
တရားဆိုတာ နာရတယ်။ နာလို့ရှိရင် ဒီဘဝ အပြည့်အဝ နားမလည်လည်း မျိုးစေ့ကလေးတော့ ဖြစ်သွားတယ်။ နောင်ဘဝ အတွက် မျိုးစေ့ရတယ်ဆိုတာ နည်းတာမဟုတ်ဘူး။ မျိုးစေ့ကလေး ရသွားနိုင်တယ်။ အေး . . . ဒီလိုလေးတောင် ဘုရားသာသနာနဲ့ ကြုံတဲ့ အချိန်လေးမှာ မျိုးစေ့လေးတောင် မရလိုက်လို့ရှိရင် နောင်ဘဝ အပင်ဆိုတာ မမျှော်လင့်လေနဲ့။ သံသရာထဲမှာ မျှော်လင့်စရာ အကြောင်းမရှိဘူး။ ဘုရားနဲ့တွေ့လည်းပဲ မကျွတ်နိုင်တဲ့ နလပိန်းတုန်း ပဲ ဖြစ်မှာပဲ။
အေး . . . တရားဓမ္မကို နားမလည်ဘူး၊ ဒီဘဝမှာ နားလည်နိုင်တဲ့ စွမ်းအား မရှိခဲ့ဘူး၊ နားမလည်ခဲ့ဘူး၊ တရားဆိုတဲ့ အသံနားထဲတောင် မရောက်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ နောက်ဘဝလည်းပဲ ရောက်ဖို့သိပ်မရှိတော့ဘူး။
ဝေးသထက် ဝေးသွားတတ်တယ်။ ဒါက မဖြစ်ဘူး မပြောနဲ့။ ပဉ္စက္က ပုဏ္ဏား လင်မယား ကဿပမြတ်စွာဘုရား လက်ထပ်က နာမရူပ ဆိုတဲ့ စကားလုံးနဲ့ ရှင်းဟောတာ တစ်ခါတည်း အနာဂါမ် တန်းဖြစ်တယ်လေ။ ဘာဖြစ်လို့ ဖြစ်တာတုန်းဆိုတော့ နာမရူပ ဆိုတဲ့ စကားလုံးလေးကို ကြားခဲ့ဖူးလို့တဲ့။ အတိတ်က အကြောင်းနဲ့ ပြန်ဆက်ပေးတာ။ ဘယ်အရာမှ ပျောက်သွားတာမရှိဘူး၊ online ဖြစ်နေတာ၊ ကိုယ့်သန္တာန်မှာ ဖြစ်သွားတဲ့ အသိဥာဏ် တစ်ခုဟာ အခုခေတ် စကားနဲ့ပြောရင် online ဖြစ်နေတာ။
online ဖြစ်နေတယ်ဆိုတာ နောက်ထပ် အကြောင်းတစ်ခုပေါင်းလိုက်တာနဲ့ တစ်ပြိုင်နက် သူကပေါ်လာမှာ။ အေး . . . ဒါကြောင့်မို့လို့ မြတ်စွာဘုရား သာသနာနဲ့ ကြုံတွေ့နေတဲ့ အချိန်လေးမှာ မိမိတို့ တရားဓမ္မကို လေ့လာသင့်တယ်၊ နားလည်အောင် မှတ်ယူသင့်တယ်၊ လေ့လာသင့်တယ်၊ အဲဒီလို မှတ်ယူလေ့လာခြင်းဟာ ဘယ်တော့မှ အလဟသ မဖြစ်ဘူးတဲ့။
လုပ်ထားတဲ့ အရာတွေဟာ အလဟသ သဲထဲ ရေသွန် ဖြစ်တယ်ဆိုတာ မရှိဘူးတဲ့။ အဲဒါကြောင့်မို့လို့ အင်မတန်မှ ခိုင်မြဲတယ် ဒီအသိဥာဏ်တွေဆိုတာ။ အနိစ္စသဘောတရားအရ ပျောက်သွားပေမယ့်လို့ သူ့ရဲ့ စွမ်းရည် သတ္တိ တွေက ကျန်ရစ်တယ်။ ကြည့်လေ ငယ်ငယ်တုန်းက `က၊ခ´ မရေးတတ်တဲ့ အချိန်မှာ ဆရာ၊ ဆရာမ တွေဆီက သင်ထားတာ ကြီးတော့ ပျောက်သွားလား။ ဘယ် ပျောက်မလဲ။ ငယ်ငယ်တုန်းက ရေးတတ်တာ သင်ထားတာဟာ ကြီးတော့ ပျောက်သွားတာမှ မဟုတ်တာ၊ အသိဥာဏ် ဆိုတာ ပျောက်မသွားဘူးတဲ့၊ ပြန်ပေါ်လာတယ်။ ဒါကြောင့်မို့လို့ တရားဓမ္မကို လေ့လာ လိုက်စားကြရတယ်။ ကျင့်ကြံကြိုးကုတ် အားထုတ်ရတယ်။
အဂ္ဂမဟာ ပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
အားလုံး ကျန်းမာ ချမ်းသာပါစေ....။
ဓမ္မစာပေများ တစ်ဆင့်မျှဝေပူဇော်ခြင်းဖြင့် ကုသိုလ်ပွားများနိုင်ကြပါစေသော်ဝ်......။
No comments:
Post a Comment