိုးပြု လုပ်ငန်းများဖြင့် ဘ၀ကို ဋ္ဌာပနာရမည် ။

 မိမိဆီမှာ ချဉ်းကပ်လာမဲ့ တစ်စုံတစ်ရာသော သူတို့ရဲ့ လိုအင်ဆန္ဒတွေကိုတတ်နိုင်သမျှ ဖြည့်ဆည်းပေးရင်း ဘ၀ လက်ကျန် နေ့ရက်တွေကို ဖြတ်သန်းရမည်
ဟု တွေးတောလိုက်စဉ် ခဏမှာပင် စိတ်နှလုံးတွေ ချမ်းမြေ့ရသည်။ရယူခြင်း လမ်းစဉ်ဖြစ်တဲ့ ငါ့အတွက် … အတွက် … အတွက် ဆိုတဲ့ နာမ၀ိသေသန ရနံ့တွေ ကင်း
စဉ်နေတဲ့ အတွက်လည်း ပုဗ္ဗစေတနာကာလမှာပင် စိတ်နှလုံးတွေ အေးမြရ သည် ။


ဒါဆိုရင်ဘယ်လောက်အထိ ဖြည့်ဆည်းပေးနိုင်မှ

 ဖြည့်ဆည်းပေးခြင်းဖြစ်မလဲ ၊ဖြည့်ဆည်းပေးဖို့ရော အဆင်သင့် ဖြစ်နေပြီလား ... ဆက်တွေးဖြစ်တော့ ... ဆရာကြီးလူထုစိန်ဝင်းရဲ့ စာလေးတွေက အညတရ ရဟန်းငယ်တပါးရဲ့ နှလုံးသားအတွက် များ
စွာ အာဟာရ ဖြစ်စေခဲ့ပါသည်။
''လူနေရပ်ကွက်မှန်သမျှ ချမ်းသာပြည့်စုံတဲ့ လူတွေ ရှိသလို၊ဆင်းရဲတဲ့ လူတွေလည်းရှိပါတယ်။


အဖေ ပန်းရံအလုပ်က ပြန်မလာသေးလို့ ဗိုက်ဟောင်းလောင်းနဲ့တမျှော်ထဲ မျှော်နေရတဲ့ကလေးလေးတွေကို
လည်း တွေ့နိုင်ပါတယ်။အဲဒီအိမ်ကို ဆန်လေးတစ်ပြည်လောက် သွားပေးလိုက်တာလည်း ပရဟိတ ဖြစ်ပါတယ်။ 

အဲဒီကလေးများရဲ့မိခင်ကို ပြောင်းဖူးပြုတ်ကလေး ရောင်းနိုင်အောင်
 ငွေရင်းကလေးတွေ ငါးထောင်လောက် ထုတ်ပေးလိုက်တာလည်း ပရဟိတ ဖြစ်ပါတယ်။ ရပ်ကွက်တိုင်းမှာ လူဆင်းရဲနဲ့ ကလေးတွေရှိသလို အိမ်ထဲကအိမ်ပြင်မထွက်နိုင်တဲ့ လူအိုတွေ ဂိလာနတွေလည်းရှိမြဲ ဖြစ်ပါတယ်။

တချို့ လူအိုများဆိုရင် သားသမီးတွေ ကိုယ်စီ အလုပ်သွား ကြတာနဲ့
အိမ်မှာ အထီးကျန်ဖြစ်နေရှာကြတာ။ အဲဒီ လူအိုတွေနားသွားပြီး စကားစမြည်ပြော တာ၊သတင်းစာလေး၊တရားစာလေး ဖတ်ပြတာလည်း ပရဟိတ ဖြစ်ပါတယ် ။{လေး
အိမ်စု အရှင်ဝိစိတ္တသာရ - စကားလက်ဆောင် (၅) မှ }

အို … အားရှိစရာ ကောင်းလိုက်တာ ....။
ဟုတ်ပါတယ်...။


 မြတ်ဘုရားရဲ့ ဒေသနာတော်အရလည်း ပစ္စည်းများခြင်း၊နည်းခြင်း
ဟာ ပဓာနအကြောင်းတရား မဟုတ်ပဲ စေတနာများခြင်း၊ နည်းခြင်းကသာ ပဓာနအကြောင်းတရားမို့ ပရဟိတလုပ်ငန်းများကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်နေကြ
သော သူများကဲ့သို့ မစွန့်လွှတ် မပေးဆပ် နိုင်သေးသော်လည်း၊စွန့်လွှတ် ပေးဆပ်
စရာ မရှိသေးသော်လည်း ''ဆန်တစ်ပြည်ဖိုးလောက်တော့ ငါ ပေးစွမ်းနိုင်တာပဲ၊ပြောင်းဖူးပြုတ်အရင်းလေးလောက်တော့ ငါ ထုတ်ပေးနိုင်စွမ်း ရှိတာပဲ၊ သက်ကြီးရွယ်အိုတွေအတွက် ဆေးလေးတွေတော့ လှူဒါန်းနိုင်တာပဲ၊အထီးကျန်ဖြစ်နေကြတဲ့ အဖိုး အဖွားတွေကို တရားစကားလေးတွေ ဟောပြောပေးနိုင်တာပဲ''လေဆိုပြီး
တွေးရင်း တွေးရင်းပင် ပျော်ရွှင်နေမိတော့၏။


ထို အတွေးလေးတွေကြောင့်ပဲ အဲဒီ
ဒဿသ နလေးကို ရေးဖြစ်ခဲ့လိုက်တာပါ။

တတ်စွမ်းသမျှ ပေးဆပ်နိုင်ခြင်း ဖြည့်ဆည်းပေးနိုင်ခြင်းဆိုတာ မွန်မြတ်တဲ့အလုပ်ပါ။

မွန်မြတ်သောအလုပ်များနဲ့ဘ၀ကိုတန်ဆာဆင်လိုက်ခြင်းဖြင့် ဘုရားလောင်း ရဲ့ နှလုံးသားကို ဦးခိုက်ပြီးဖြစ်ရာ ရောက်သလို၊လိုချင်တက်မက်မှု တဏှာလောဘကို သတ်ပြီးပေးဆပ်စွန့်လွှတ်မှု အလောဘများနဲ့ သံသရာခရီးဆီ ဆက်ရာလည်းရောက်ပါတယ်။


ဒါကြောင့်မို့ မိမိတို့အားလုံး မိမိတို့ဆီမှာ ချဉ်းကပ်လာကြမဲ့ ကွက် လပ်များစွာရဲ့ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးရင်း မွန်မြတ်မှုများဆီ ချဉ်းကပ် ကြရအောင်လား။


ကိုယ့်အတွက် အလှအပတစ်ခုဟာ သူတို့အတွက် ဘ၀တစ်ခု ဖြစ်သွားနိုင်မယ်ဆိုရင်
ဘာဖြစ်လို့များ မစွန့်လွှတ်နိုင်ရမှာလဲလေ။
================================


ကိုယ် စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် လိုအပ်သော ဆုလာဘ်ရတနာ အဖြာ
ဖြာများနှင့် ပြည့်စုံကုံလုံနိုင်ကြပါစေ။
================================


မေတ္တာများစွာဖြင့် ... ချမ်းမြေ့သာ အရှင်ဇောတိက


 http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:405450

No comments:

Post a Comment