Pages
▼
"ဘုရားရှင်တို့၏ တရားတော်ဆိုသည်မှာ"
ဓမ္မမိတ်ဆွေများအားလုံး သိကြတဲ့အတိုင်း တရားတော်(ဝါ) မုက္ခပါဌ်တော်များဆိုတာ
ဘုရားရှိမှ၊ ပွင့်မှသာ ဘုရားကို အကြောင်းပြုပြီး ဖြစ်လာရတာဆိုတာ
ငြင်းစရာမရှိပါ။ ထိုနည်းတူစွာ ထိုတရားတော်များကို ဟောကြားတော်မူခဲ့သည့်
ဘုရားရှင်တို့ရဲ့ အရင်းအမြစ် အတ္ထုပ္ပတ္တိကိုမှ တိတိကျကျ ဂဃနဏ မသိရလျှင်၊
မပြောပြနိုင်လျှင်၊ မပြောပြတတ်လျှင် ထိုဘုရားမျိုးဆိုတာ ရှိနိုင်ပါ၏လော၊
သို့မဟုတ် မရှိနိုင်ဘူးလားဆိုတဲ့ အချက်၊ စိတ်ကူးယဉ်ဒဏ္ဍာရီပုံပြင်ဘုရားမျိုး
ဖြစ်နေသလား၊ ဖြစ်မနေဘူးလားဆို
တဲ့ အချက်ကို အလေးအနက်ထားပြီး
စဉ်းစားသင့်ပါတယ်။
အကယ်၍ ဘုရားရှင်ကိုယ်တိုင်က အတ္ထုပ္ပတ္တိမရှိဘဲ အခြေခံအကြောင်း
ကင်းမဲ့နေလျှင် ထိုမရေရာတဲ့ ဘုရားရဲ့ တရားတော်(ဝါ)
မုက္ခပါဌ်တော်များဆိုတာဟာလည်း တိကျရေရာမှု၊ လက်ခံယုံကြည်လိုက်နာမှု
အတော်ခဲယဉ်းပါလိမ့်မယ်။
အတ္ထုပ္ပတ္တိမရှိသောကျင့်လမ်း၊ ကြံလမ်းမရှိသော (ဝါ)
လူသားတွေက မှန်းဆဖန်ဆင်း ကိုးကွယ်ရသော ဘုရားအတွက် ဘုရား၏
ကိုယ်စားလှယ်တော်အဖြစ် သာမန်လူသားတွေထက် တွေးခေါ် စဉ်းစားဥာဏ်ကောင်းသော
တွေးခေါ်ပညာရှင်တစ်ဦးဦးက သူ့ရဲ့ ကိုယ်ပိုင်အယူအဆ အတွေးအခေါ်တွေကို မမြင်ရ၊
မသိရ၊ အတ္ထုပ္ပတ္တိမှ မရှိသော စိတ်ကူးယဉ် အနန္တတန်ခိုးတော်ရှင်ဘုရားရဲ့
တရားတော်များအဖြစ် လူသားတွေကို ဟောကြားခဲ့တာကိုရော တရားတော် အစစ်ပါလို့
ဘယ်လိုယုံကြည်ရမည်နည်း။
ဒီနေရာမှာတစ်ခုပြောလိုပါတယ်။
ဆင်ခြင်တုံတရားကင်းမဲ့နေလျှင် ကောင်းသော စေတနာကို အရင်းခံတိုင်း ကောင်းသော
အကျိုးတရားတွေချည်းပဲ ဖြစ်လာလိမ့်မယ်လို့ တစ်ထစ်ချယုံကြည်မျှော်လင့်လို့
မရပါဘူး။ ဥပမာ လူတစ်ယောက်က စေတနာကောင်းနဲ့ တိုက်ကျွေးသော အဆိပ်ရည်ကို
သောက်ကြလျှင် သောက်တဲ့ သူများဟာ မသေပေဘူးလား၊ စေတနာကောင်းနဲ့ လမ်းပြသော
မျက်မမြင်အကန်းတစ်ယောက်၏ ဦးဆောင်လမ်းပြမှု နောက်ကိုလိုက်လျှင်
လိုက်တဲ့သူများဟာ ဆူးငြောင့် ခလုတ်နဲ့ တိုက်မိပြီး ချောက်ထဲ မကျပေဘူးလား
ဆိုတဲ့အချက်များကို လေးလေးနက်နက် စဉ်းစားသင့်ပါတယ်။
ဘုရားရဲ့ ဖြစ်စဉ်ကိုတောင်မှ တိကျသေချာစွာ မပြောပြနိုင်ဘဲ ထိုဘုရားရဲ့
တရားတော်များပါဆိုပြီး ပြောဟောနေကြ၊ လိုက်နာနေကြမယ်ဆိုလျှင်
အတော်အဓိပ္ပါယ်ကင်းမဲ့ပြီး ဝမရှိဘဲ ဝိလုပ်သလို ဖြစ်နေပါလိမ့်မယ်။
ထိုတရားတော်များ၏ လမ်းညွန်မှုကို လိုက်နာကျင့်ကြံ ဆောင်ရွတ်ကြခြင်းအားဖြင့်
အမှန်ကိုရောက်နိုင်၊ မရောက်နိုင် အကျိုးရှိနိုင်၊ မရှိနိုင်ဆိုတာကို
ကိုယ်ပိုင်ဥာဏ်အသုံးပြုပြီး စဉ်းစားသူတိုင်း အလွယ်တကူ
သဘောပေါက်နားလည်နိုင်ပါတယ်။
ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ် မိမိတို့ ကိုးကွယ်သည့် ဘုရား၏ ဖြစ်စဉ်
ကျင့်လမ်း၊ ကြံလမ်းများကို သိထား ကြဖို့ အဓိကဖြစ်သော ဘုရားက တိကျရေရာမှသာ
ထိုဘုရားရဲ့ တရားတော်(ဝါ) မုက္ခပါဌ်တော်များ ဟာလည်း တိကျရေရာပြီး
လိုက်နာကျင့်ကြံသူများအတွက် အကျိုးဖြစ်ထွန်းနိုင်ပါတယ်ဆိုတဲ့ အချက်ကို
စွဲစွဲမြဲမြဲ နှလုံးသွင်းထားဖို့နဲ့ ကိုယ်ပိုင်ဥာဏ်ကို အသုံးပြု၍
အမှားအမှန်ကို ဝေဖန်ဆန်းစစ်ပြီး အမှန်ကိုရအောင် ရှာတတ်ဖို့
အလွန်းအရေးကြီးပါတယ်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment