တစ်ရံရောအခါ အမရပူရနေပြည်တော်၌
အပျော်အပါး ကာမဂုဏ်ကျူးသော ကိစ္စတွင် တစ်ခေါ်စလောက် နာမည်ရသော မင်းသား
မောင်ကျောက်လုံးသည် သံဘိုဆရာတော် ဘုရားကြီးထံတော်သို့ အပေါင်းအပါ
မင်းမှုထမ်း နောက်လိုက်အချို့နှင့် ရောက်ရှိလာလေ၏။ လှူဖွယ်ဝတ္ထုများ
ကပ်လှူပြီး လျှောက်ထားသည်မှာ …..
မင်းသားမောင်ကျောက်လုံး။ ။ ဆရာတော်ဘုရား ကျန်းခံ့သာလို့ မာပါစဘုရား၊
တပည့်တော်လည်း အဖူးအမြော်ရောက်ဖို့ရာ မင်းမှုထမ်းဆိုတော့ မလွယ်လှပါဘုရား။
ဆရာတော်။ ။
အိမ်း….ဟုတ်ပေမပေါ့ကွဲ့၊ “ကိစ္စများမြောင် လူတို့ဘောင်” ဆိုတယ်
မဟုတ်လားကွဲ့၊ နို့ ဒါနဲ့အကြောင်းထူး ကိစ္စများ ရှိသေးသလား
မောင်ကျောက်လုံးရဲ့။
မင်းသားမောင်ကျောက်လုံး။ ။
တင်ပါဘုရား ….. တပည့်တော်လည်း ထီးရိပ်နန်းရိပ် လောကစည်းစိမ် ခုံလှုံရတာ
ငြီးငွေ့လှပါပြီဘုရား၊ ဒါကြောင့် အကျွတ်တရား ရရာရကြောင်း တရားဓမ္မများ
ချီးမြှင့်စေလိုပါတယ်ဘုရား…။
ထိုအခါ
မင်းသားမောင်ကျောက်လုံးအကြောင်း (ရှေးဦး)မဆွကပင်
ကြားသိတော်မူပြီးဖြစ်သည့် ဆရာတော်ဘုရားကြီးမှာ ပြုံးတော်မူပြီးသကာလ
အနီးသို့ မိန့်တော်မူ၏။
“ဒကာ
ကျောက်လုံး မင်းသားရေ မင်းသားလို ပုဂ္ဂိုလ်က တို့များကို အကျွတ်တရား
ဟောခိုင်းတော့ တရားပြဖို့တောင် ခပ်ခက်ခက်ပဲ ဟရို့၊ နို့ပေမယ့်
သဘောပေါက်အောင်တော့ ဟောရ ပြောရသေးသပ၊ ဟိုရှေးအခါက တရားပြကောင်းတဲ့
ဘုန်းကြီးတစ်းပါးနဲ့ ကျောင်းဒက တစ်ယောက်လို ဖြစ်မှာလဲ စိုးရသကွဲ့” ဟု
မိန့်တော်မူရာ မင်းသား မောင်ကျောက်လုံးနှင့် အနီးရှိ ဒကာ ဒကာမအချို့က
တောင်းပန်သဖြင့် အောက်၌ပါသော ပုံပြင်ကို ဟောကြားတော်မူလေသည်။
ဟို
ရှေးအခါ အင်းဝနေပြည်တော် အနောက်ဖက်လွန်မင်းတရား လက်ထက်ပေါ့ကွယ်၊
နေပြည်တော်မှာ အဟောအပြော အလွန်ကောင်းတဲ့ ဘုန်းကြီးတစ်ပါး ရှိသတဲ့၊
တစ်ရံခါမတော့ ကျောင်းဒကာ တစ်ယောက် အနှီဘုန်းကြီးကို ဆွမ်းစားဖိတ်ပြီး
တရားနာသတဲ့။
ကိုယ်တော်ကလည်း ၀သီတော်အတိုင်း အနိစ္စသဘောတရားကို ဘုရားဟော ကျမ်းဂန်လာအတိုင်း ကွက်ကွက်ကွင်းကွင်း ထင်သာ မြင်သာအောင် ဟောကြားသတဲ့။
ဘုန်းကြီးက
“ကျောင်းဒကာ လူ့ခန္ဓာကိုယ်ကြီးဟာ တန်ဖိုးမရှိပေဘူး၊ အပုတ်ကောင်ဟာ
သရုပ်ဆောင်နေတာပဲကွဲ့၊ ဟုတ်တယ် မဟုတ်လား” လို့စပြီး မိန့်ကြားသတဲ့။
ကျောင်းဒကာကလည်း
“မှန်ပါဘုရား” လို့ ပြန်လျှောက်တာပေါ့၊ ဒီတော့ ဘုန်းကြီးက
“အင်မတန်ချောမွေ့လှပပါတယ်ဆိုတဲ့ အပျိုစင်အရွယ် မာတုဂါမလေးကို ဦးခေါင်းက
ကေသာဆိုတဲ့ ဆံပင်တွေကို ရိတ်ပယ်လိုက်စမ်း၊ ဘယ့်နှယ်နေမလဲ၊ မျက်နှာမှာ
လိမ်းခြယ်ထားတဲ့ အမွှေးနံ့သာတွေကို ဖျက်၊ မျက်ခုံးမွေးတွေကို
ရိပ်ပစ်လိုက်စမ်း၊ ရူပါဆိုတဲ့အဆင်းဟာ ရှိပါ့ဦးမလား” လို့ ဟောကြားပြန်တယ်။
“မရှိတော့ပါဘုရား”
လို့ ကျောင်းဒကာက ပြန်လျှောက်ပြန်တယ်။ ဒီတော့ ဘုန်းကြီးက
“ချစ်ခင်နှစ်လိုဖွယ်ကော ရှိနိုင်ပါဦးမလား ဒကာ”လို့ ပြန်မေးတယ်။ ဒကာက
“တရားကျစရာပါဘုရား”လို့ ပြန်လျှောက်ပေတယ်။
ဘုန်းကြီးက
ဆက်ပြီး ဘာမိန့်ကြားသလဲဆိုတော့ “ကိုင်း…ဒါဖြင့် အပေါ်က စိန်တွေရွှေတွေနဲ့
အရောင်အဆင်းနဲ့ပြည့်စုံတဲ့ အပေါ်အင်္ကျီဝတ်စုံကို ချွတ်၊ အောက်က
ပိုးဖဲကတ္တီပါနဲ့ပြီးတဲ့ လုံချည်ကိုချွတ်လိုက်စမ်း၊ အဆင်းရူပကာဆိုတာ
ရှိပါဦးမလား ဒကာကြီး၊ ကိုင်း….ရှေ့ဆက်ကြရအောင်”
အဲသလိုလဲ
ဘုန်းကြီးက ချောင်းကလေးတစ်ချက်ဟန့်ပြီး တရားဆက်ဟောမယ်လုပ်ရော ကျောင်းဒကက
ပျာပျာသလဲနဲ့ “အရှင်ဘုရား ရှေ့မဆက်ပါနဲ့တော့ ဘုရား၊ တပည့်တော်…………ဆိုပြီး
စကား တိုးလိုတန်းလန်း ပြန်လျှော်ရှာသတဲ့။
အနှီတော့ကာ
လေကြောရှည်လှတဲ့ တရားဝါသနာအိုး ဘုန်းကြီးက “အကျွတ်တရား ရသွားပလားကွဲ့ ဒကာ”
လို့ ပြန်မေးတယ်။ အနှီတော့ ကျောင်းဒကာက လေသံပျော့ပျော့နဲ့ “မှန်လှပါဘုရား
ဒီအကျွတ်တရားကြောင့် တပည့်တော်စိတ် တစ်မျိုးတစ်မည် ဖြစ်လာလို့ပါဘုရား” လို့
ပြန်လျှောက်လိုက်သတဲ့။
“အေး….အနှီပုံပြင်က
ကျောင်းဒကာနဲ့ ဘုန်းကြီးလို တို့ဖြစ်မှာ စိုးရိမ်ပါသကော မင်းသားရယ်” ဟု
သံဘိုဆရာတော်ဘုရားကြီးက အဆုံးသတ်မိန့်တော်မူလိုက်ရာ ရှင်လူပရိတ်သတ်တို့မှာ
သောသောညံအောင် ရယ်မောကြလေသတည်း။
ဥပဒေသ။ ။ ဤလေက၌ စိတ်အလိုလိုက်မှုကို ဆင်ခြင်ရာ၏။
ရွှေမင်းဝန် ဦးဘုန်းမြင့်၏ သံဘိုဆရာတော်၏ စကားဆန်းပုံပြင်များမှ ကောက်နှုတ်တင်ပြ သည်။
No comments:
Post a Comment