Pages

Thursday, May 1, 2014

**** ဘာသာတရား ရွေးချယ်ကြ။ ****

      
 ၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်ည ၇း၃၀ အချိန်မှာ ဘုန်းကြီးတို့ တရားပွဲကို ဆင်ယင်ကျင်းပရတာကတော့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ (၇) ရက်သားသမီး ၀ါတွင်း/၀ါပဆွမ်း
လောင်းအသင်းနှင့် သဟပုညကာရီ ဆွမ်းလောင်းအသင်းတို့၏ ဆွမ်းလောင်းအောင်ပွဲ တတိယအကြိမ် ဓမ္မပူဇာသဘင် အတွက် ဖြစ်ပါတယ်။



         ဆွမ်းလောင်းအသင်းဆိုတာ အင်မတန်ကောင်းပါတယ်။ သာသနာတော်မှာ ရဟန်းသံဃာတွေအတွက် လိုအပ်တဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါးထဲမှာ ဆွမ်းဟာအဓိ
က အကျဆုံး ဖြစ်ပါတယ်။


          ကဲ.....လူတွေမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ မရှိချင်ဘူး။ ဒါကြောင့် အားကိုးရာအဖြစ် ဘာသာတရားကို ကိုးကွယ်လာကြပါတယ်။ ဘာသာတရား ကိုးကွယ်ရာမှာ ပစ္စုပ္ပန်၊ အနာဂတ် အပြစ်မရှိဘဲ ဆင်းရဲအဖြာဖြာငြိမ်းအေးဖို့ လိုပါတယ်။ အဲဒါကြောင့် ဘုရားရှင်က ဘာသာတရား ရွေးချယ်
ကိုးကွယ်နည်းကို ညွှန်ပြတော်မူခဲ့ပါတယ်။


         ဒါကြောင့် ဘုန်းကြီးရှေ့ကတိုင်ပေးမယ်၊ ၃ ခေါက်စီ လိုက်ဆိုကြ...


      ””စံနှင့် မှတ်ကျောက်””

       =============

ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။


အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။


အမှားအမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။


မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။ ။


      မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန် မှတ်ကျောက် ဖြစ်ပါသည်။


      ရှစ်ဖြာမဂ္ဂင်၊ ဘောင်မ၀င်၊ ကျင့်စဉ် မှားလှသည်။


      ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌၀င်၊ ကျင့်စဉ် မှန်လှသည်။


      ကျင့်စဉ်မှန်မှ၊ ယူဝါဒ၊ ဒုက္ခ ငြိမ်းစေသည်။


      ဒုက္ခငြိမ်းမှ၊ ထိုဝါဒ၊ မုချ စစ်မှန်သည်။ ။


မဂ္ဂင်ရှစ်ထွေ၊ ကျင့်သူတွေ၊ ကိလေ ငြိမ်းကြသည်။


ကိလေငြိမ်းမှ၊ ၀ဋ်ဒုက္ခ၊ မုချ ငြိမ်းပေသည်။


မဂ္ဂင်ရှစ်ထွေ၊ မကျင့်ပေ၊ ကိလေ မငြိမ်းပြီ။


ကိလေမငြိမ်း၊ ဆင်းရဲကိန်း၊ အေးငြိမ်းသာ မရပြီ။


ချမ်းသာမဆောင်၊ တရားယောင်၊ ဝေးအောင် ရှောင်ရမည်။ ။


      ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာ ရှိပေသည်။


      ရှစ်မဂ္ဂင်ပွား၊ ကိလေများ၊ ငြိမ်းသွား ချမ်းသာသည်။


      ထို့ ကြောင့်ဗုဒ္ဓ၊ ယူဝါဒ၊ မုချ စစ်မှန်သည်။ ။


ကြုံကြိုက်ခဲစွာ၊ သာသနာ၊ ကြုံလာ ရပေပြီ။


ကြုံလာသော်လဲ၊ သင်ယူလွှဲ၊ သင်ပဲ ဆင်းရဲမည်။


မလွှဲစေလျှင်၊ ရှစ်မဂ္ဂင်၊ တွင်တွင် ပွားရမည်။


မဂ္ဂင်ပွားလျှင်၊ ကိလေစင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။ ။ ။


          ဒါကြောင့် ဘုန်းကြီးတို့ ပရိတ်သတ်တွေ .. မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့အတိုင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် ကျင့်ကြံအားထုတ်ပါက ငြိမ်းအေးချမ်းသာမှုကို ရနိုင်တယ်။ တခြားဘာ
သာတွေမှာတော့ မတွေ့ဘူး။ ဘုန်းကြီးတို့ ပရိတ်သတ်တွေ ဗုဒ္ဓဘာသာဝင်များ ဖြစ်နေရတာဟာ
အင်မတန် ကံကောင်းလို့ ....၊ ကံကောင်းတဲ့အလျောက် မြတ်စွာဘုရား မိန့်ကြားတဲ့ မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကျင့်ကြံပွားများ ကြိုးစားအားထုတ်ခြင်းအားဖြင့် ဘေးရန်ခပ်သိမ်း ငြိမ်းအေး၍
မြတ်နိဗ္ဗာန်ကို လျင်မြန်တောက်လျောက် ရောက်ရပါစေသတည်း။  သာဓု သာဓု သာဓု။ ။


( အခုလို သက်တော် ရှစ်ဆယ်ကျော်ဆရာတော်ကြီးရဲ့တရားတော်ကို နာခွင့်ရဖို့မလွယ်ပါ။


{ ၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ကျိုက္ကဆံရပ်ကွက်၌ဘဒ္ဒန္တဇနကာဘိဝံသ
(ချမ်းမြေ့ဆရာတော်) ဟောကြားသော  တရားတော်မှ ထုတ်နုတ်ရေးသားပူဇော်ပါသည်။ }

 http://www.damanady.tk/2014/05/blog-post_1155.html

No comments:

Post a Comment