Pages
▼
ဘုရင့်သား ဖြစ်ပါလျှက် ထီးနန်းနှင့် မထိုက်တန်သူ

ရောဟိတနတ်သားက မြတ်စွာဘုရားကို လျှောက်ထားတယ်။ “ဘုန်းတော်ကြီးသောမူသော
မြတ်စွာဘုရား ပဋိသန္ဓေနေရတဲ့ ဆင်းရဲလည်း မရှိ၊ အိုရ -နာရတဲ့ ဆင်းရဲလည်း မရှိ
၊ အမြဲမကွာ ချမ်းသာနေတဲ့ နိဗ္ဗာန်သို့ ရောက်ရန် အဘယ်သို့ မှန်ကန်သော
လမ်းခရီးဖြင့် သွားရပါမည်နည်းဘုရား” ဟု လျှောက်ထားတယ်။
ဒီတော့ မြတ်စွာဘုရားက “ န ဟိ ဧတေဟိ ယာနေဟိ ဂစ္ဆေယျ
အာဂတံ ဒိသံ” ရောဟိတနတ်သား ၊လောက၌ အသုံးပြုနေကြသော လှည်းယာဉ် ၊ စက်ယာဉ်
စသော ယာဉ်တို့ဖြင့် နိဗ္ဗာန်သို့ သွားလို့ မရောက် နိုင်ဘူး။ “နိဗ္ဗာနပူရံ
ပါပေသိ ၊ ယာနတ္တယေန သော ဇိနော ” အရိယာမွန် သူတော်ချွန်တို့သာ
စီးသွားနိုင်သော လက္ခဏာယာဉ် ဖြင့်သာ လောကကြီး တစ်ရပ်လုံးထက်
အမြတ်ဆုံးနိဗ္ဗာန် သို့ သွားနိုင်တယ် -ရောက်နိုင်တယ်လို့ မိန့်ကြားတော်မူ၏။
ဒီစကားကို ထောက်ချင့်သော် နိဗ္ဗာန်ရောက်နိုင်တဲ့ လမ်းခရီးကား အနိစ္စ ၊ ဒုက္ခ ၊
အနတ္တ ဆိုတဲ့ ယာဉ်သုံးပါး ၀ိပဿ နာ။ လူ့ဘ၀ကြီး ရလာတဲ့ အခါ လူအစစ်
လူအမှန်ဖြစ်ရန် အရေးကြီးတယ်။ လူ အစစ်ဆိုတာ “ ကိလေသေ လုနာတိ ဆိန္ဒတီတိ လူ”
ဟု ဆရာမြတ်တို့က ၀ိဂြိုဟ်ဝစနတ် ပြုထားလေတော့ တဏှာ ၊ မာန ၊ ဒိဋ္ဌိ ၊ ၀ိစိကိစ္ဆာ
စသော ကိလေသာတရားတို့ကို ပယ်သတ်နိုင်မှ လူအစစ်ဖြစ်တယ်။
သို့မဟုတ် အမိုက်ကြီး ငါးပါးနဲ့ အမိုက်မှောင် ကျနေလျှင် “ လူအန္ဓ ၊ လူ အတုအပ” တွေပဲ ဖြစ်နေမယ်။ အမိုက်ကြီး ငါးပါးဆိုတာ.....
၁) ကံ ၊ ကံ၏အကျိုးကို မသိတဲ့ ကမ္မသမ္မောဟ အမိုက်ကြီး။
၂) ခန္ဓာ ၊ အာယတနာ ၊ ဓာတ် ၊ သစ္စာကို မသိတဲ့ ဓမ္မသမ္မောဟ အမိုက်ကြီး။
၃) ပဋိစ္စသမုပ္ပာဒ်ကို မသိတဲ့ ပစ္စယ သမ္မောဟ အမိုက်ကြီး။
၎) လက္ခဏာရေးသုံးပါးကို မသိတဲ့ လက္ခဏာသမ္မောဟ အမိုက်ကြီး။
၅) နိဗ္ဗာန်ကို မသိတဲ့ နိဗ္ဗာန သမ္မောဟ အမိုက်ကြီး။
ဤ အမိုက်မှောင် ပျောက်ကာ အလင်းရောင်ရောက်တဲ့ လူလိမ္မာဖြစ်ဖို့ အရေးကြီးတယ်။
အလင်းရောင် ရောက်ဖို့ကလည်း ငါးပါးရှိတယ်။
၁) ကံ ၊ ကံ၏ အကျိုးကိုသိတဲ့ ကမ္မဿ ကတဥာဏ်။
၂) ခန္ဓာ ၊ အာယတန ၊ ဓာတ် ၊ သစ္စာကို သိတဲ့ ဓမ္မ၀၀တ္ထာနဥာဏ်။
၃) ပဋိစ္စသမုပ္ပာဒ်ကို သိတဲ့ ပစ္စယ၀၀တ္ထာနဥာဏ်။
၎) လက္ခဏာရေးသုံးပါးကို သိတဲ့ လက္ခဏပဋိဝေဒဥာဏ်။
၅) နိဗ္ဗာန်၏ သဘောကို သိတဲ့ နိဗ္ဗာနပဋိဝေဒဥာဏ်။
ဤ အလင်းရောင်ကြီး ငါးပါးနှင့် ပြည့်စုံမှ လူမှန် လူစစ်ဖြစ်၍
လူဖြစ်ကျိုးနပ်တယ်။ ယခုလို သာသနာတော်ကြီး နှင့် ကြုံကြိုက်နေပါလျက် ၀ိပဿ
နာတရား အားမထုတ်ပါလျှင် ဘုရင့်သား ဖြစ်ပါလျက် ထီးနန်းနဲ့ မထိုက်တန်သော
သားမိုက်နှင့် တူနေလိမ့်မည်။
ကျမ်းကိုး---သဂါထာဝဂ္ဂ သံယုတ်ပါဋိတော်
--- ၀ိပဿ နာရှုနည်းကျမ်း
No comments:
Post a Comment