Pages

Monday, July 28, 2014

မှန်သောဗေဒင် မှားအောင်လုပ်နည်း "ယတြာ"

 

မှန်သောဗေဒင် မှားအောင်လုပ်နည်း "ယတြာ"
==========================


လွန်ခဲ့သော နှစ်ပေါင်း[ ၂၅၀၀ ] ကျော်က မှန်ပါတယ်ဆိုတဲ့ ဗေဒဝိဇ္ဇာပါရဂူ ရသေ့ကြီးများပင် အံ့သြစရာအဖြစ် မှတ်တမ်း တစ်ခု တင်ခဲ့ရကာ " ယတြာ "ဟူသောစကားကို စတင်ကြားခဲ့ရသော အချိန်အခါ ဖြစ်ခဲ့ပါတယ်။



ထိုအချိန်အခါသည်ကား ဗေဒဝိဇ္ဇာပါရဂူများ အောင်မြင်ကျော်ကြားနေတဲ့
အချိန်အခါပါ အလောင်းတော် သိဒ္ဓတ္ထမင်းသားကိုပင် ကောဏ္ဍညပုဏ္ဏားမှ 
ဘုရားစင်စစ် ဧကန်ဖြစ်ပါလိမ့်မည်ဟု လက်ညိုးတစ်ချောင်းထဲထောင်ကာ
 မှန်အောင် ဟောစွမ်းနိုင်သော အချိန်အခါလည်း ဖြစ်ပါတယ်။

ထိုသို့ မှန်အောင် ဟောစွမ်းနိုင်သောခေတ်အခါ၌ ပုဏ္ဏားတစ်ယောက်သည်
 မိမိ၏အသက်ဇာတာကို ကိုယ့်ဘာသာ ပြန်လည်တွက်ချက်သောအခါ ဒီကနေ့မှစ၍ နောက်ငါးနှစ်ပြည့်သောနေ့၌ ကွယ်လွန်အနိစ္စရောက်မည်ကို 
 တွက်ချက်မိလေတော့သည် ထိုသို့ တွက်ချက်မိသောနေ့မှစကာ စိတ္တဇများဖြင့် 
အိပ်မပျော် စားမဝင်ကာ ခန္ဓာကိုယ်မှာ ကြုံလီပိန်ခြုံး၍ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ခဲ့တယ်ပေါ့။

မိမိနှင့်ဗေဒင် ပညာရပ်များ အတူတကွ သင်ဘူးခဲ့သော မိတ်ဆွေများက
 ပုဏ္ဏာကြီး၏ အသက်ဇာတာကို ဝိုင်းဖွဲ့တွက်မိသောအခါမှာလည်း ဒီကနေ့မှစရေတွက်ကာ နောက်ငါးနှစ်ပြည့်သောနေ့၌ သေလိမ့်မည် ဟူသော
 အဖြေပင် ထွက်နေခဲ့ပါတယ် ထို့ကြောင့် ပုဏ္ဏားများ စုဝေးတိုင်ပင်တဲ့အခါ သာဝတ္ထိပြည်မှာ ဂေါတမဗုဒ္ဓရောက်နေတယ် ဒီဂေါတမဗုဒ္ဓဟာ 
 မသိသောအရာမည်သည် မရှိဟု နာမည်ကြီးပါတယ် 
သင်ပုဏ္ဏားကြီးမှာ စွဲကပ်နေတဲ့ အသက်ဇာတာကို ဂေါတမဗုဒ္ဓထံ 
သွားရောက်မေးမြန်းပါက သင့် စိတ်ထဲမှာ အဖြေတစ်ခုခုတော့ ရနိုင်တယ်။
 ဂေါတမဗုဒ္ဓထံသွားပါ ဟု လွှတ်လိုက်ပါတော့တယ်။

ဒီအခါမှာ ပုဏ္ဏားကြီးလည်း မြတ်စွာဘုရားထံ ရောက်ရှိလာကာ မိမိ၏ အသက်ဇာတာကို မေးမြန်းသောအခါ မြတ်စွာဘုရားက ဟုတ်တယ်ပုဏ္ဏာကြီး ဒီနေ့မှစရေတွက်ပါ နောက်ငါးနှစ်ပြည့်သောနေ့ ည(၁)နာရီအချိန် သေပါလိမ့်မယ်
 သေပြီးသောအခါ ဟိုး---မြောက်ဘက်တောတန်းမှာ မျောက်ဖြစ်ပါလိမ့်မယ် ဟု တိကျစွာ ပြောလိုက်ပါတော့တယ်။

မြတ်ဘုရားစကားကြားသောအခါ ပုဏ္ဏားကြီးသည် အိမ်မပြန်ဘဲ
 မြောက်ဘက်တောတန်းသို့ အပြေးအလွှားလာကာ တောတန်းကိုရှင်းပါတယ်။
 ထို့နောက် ငါးနှစ်အတွင်း စားသောက်ရနိုင်မဲ့ သစ်သီးများ စိုက်ပျိုးပါတယ် ရေတွင်းများလည်းတူးပါတော့တယ် သူ့ရည်ရွယ်ချက်က
 မျောက်ဖြစ်တဲ့အခါ အားလုံး အဆင်ပြေနေရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ ပုဏ္ဏားကြီး စိုက်ပျိုးလိုက်သော တောတန်းကြီးမှာလည်း သစ်သီးဝလံ ဥယျာဉ်ပန်းမန်များဖြင့် စည်းကားဝေဆာလာပါတော့တယ်။

အရပ်လေးမျက်နှာ ခရီးသွား ပုဂ္ဂိုလ်များကိုလည်း ပုဏ္ဏားကြီးက
 မိမိဥယျာဉ်ခေါ်ကာ သစ်သီများ ရေများကို ကျွေးမွေးလာလိုက်တာ
 ငါးနှစ်ပြည့်၍ ပုဏ္ဏားသေမဲ့နေ့သို့ ရောက်ရှိလာပါတော့တယ်
 ပုဏ္ဏားကြီးလည်း ည(၁)နာရီအထိ သေမင်း သူ့ကိုလာမခေါ်သောအခါ
 ဘုရားရှင်ထံ ရောက်လာပြီး ဒီမှာ ရှင်ဂေါတမ ကျွနုပ် ငါးနှစ်ပြည့်ပါသော်လည်း
 မသေတာ အဘယ့်ကြောင့်ပါလဲ ဟု မေးလျှောက်ပါတော့တယ်။
ထိုအခါ မြတ်စွာဘုရားက ပုဏ္ဏားကြီး ဒီငါးနှစ်အတွင်း သင် ဘာတွေ 
လုပ်ခဲ့ပါသလဲ လို့ မေးတဲ့အခါ ပုဏ္ဏာက တပည့်တော် မျောက်ဖြစ်ရင်
 အဆင်သင့်ဖြစ်အောင် ဥယျာဉ် နှင့် ရေတွင်းများ တူးခဲ့ပါတယ်။

 ခရီးသွားများကိုလည်း တပည့်တော် ဥယျာဉ်မှ သစ်သီးများ
 ရေများကို စေတနာထက်သန်စွာ ကျွေးခဲ့ပါတယ် လို့ လျှောက်တဲ့အခါ
 မြတ်စွာဘုရားက ပုဏ္ဏားကြီး မှန်တဲ့ဗေဒင်ကို မှားအောင်လုပ်သော အကောင်းဆုံး အသက်ရှည်စေသောယတြာမှာ ဥယျာဉ်စိုက် ရေတွင်းတူးသော ကောင်းမှုသာ ရှိပါတယ် ဟု ဟောတော်မူလိုက်တယ် ထိုအချိန်မှစ၍ ယတြာဟူသောစကား စတင် ပေါ်ပေါက်လာလေတော့သတည်း။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

  မေတ္တာဖြင့်-----
ဓမ္မာစရိယ ဦးဇင်းလေး
27-7-2014
[ ဝိမာနဝတ္ထုကို တန်ဆာဆင်ကာ ရေးဖွဲ့အပ်ပါသည် ]

No comments:

Post a Comment