
**ဗုဒ္ဓ**
******
အပိုင်း(၃)
-----------
ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျူးပူဇော်မှုကိုလည်း မနှစ်သက်ချေ။ တစ်ခါသော် ဗောဓိမင်းသားသည် ဗုဒ္ဓအား နန်းတော်သို့ ဆွမ်းစားရန် ပင့်ဖိတ်၍ ဗုဒ္ဓကြွလာမည့်လမ်း၌ အဖိုးတန် ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏။
******
အပိုင်း(၃)
-----------
ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျူးပူဇော်မှုကိုလည်း မနှစ်သက်ချေ။ တစ်ခါသော် ဗောဓိမင်းသားသည် ဗုဒ္ဓအား နန်းတော်သို့ ဆွမ်းစားရန် ပင့်ဖိတ်၍ ဗုဒ္ဓကြွလာမည့်လမ်း၌ အဖိုးတန် ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏။
ဗုဒ္ဓသည် ကြွလာ၍
ပုဆိုးဖြူခင်းထားသည်ကိုမြင်သော် ရှေ့ဆက်မသွားဘဲ ရပ်တန့်၍နေ၏။ မင်းသားက
ပုဆိုးဖြူအခင်း အားလုံးကို ရုပ်သိမ်းပြီးသောအခါမှ နန်းတွင်းသို့
ဝင်တော်မူ၏။ (မဇ္ဈိမနိကာယ် ဗောဓိရာဇကုမာရသုတ်) လူအများ၏ ချီးကျူးပူဇော်ခြင်း
ခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ့်ချ၍ ပြောလေ့ရှိ၏။
ပရဗိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာ ကျင့်နိုင်ပါပေသည်ဟု
ချီးကျူး၏။ ထိုအခါ ဗုဒ္ဓက မိမိ၏ ခြိုးခြံစွာကျင့်မှုမှာ အချို့သော
တပည့်ရဟန်းတို့၏ ခြိုးခြံစွာကျင့်မှုနှင့်စာသော် ဘာမျှမပြောပလောက်ပါ။
ထိုတပည့်ရဟန်းတို့က မိမိထက်သာလွန်၍ ခြိုးခြံစွာ နေထိုင်စားသောက်ကြပါသည်ဟု
မိန့်ကြား၏။ (မဇ္ဈိမနိကာယ် မဟာသကုလုဒါယီသုတ်) တစ်နေ့သော ညနေချမ်း၌ ဗုဒ္ဓသည်
ရဟန်းများနှင့်အတူ ထိုင်လျက်ရှိစဉ် ရဟန်းတို့ သင်တို့သည် အကယ်၍ ငါ၌
ကိုယ်နှင့်နှုတ်နှင့်စပ်သော အပြစ်တစ်စုံတစ်ရာ တွေ့မြင်ပါက ငါ့အား
လျှောက်ထားကြကုန်လော ဟု မိန့်တော်မူ၏။
(သဂါထာဝဂ္ဂသံယုတ် ဝင်္ဂိသသုတ်)။
ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ စိတ်သဘောထား မြင့်မြတ်မှု သနားကြင်နာမှု
ထောက်ထားစာနာမှုစသော ဂုဏ်များကို အထူးပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ
ဒီဃနိကာယ်မှ မဟာပရိနိဗ္ဗာနသုတ်ဖြစ်၏။
ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင့်မြတ်မှု
ထင်ဟပ်နေသော နောက်ဆုံးမိန့်ကြားချက်များကို ဖော်ပြအံ့။ ဗုဒ္ဓသည်
ရွှေပန်းထိမ်သား စုန္ဒ၏ ဝက်သားဆွမ်းကို ဘုဉ်းပေးပြီးနောက် ဝမ်းသွေးသွန်ရောဂါ
အပြင်းအထန် ခံစားရ၏။
သို့ရာတွင် စုန္ဒအား စိတ်မကောင်း မဖြစ်စေလိုသောကြောင့်
ဘုရားရှင် နောက်ဆုံးဘုဉ်းပေးသော ဆွမ်းသည် အခြားဆွမ်းတို့ထက် အကျိုးအာနိသင်
ကြီးမားသည်ဟု ဘုရားရှင်၏ မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ၏
နှလုံးမသာယာခြင်းကို ဖြေဖျောက်ရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ့၏။
အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မီ တပည့်သံဃာတို့အတွက် တစ်စုံတစ်ရာ
မှာကြားတော်မူခဲ့လိမ့်မည်ဟု မိမိ ယုံကြည်ပါကြောင်း လျှောက်ထား၏။ ထိုအခါ
ဗုဒ္ဓ မိန့်ကြားသောစကားမှာ။ ။
အာနန္ဒာ ငါဘုရားအား သင်တို့ အဘယ်ကြောင့်
ဤမျှလောက် တောင့်တနေဘိသနည်း။ ငါသည် တရားဓမ္မကို အကြွင်းမဲ့ ဟောကြားခဲ့ပေပြီ။
သင်တို့သည် ငါ၏ နောက်လိုက်ဖြစ်သည်။ ငါသည် သင်တို့၏ ခေါင်းဆောင်ဖြစ်သည်ဟု
ငါ မယူဆခဲ့ချေ။
အာနန္ဒာ ငါသည် ယခု အိုမင်း၍ ဘဝခရီး၏ အဆုံးပိုင်းသို့
ရောက်ရှိနေပေပြီ။ ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုသာ
မှီခိုအားထားရာပြု၍ နေကြကုန်လော။ တရားမှတစ်ပါး မှီခိုကိုးကွယ်ရာမရှိဘဲ
တရားသာလျှင် မှီခိုကိုးကွယ်ရာ ရှိသည်ဖြစ်၍ နေကြကုန်လော။
တစ်နေရာ၌
အရှင်သာရိပုတ္တရာက သဗ္ဗညုတဥာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍သိသော
သမဏဗြာဟ္မဏသည် ရှေးကမရှိခဲ့။ နောင်ရှိမည်လည်း မဟုတ်။ ယခုလည်း မရှိဟု
ကျွန်ုပ် ယုံကြည်ပါသည် ဟု လျှောက်၏။
ထိုအခါ ဗုဒ္ဓက သာရိပုတ္တရာ သင်သည်
ပွင့်ပြီး ပွင့်ဆဲပွင့်လတ္တံ့သော ဘုရားရှင်တို့၏ စိတ်ကို သင်၏ဥာဏ်ဖြင့်
ပိုင်းခြား၍ မသိပါဘဲလျက် အဘယ်ကြောင့် ဤသို့ ကြီးကျယ်ခံ့ညားလှသော တိကျလှသော
စကားကို ဆိုဘိသနည်း။ ဟုမိန့်တော်မူ၏။ ထို့နောက် ကုသိနာရုံဥယျာဉ်၌
ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ် ဗြဟ္မာများစွာတို့သည် လာရောက်၍ ဗုဒ္ဓအား
ပူဇော်ကြ၏။
ထိုအခါ ဗုဒ္ဓက အာနန္ဒာ နတ်ဗြဟ္မာတို့သည် ဤသို့ပူဇော်ကာမျှဖြင့်
ငါဘုရားအား မြတ်နိုးသည် မမည်သေး။ အကြင်ဥပါသကာ ဥပါသိကာမတို့ သည်လည်းကောင်း
ရဟန်းယောက်ျား ရဟန်းမိန်းမတို့သည် လည်းကောင်း ငါဟောကြားအပ်သော တရားနှင့်အညီ
ကျင့်ကြံနေထိုင်ကြ၏။
ထိုသူတို့သည်သာလျှင် ငါဘုရားအား ချစ်ကြည်မြတ်နိုး
ရှိခိုးပူဇော်ကြသည်မည်၏။ ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာက အရှင်ဘုရား
ကိုယ်တော်မြတ် နိဗ္ဗာန်လားခဲ့သော် အလောင်းတော်အား ကျွန်ုပ်တို့
ပြုဖွယ်ကိစ္စကို အဘယ်သို့ ပြုရပါအံ့နည်း။ ဟုမေးလျှောက်၏။
ထိုအခါ ဗုဒ္ဓက
အာနန္ဒာ ငါဘုရား၏ အလောင်းတော်ကို မီးပူဇော်ခြင်း စသည်တို့၌ သင်တို့
မကြောင့်ကြကုန်လင့်။ မိမိ၏ အစီးအပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှါသာ
များစွာလုံ့လပြုကြကုန်လော့ ဟု မိန့်တော်မူ၏။
ပရိနိဗ္ဗာန် စံဝင်ခါနီး၌
ဗုဒ္ဓသည် အရှင်အာနန္ဒာအား အာနန္ဒာ ငါ၏ တပည့်ရဟန်းသံဃာတို့သည် ငါ
ပရိနိဗ္ဗာန်စံဝင်သောအခါ ငါဘုရားမရှိပြီ ငါလွန်ပြီဟု ထင်မှတ်ကြပေလိမ့်မည်။
ထိုသို့ မထင်မှတ်သင့်။
ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို့၏
ဆရာဖြစ်လတ္တံ့။ ထို့ကြောင့် ငါလွန်သောအခါ ငါရှိသည်ဟုသာ ကောင်းစွာမှတ်အပ်၏။
ဟု မိန့်ကြား၍ ရဟန်းတို့အား မိမိ၏တရား၌ တစ်စုံတစ်ရာ ယုံမှားမှုရှိလျှင်
မိမိမလွန်မီ မေးလျှောက်ကြရန် သတိပေး၏။
သို့ရာတွင် ရဟန်းတို့က မည်သို့မျှ
မမေးလျှောက်ကြချေ။ ထို့နောက် ဗုဒ္ဓသည် ရဟန်းတို့ သင်္ခါရတရားတို့သည်
ပျက်စီးတတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့မလျော့ဘဲ
ကျင့်ကြံအားထုတ်ကြကုန်လော ဟု နောက်ဆုံးမိန့်ကြားပြီးလျှင် ပရိနိဗ္ဗာန်
ပြုတော်မူ၏။
ဗုဒ္ဓ၏ နောက်ဆုံးဘဝ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ်သည် အခြားသုတ်များထက် ရှည်းလျား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသော သုတ်ဖြစ်၏။
လောက၌ နဂိုမူလက
စိတ်ကောင်းနှလုံးကောင်းရှိသော သူတို့သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး
များစွာယိုယွင်းပျက်ပြားမှု မရှိစေကာမူ အများအားဖြင့် စိတ်ဓာတ်ယိုယွင်း
ဆုတ်ယုတ်လာကြ၏။
ငါစွဲကြီးမား၍ သူတစ်ပါးအပေါ် ဆရာလုပ်လိုခြင်း သူတစ်ပါးကို
အပြစ်မြင် အထင်သေး စာနာထောက်ထားမှု မရှိခြင်း သူတစ်ပါး၏
ဂရုစိုက်မြှောက်စားမှုကို လိုလားခြင်းစသော စရိုက်လက္ခဏာများကို ပြတတ်ကြ၏။
ဗုဒ္ဓသည်ကား ရောဂါဝေဒနာ ခံစားရ၍ မကျန်းမမာဖြစ်နေသော အသက် ၈၀ အရွယ်၌ပင်
မိမိအား အကြောင်းပြု၍ သူတစ်ပါး စိတ်မကောင်း မဖြစ်စေလိုခြင်း သူတစ်ပါးကို
အထင်အမြင် မသေးစေလိုခြင်း (အရှင်သာရိပုတ္တရာအား မိန့်ကြားချက်)
ပုဂ္ဂိုလ်ကိုးကွယ်မှု မဖြစ်စေလိုခြင်း စသောလက္ခဏာများဖြင့် မြင့်မားသော
အာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ့ပေသည်။
သို့ဖြစ်၍
ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ့စာပေ၌ အခံ့ညားဆုံး
စိတ်အားတက်ကြွဖွယ် အကောင်းဆုံးစာပေတစ်ခု ဖြစ်ပါသည်ဟု ရေးသားခဲ့၏။
စင်စစ်
မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓသည် နှောင်းလူတို့က လွန်ကဲသော သဒ္ဓါယုံကြည်စိတ်ဖြင့်
ဖန်တီးထားသော အနန္တဘုန်းတော်ရှင် မဟုတ်တော့ဘဲ အလွန်စိတ်ဓာတ်မြင့်မြတ်၍
ကြည်ညိုဖွယ်ကောင်းသော ကမ္ဘာ့စံပြ အာဇာနည်ပုဂ္ဂိုလ်သူမြတ်အဖြစ်
ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။
(-----ဆက်ရန်){ဦးအေးမောင်}(ထေရဝါဒဗုဒ္ဓသာသနာကို သဲတစ်ပွင့်မျှ အကျိုးပြုနိုင်ပါစေ။)
No comments:
Post a Comment