Pages
▼
အဖေ့ခြေရာပူဇော်နည်း ( အဖေ့ဂုဏ်ရည် )
အဖေ့ခြေရာပူဇော်နည်း
အဖေ့ဂုဏ်ရည်
မွေးဖသည်ကား သမီးသားတို့
ကြီးပွားစေရန် ချစ်စိတ်သန်၍ ဘေးရန်ထူပြော မြစ်ရေကြောနှင့် တောင်တောမရှောင်
ညဥ့်မှောင်မကင်း ခလုတ်ကျင်းနှင့် မိုးပြင်းလေကြမ်း သည်းခံစွမ်းလျက်
ဘေးကျမ်းလက်နက် အသက်အန္တရာယ်
အသွယ်သွယ်ကို တကယ်မရှု ဥစ္စာစုလျက် သားနုသေးငယ်
သမီးမယ်တို့ ကိုယ်ဝယ်ဘေးရှင်း ရွယ်ကြီးမြင်းသော် စိုးမင်းရာဇာ ရှိန်ဝါမသေး
သူဌေးသူကြွယ် ဖြစ်ဘို့ရွယ်လျက် ကြီးငယ်လုံးလ ဥဿာဟဖြင့် မွေးဖမိတာ
ပြုနိုင်ပါ၍ ဓီတာပုတ္တ ရှိသမျှ၌ မိဖမေတ္တာ လွန်ကြီးပါ၏။
ဤအပိုဒ်ဖြင့်
ဖခင်ဖြစ်သူက သားသမီးတို့ကို စောင့်ရှောက်လုပ်ကျွေးပုံ
အဖေ့ကျေးဇူးဂုဏ်ရည်တို့ကို ပြဆိုသည်။ ဖခင်သည် သားသမီးအတွက်
စီးပွားဥစ္စာရှာဖွေရာ၌ မိမိအသက်အန္တရာယ်ကိုပင် ထည့်မတွက်ပဲ
ရှာဖွေစုဆောင်းပြီး လုပ်ကျွေးပုံကို ဖော်ညွှန်းပြသည်။ ဤ(၂)ပိုဒ်တို့ဖြင့်
မိဘနှစ်ပါးတို့က သားသမီးတို့အပေါ် မှာထားသော မေတ္တာတရားကြီးမားပုံကို
သီကုံးပြသည်။
မိဘကျေးဇူးဆပ်နည်း
မိဘတို့ကိုဖြစ်စေ
မိဘတို့၏ခြေရာကိုဖြစ်စေ ရှိခိုးဦးချရုံမျှနှင့်တော့ ကျေးဇူးဆပ်မှုသည်
မပြည့်စုံပေ၊ သဗြဟ္မကသုတ်၊ ဗြဟ္မသုတ်တို့၌လည်း မြတ်စွာဘုရားရှင်ကိုယ်တိုင်
တိုက်တွန်းညွှန်ပြထားသည့်အတိုင်း မိဘတို့အား အစားအသောက်တို့ကိုလည်း
ကျွေးမွေးပေးရမည်။ အ၀တ်အထည်တို့ဖြင့်လည်း ဆင်မြန်းပေးရ မည်။
အိပ်ယာထိုင်ခင်းတို့ကိုလည်း ခင်းကျင်းပြင်ဆင်ပေးရမည်။
ရေမိုးတို့ဖြင့်လည်း ချိုးပေးရမည်။
မိဘတို့ ညောင်းညာမှုဖြစ်လျှင်
ခြေဆုပ်လက်နယ် နင်းနှိပ်ပေးရမည်။ နေထိုင်မကောင်းလျှင် ဆေးဝါးလည်း
ကုသပေးရပါမည်။
မိဘတို့ကကုသိုလ်ပြုနိုင်ရန်အတွက် ငွေကြေးအားဖြင့်လည်း
ထောက်ပံ့ပေးကမ်းရပါမည်။
ထို့အပြင် သမစိတ္တ၀ဂ်၌ မြတ်စွာဘုရားရှင်
နည်းလမ်းညွှန်ပြခဲ့သော မိဘကျေးဇူးဆပ်နည်းတို့ဖြင့်လည်း ပြုစုစောင့်ရှေက်
လုပ်ကျွေးရပါမည်။ ယုံကြည်မှုသဒ္ဓါတရား၊ စောင့်ထိန်းမှု ကိုယ်ကျင့်တရား၊
စွန့်ကြဲပေးကမ်းမှု၊ စာဂတရား၊ ဆင်ခြင်သိမြင်မှု ပညာတရားအားဖြင့် ဤတရား(၄)ပါး
နည်းပါးသော မိဘတို့ကို ပြည့်စုံတိုးပွားအောင် ပြုလုပ်ပေးခြင်းဖြင့်လည်း
ကျေးဇူးဆပ်ရပါမည်။
မိဘခြေရာပူဇော်နည်း
ထိုအခါတွင်မူ
မိဘနှစ်ပါးတို့၏ ခြေဖ၀ါး ခြေရာ လေးဖက်လုံးကိုဖြစ်စေ မိခင်၏ ဘယ်ခြေဖ၀ါးခြေရာ
ဖခင်၏ ညာခြေဖ၀ါးခြေရာကိုဖြစ်စေ နနွင်းမှုန့်(သို့မဟုတ်) သင့်တော်သည့်
ဆေးရောင်ဖြင့် အ၀တ်ဖြူသန့်သန့်ပေါ်တွင် ချစေရပါမည်။ ထိုမိဘတို့၏ခြေရာ
ထင်ကျန်ရစ်သော အ၀တ်စကို တဘက်ဖြစ်စေ ခေါင်းအုံးဖုံး ခေါင်းအုံးစွတ်ဖြစ်စေ
ပြုလုပ်ပြီး ရှိခိုးနိုင်ပေသည်။
တဘက်ဖြင့် မျက်နှာသုတ်နိုင်သလို
ခေါင်းအုံးဖုံးခေါင်းအုံး စွတ်ထားသော
ခေါင်းအုံးပေါ်တွင် ခေါင်းချပြီးလည်း
အိပ်စက်နိုင်ပါသည်။
ခရီးသွားလာရာတွင် အဆောင်အဖြစ် ယူသွားနိုင်ပေသည်။
ရောက်လေရာ နေလေရာအရပ်မှာ မိဘတို့၏ ခြေရာတို့ကို မြင်တိုင်းမြင်တိုင်း
မိဘတို့၏ မိမိအပေါ်ပြုဘူးထားသော ကျေးဇူးတွေကို သတိရပြီး
ဦးချရှိခိုးနိုင်ပါသည်။ ယင်းတို့ပြုလျှင် ဘေးရန်အန္တရာယ်
ကင်းဝေးနိုင်ပါသည်။
စီးပွားဥစ္စများလည်း တိုးတက်နိုင်ပေသည်။
အဖေ့ခြေရာ ရှိခိုးဂါထာ
ဝုဎိုကာရော အာလိင်္ဂေတွာ၊ စုမ္ဗိတွာ ပိယ ပုတ္တကံ
ရာဇမဇ္ဈံ သုပတိဋ္ဌံ၊ ပိတုပါဒံ နမာမဟံ။
ယောပိတာ၊ အကြင်အဖေသည်။ ၀ုဎိုကာရော သားသမီး၏ ကြီးပွားကြောင်းကို
ပြုလုပ်လျှက်။ အာလိင်္ဂေတွာ၊ သားသမီး၏လည်ကိုပွေ့ဖက်ပြီး။ စုမ္ဗိတွာ၊
နမ်းရှုတ်၍။ ပိယ ပုတ္တကံ၊ ချစ်လှစွာသော သားသမီးကို။ ရာဇမဇ္ဈံ၊ မင်း
မှူးမတ်တို့၏ အလယ်၌။ သုပတိဋ္ဌံ၊ ကောင်းစွာတည်စေ၏။ ပွဲလယ်တင့်စေ၏။ တဿ ၀ိသု
ထိုအဖေ၏။ ပါဒံ၊ ခြေအစုံ ခြေရာအစုံကို။ အဟံ၊ အကျွန်ုပ်သည်။ နမာမိ၊
ရိုသေမြတ်နိုး ရှိခိုးပါ၏။
မှတ်ချက်။ ဆရာတော်ဘဒ္ဒန္တနာရဒါဘိဝံသရေးသားသော အဖေ့ခြေရာ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
(မှတ်ချက်။ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ ရေးသားသော အဖေ့ခြေရာစာအုပ်မှကောက်နှုတ်ဖော်ပြပါသည်။)
ဗုဒ္ဓသည်သာ ကိုးကွယ်ရာမှ
No comments:
Post a Comment