Pages
▼
***** မိဘတိုင်းသိသင့်သော အမွေနှစ်မျိုး ****
မိဘတိုင်းသိသင့်သော အမွေနှစ်မျိုး
---------------------------------------
ဗုဒ္ဓဘာသာဝင် မိဘအများစုသည် မိမိတို့၏ သားသမီးများကို ဓမ္မအမွေပေးဖို့
ဂရုမစိုက်ကြ။ လောကီပစ္စည်း ဥစ္စာအမွေ လောကီပညာအမွေ ပေးဖို့လောက်ကိုသာ
ဂရုစိုက်ကြသည်။
အမှန်အားဖြင့် လောကီပစ္စည်းအမွေနှင့် ပညာအမွေများသည်
တစ်ဘဝသာသုံးနိုင်ပေသည်။ ဓမ္မအမွေသည်ကား ယခု ပစ္စက္ခဘဝမှစ၍ သံသရာတစ်လျှောက်လုံး
အသုံးပြုနိုင်မည် ဖြစ်သည်။
ဓမ္မအမွေသည် အပါယ်တံခါး ပိတ်ပေးနိုင်သော်လည်း ပစ္စည်းအမွေသည် အသုံးမချတတ်လျှင် အပါယ်ကိုပင် ဆွဲချနိုင်ကြောင်း မိဘတိုင်း သတိပြုသင့်၏။
ထို့ကြောင့် မိမိ၏သားသမီးများကို သံသရာ တစ်လျှောက်လုံးထိ ချစ်ပါသည်ဆိုလျှင် ပစ္စည်းအမွေနှင့်အတူ ဓမ္မအမွေကိုလည်း အရပေးနိုင်ရပေမည်။
ဗိမ္ဗိသာရမင်းကြီးနှင့် အနာထပိဏ်သူဋ္ဌေးကြီးတို့သည် သောတာပန်ဖြစ်တာခြင်းလည်း
တူသည်။ ကျောင်းဒကာ ဖြစ်တာခြင်းလည်း တူသည်။ သားဆိုးတစ်ယောက် ရှိတာခြင်းလည်း
တူသည်။ မတူသောအချက်ကား အနာထပိဏ် သူဋ္ဌေးကြီးသည် သားဖြစ်သူကို ဓမ္မအမွေ
ပေးနိုင်ခဲ့ပြီး။ ဗိမ္ဗိသာရမင်းကြီးကား သားဖြစ်သူကို ဓမ္မအမွေ
မပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဗိမ္ဗိသာရမင်းကြီးသည် သားကို ဓမ္မအမွေ မပေးနိုင်ခဲ့ခြင်းကြောင့် ထိုသား၏ ပြန်လည်သတ်ဖြတ်ခြင်းကိုလည်း
ခံခဲ့ရသည်။ ထိုကံကြောင့် သားဖြစ်သူ အဇာတသတ်မှာလည်း ငရဲသို့ကျခဲ့ရသည်။
အနာထပိဏ် သူဋ္ဌေးကြီးကား သားဖြစ်သူကို ဓမ္မအမွေ ပေးနိုင်ခဲ့ခြင်းကြောင့်
သူကိုယ်တိုင်လည်း စိတ်ချမ်းသာပြီး သက်ရှည်ကျန်းမာစွာ နေခဲ့ရသလို
သားမိုက်ကြီးမှာလည်း သောတာပန်တည်ကာ အပါယ်တံခါး ပိတ်ခဲ့ရပေသည်။
ဓမ္မအမွေပေးပုံ
---------------
အနာထပိဏ်သူဋ္ဌေးတွင် သားသမီးလေးယောက်ရှိရာ သမီးသုံးယောက်မှာ သောတာပန်နှင့်
သကဒါဂါမ်တို့ ဖြစ်သော်လည်း သားဖြစ်သူ မောင်ကာဠကား စုန်းပြူးဟု ဆိုရလေမည်လား
မသိ။ အရက်သောက် လောင်းကစားလုပ်နှင့် လူမိုက်လူရမ်းကားကြီး ဖြစ်နေလေသည်။
သူဋ္ဌေးကြီးအိမ်တွင် နေ့စဉ် သံဃာနှစ်ထောင် ဆွမ်းကပ်သည့်အတွက်
ဆွမ်းအနုမောဒနာတရားကို မိသားစုအားလုံးနှင့်တကွ ကျေးကျွန်အားလုးပါ
နာကြားခွင့်ရကြသည်။
သို့သော် ထိုတရားနာ ပရိတ်သတ်ထဲတွင်
မောင်ကာဠ မပါပေ။ ထို့ကြောင့် သူဋ္ဌေးကြီးက တစ်နေ့ တစ်ရာပေးပြီး မောင်ကာဠအား
ကျောင်းသို့ ဥပုသ်စောင့် သွားခိုင်းသည်။ ငွေတစ်ရာကိုမက်သောကြောင့် မောင်ကာဠ
ဘုရားကျောင်းတော်သို့ သွားသည်။ သို့သော် တော်ရာချောင်ကြားထိုးအိပ်ပြီး ညနေကျ ပြန်လာပြီးလျှင် ဖခင်ထံ ငွေတစ်ရာတောင်းပြီး သောက်စားပျော်ပါးနေသည်သာ။
ငါးကြိမ် ခြောက်ကြိမ်ခန့် ကျောင်းသို့သွားပြီးသောအခါ မောင်ကာဠသည်
ဇေတဝန်ကျောင်းတော်နှင့် မစိမ်းတော့ပေ။ ထိုသို့ဖြစ်အောင် အနာထပိဏ်သူဋ္ဌေးကြီးက
တစ်ရက်တစ်ရာ အကုန်ခံနေခြင်း ဖြစ်၏။ နောက်ဆုံး တစ်ကြိမ်တွင်ကား
ငွေတစ်ထောင်ပေးမည်ဟု ဘုရားရှင်၏ တရားတော်ကို မှတ်မိအောင်နာယူခဲ့ပါဟု
ခိုင်းလိုက်သည်။
မောင်ကာဠသည် ငွေတစ်ထောင် လိုချင်သော ရမ္မက်ဇောကြောင့် တရားကိုနာလေရာ တရားအဆုံးတွင် သောတာပန်တည်သွားလေသည်။
ယခုခေတ် မိဘများသည်လည်း အနာထပိဏ်သူဋ္ဌေးကြီး၏ နည်းကိုယူ၍ သားသမီးများအား ဓမ္မအမွေရအောင် ပေးသင့်ပါ၏။
----------------------------------
(မေတ္တာရှင် ရွှေပြည်သာ)
No comments:
Post a Comment