
**ဗုဒ္ဓ**
******
အပိုင်း(၁)
(က) ပိဋကတ်မှ ဂေါတမဗုဒ္ဓ
**********************
မြန်မာနိုင်ငံတွင် ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ် အကြောင်းအရာများကို ရေးသားထားသော မြန်မာဗုဒ္ဓဝင် စာအုပ်များရှိ၏။
ထိုစာအုပ်များ၌ ပါရှိသော အချက်များကို မြန်မာဗုဒ္ဓဝါဒီတို့က အကြွင်းမဲ့ လက်ခံယုံကြည်ကြမည် ဖြစ်သော်လည်း အနောက်တိုင်း ဗုဒ္ဓစာပေ သုတေသီပညာရှင်တို့က ထိုသို့ လက်ခံကြမည် မဟုတ်ချေ။ တနည်းဆိုသော် ယိုးဒယား မြန်မာ သီဟိုဠ်သားတို့၏ ဗုဒ္ဓဝင်ကို တိကျခိုင်မာသော ဗုဒ္ဓအတ္ထုပတ္တိအဖြစ် အသိအမှတ်ပြုလိုကြမည် မဟုတ်ချေ။
အမှန်ဆိုသော် ရှေးအစဉ်အလာ ယုံကြည်ချက်များကို မျက်စိမှိတ် လက်မခံလိုဘဲ ဝေဖန်ဆန်းစစ်လိုသော ဗုဒ္ဓဝါဒီတို့သည်ပင် ဗုဒ္ဓဝင်ကျမ်းလာ အချို့သောစကားများကို ယုံမှားသံသယရှိကြမည် အမှန်ဖြစ်၏။ ထိုကြောင့် ဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို မှန်ကန်စွာ သိရှိလိုပါက ဗုဒ္ဓဝင်ကျမ်းပြုဆရာတို့ မှီငြမ်းပြုသော ပါဠိပိဋကတ်ကို ဦးစွာလေ့လာရပေမည်။
လေ့လာရာ၌ သုတေသီပညာရှင်တို့၏ အလိုအားဖြင့် ရှေးကျ၍ အထူးခိုင်မာသော ပိဋကတ်စာပေများကို ဦးစားပေး၍ လေ့လာရပေမည် ထိုစာပေများမှာ သုတ္တန်ပိဋကတ်မှ ပထမနိကာယ်လေးကျမ်း ခုဒ္ဒကနိကာယ်မှ အချို့ကျမ်းများနှင့် အချို့သော ဝိနည်းကျမ်းများဖြစ်ကြောင်း ဖော်ပြခဲ့ပေပြီ။
ထိုပိဋကတ်စာပေများကို နှံ့နှံ့စပ်စပ် လေ့လာပါက ဗုဒ္ဓအကြောင်းထူးခြားသော အချက်နှစ်ရပ်ကို ကျွန်ုပ်တို့ သတိပြုမိမည်ဖြစ်၏။ ပထမအချက်မှာ ဗုဒ္ဓအကြောင်းအရာများနှင့် စပ်လျဉ်း၍ အချို့နေရာများ၌ ဗုဒ္ဓဝင် (ဝါ) အဋ္ဌကထာကျမ်းများနှင့် ပိဋကတ်လာ စကားများမတူဘဲ ကွဲလွဲနေခြင်းဖြစ်၏။
ဒုတိယအချက်မှာ ဗုဒ္ဓဝင်နှင့် အဋ္ဌကထာများမှ ဗုဒ္ဓအကြောင်းအရာများသည် ထူးထွေများပြား၍ စုံလင်လှသည်နှင့်အမျှ ပိဋကတ်စာပေ၌ ဗုဒ္ဓအကြောင်း နည်းပါး၍ ပြည့်စုံခြင်း မရှိချေ။
ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များကို အစအဆုံး တစ်ဆက်တည်း ပြည့်စုံစွာ ပြဆိုထားသော ကျမ်းစာကို မတွေ့ရချေ။ အနည်းငယ်သော ပါဠိတော်များ၌သာ ဗုဒ္ဓ၏ အချို့သော ဖြစ်စဉ်များအကြောင်းကို ဖတ်ရှု့ရ၏။
မဇ္ဈိမနိကာယ် အရိယပရိယေသနသုတ် မဟာသစ္စကသုတ် စသည်တို့၌ ဘုရားအလောင်း တောထွက်ပုံ တရားကျင့်ပုံနှင့် ဘုရားအဖြစ်သို့ ရောက်ရှိပုံများကို လည်းကောင်း ဝိနည်းပိဋကတ် မဟာဝဂ္ဂ၌ ဘုရားဖြစ်သည်မှ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ ဘုရားထံ၌ ရဟန်းပြုကြသည် အထိကိုလည်းကောင်း ဒီဃနိကာယ် မဟာပရိနိဗ္ဗာနသုတ်၌ ဘုရားရှင်၏ နောက်ဆုံး ဖြစ်စဉ်များကိုလည်းကောင်း ဖော်ပြထား၏။ သို့ရာတွင် ထိုပါဠိတော်များ၌ ဗုဒ္ဓဝင်နှင့်အဋ္ဌကထာများမှ များစွာသော ဗုဒ္ဓအကြောင်းအရာများကို မတွေ့ရချေ။
ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ အတ္ထုပ္ပတ္တိကို အပြည့်အစုံ မတွေ့ရခြင်းမှာ ရှေးလူတို့က မိမိတို့ခေတ်အတွင်း ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တို့၏ ဘဝဖြစ်စဉ်များကို စုံစုံစေ့စေ့ မှတ်သားထားလေ့ မရှိကြသောကြောင့် ဖြစ်၏။ ပုဂ္ဂိုလ်အတ္ထုပ္ပတ္တိကို ရေးသားထားသော အတတ်သည် ယခုခေတ်မှ ပေါ်လာသောအတတ်ဖြစ်၏။
ရှေးအိန္ဒိယ နိုင်ငံသားတို့သည် ပညာရှိတစ်ဦး၏ ဘဝအဖြစ်အပျက်များကို သူ၏ စကားများလောက် ဂရုပြုလေ့ မရှိကြချေ။ သို့ဖြင့် ရှေးပဝေသဏီက ဘာသာဝါဒ အမျိုးမျိုးကို အစဦးစွာ ဟောပြောခဲ့သော ပုဂ္ဂိုလ်တို့၏ ဘဝဖြစ်စဉ် မှတ်တမ်းများ အထင်အရှားရှိဖို့ဝေးစွ သူတို့၏ အမည်များသည်ပင် ကွယ်ပျောက်ခဲ့ပေပြီ။
အိန္ဒိယဘာသာရေးသမိုင်း၌ နာမည်ကျန်ရှိသော ကပိလရှန်ကရ အစရှိသည့် အနည်းငယ်သော ပုဂ္ဂိုလ်ကြီးတို့အကြောင်းကိုလည်း ယခုခေတ်လူတို့ စုံလင်စွာ မသိကြရချေ။ သူတို့အကြောင်းအရာနှင့်စာသော် ကျွန်ုပ်တို့ သိရသော ဗုဒ္ဓ၏ အကြောင်းအရာများမှာ အတော်အတန် စုံလင်သည်ဟု ဆိုရပေမည်။
ဗုဒ္ဓသည် ဘီစီ ၆ ရာစု (ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၅၀၀ ကျော်လောက်) အတွင်း၌ ဖွားမြင်တော်မူကြောင်း သုတေသီပညာရှင်အားလုံး လက်ခံယုံကြည်ကြ၏။ ထိုရာစုနှစ်မှာ တရုတ်ပညာရှိ ကွန်ဖူးရှပ်နှင့် ဂရိပညာရှိ ပိုင်သားဂိုးရတ်တို့ ဖွားမြင်သော ရာစုနှစ် ဖြစ်၏။
ဗုဒ္ဓဖွားမြင်တော်မူရာ ဒေသမှာ အိန္ဒိယပြည်မြောက်ပိုင်းရှိ သက္ကတိုင်းဖြစ်၏။ အိန္ဒိယပြည်နှင့်နီပေါပြည်နယ်စပ်ရှိ သက္ကတိုင်း၏ မြို့တော်မှာ ကပိလဝတ်မြို့ဖြစ်၍ ဗာရဏသီမြို့၏ မြောက်ဘက် မိုင်တစ်ရာခန့် အကွာ၌ တည်ရှိ၏။
ပိဋကတ်စာပေ၌ ဖော်ပြထားသော ထိုအခါက အိန္ဒိယမြောက်ပိုင်းရှိ တိုင်းကြီး ၁၆ တိုင်း အမည်စာရင်းတွင် သက္ကတိုင်း၏ အမည်ကို မတွေ့ရချေ။ ဘီစီ ၆ ရာစုခေတ်က အိန္ဒိယနိုင်ငံတွင် ကောသလ မဂဓစသော ဘုရင်အုပ်စိုးသည့် တိုင်းပြည်ကြီးများအပြင် သက္က ကောလိယ ဝဇ္ဇီစသော နိုင်ငံငယ်များရှိ၏။
ထိုနိုင်ငံငယ်များသည် ယခုခေတ် ဒီမိုကရေစီနိုင်ငံများနှင့်တူ၍ ခတ္တိယများက အုပ်ချုပ်ကြ၏။ခတ္တိယတို့သည် ပုဂ္ဂိုလ်တစ်ဦးဦးကို နာယကတင်မြောက်ပြီးလျှင် အစည်းအဝေးကျင်းပ၍ တိုင်းပြည်ကိစ္စ အရပ်ရပ်ကို စီရင်ဆုံးဖြတ်ကြ၏။
ပိဋကတ်စာပေ၌ ဗိမ္ဗိသာရ အဇာတသတ်စသော ဘုရင်အမည်များကို နာမဝိသေသနပုဒ်များဖြင့် အပြည့်အစုံ ထပ်တလဲလဲ ပြဆိုထား၏။ ဗိမ္ဗိသာရမင်းကို မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းဟုခေါ်၍ အဇာတသတ်ကို ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်ဟု ဖော်ပြထား၏။
ဗုဒ္ဓ၏ ခမည်းတော်အား ဘုရင်သုဒ္ဓေါဒနဟု ခေါ်ဝေါ်ခြင်းကိုမူ ပိဋကတ်နှစ်နေရာတည်း (ဒီဃနိကာယ် မဟာပဒါနသုတ်နှင့် ခုဒ္ဒကနိကာယ် ဗုဒ္ဓဝံသ)၌သာ တွေ့ရ၏။ အခြားနေရာများ၌မူ သုဒ္ဓေါဒနသက္က (သာကီဝင်သုဒ္ဓေါဒန)ဟူ၍ သာမညဖော်ပြထား၏။ အကယ်ပင် သာကီဝင်မင်းဖြစ်သော ဘဒ္ဒိယကိုမူ ဝိနည်းပိဋကတ်၌ ဘဒ္ဒိယ သက္ကရာဇာဟူ၍ ခေါ်ဝေါ်ထား၏။
ဘုရားအလောင်းသည် တောမထွက်မီက များစွာစည်းစိမ်ချမ်းသာ ခံစားခဲ့ကြောင်း ဗုဒ္ဓ၏ စကားများဖြင့် သိအပ်၏။ အို မာဂဏ္ဍိယ ငါသည် သုံးဆောင်သော ပြာသာဒ်တို့၌ တီးမှုတ်မျိုးစုံတို့ဖြင့် တင့်တယ်စွာ ခံစားစံစားလျက် နေခဲ့၏။ (မဇ္ဈိမနိကာယ် မာဂဏ္ဍိယသုတ်)။ ရဟန်းတို့ ငါသည်ချမ်းသာစွာ နူးညံ့သိမ်မွေ့စွာ နေရ၏။
မိုး လေးလပတ်လုံး ပြာသာဒ်မှ အောက်သို့မသက်ဆင်းဘဲ နေရ၏။ (အဂုင်္တ္တရနိကာယ် တိကနိပါတ် သုခုမာလသုတ်)။ ပိဋကတ်စာပေ၌ ဤစကားများထက်ပို၍ ဗုဒ္ဓဝင်များမှာကဲ့သို့ ဘုရားအလောင်း၏ စည်းစိမ်ချမ်းသာ ခံစားမှုကို ချဲ့ထွင်ဖော်ပြထားခြင်း မရှိချေ။
ရဟန်းတို့ ငါသည် ဘုရားမဖြစ်သေးမီ ပထမအရွယ်က ဤသို့ကြံ၏ မသိနားမလည်သော သာမန်လူသည်မိမိကိုယ်တိုင် တစ်နေ့တွင် အိုရဦးမည် ဖြစ်ပါလျက် သူအိုတစ်ဦးကိုမြင်လျှင် စိတ်မသက်သာ စက်ဆုပ်ရွံရှာခြင်း ဖြစ်တတ်၏။
ငါသည် ဤသို့ဖြစ်ရန် မသင့်လျော်ပါတကား ။ ဤသို့တွေးတောရင်း ငါ၏ ပျိုမျစ်သောအရွယ်၌ တက်ကြွနေသောစိတ်သည် ကျဆင်းကွယ်ပျောက်ခဲ့၏။ (အင်္ဂုတ္တရနိကာယ် တိကနိပါတ် သုခုမာလသုတ်) ရဟန်းတို့ ငါသည် ဘုရားအဖြစ်သို့ မရောက်မီက ဤသို့အကြံဖြစ်၏။
အဘယ်ကြောင့် ငါသည် ဇာတိသဘော ရှိသည်ဖြစ်ပါလျက် အိုခြင်း နာခြင်း သေခြင်း သဘောရှိသည်ဖြစ်ပါလျက် ညစ်ညူးခြင်းသဘော ရှိသည်ဖြစ်ပါလျက် ထိုညစ်ညူးခြင်း သဘောကိုသာလျှင် ရှာဘိသနည်း။ ငါသည် ဇာတိမရှိရာ မအို မနာ မသေရာ မြတ်သောနိဗ္ဗာန်ကို ရှာအံ့ဟူ၍ အကြံဖြစ်၏။
(မဇ္ဈိမနိကာယ် အရိယပရိယေသနသုတ်) အချို့သော သုတ္တန်ဒေသနာများ၌မူ အိုခြင်း နာခြင်း သေခြင်းကို ဆင်ခြင်သုံးသပ်ကြောင်းပင် မလာဘဲ လူ့ဘောင်ကို ငြီးငွေ့၍ တောထွက်ကြောင်း ဗုဒ္ဓကိုယ်တိုင် မိန့်ကြားသော စကားလာ၏။ အောက်ပါစကားသည် များစွာသော သုတ္တန်တို့၌ တွေ့ရသော ဗုဒ္ဓစကားဖြစ်၏။
ရဟန်းတို့ ငါ့အား ဤသို့ အကြံဖြစ်၏။ အိမ်ရာထောင်သော လူတို့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းကျပ်တည်း၏။ မြူမှုန်ထူသော ခရီးနှင့်တူ၏။
အိမ်၌နေသောသူသည် စင်စစ် မြတ်သောအကျင့်ကို ကျင့်ရန်မလွယ်ချေ။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးသော် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံ၍ ရဟန်းပြုရမူ ကောင်းလေစွတကားဟု အကြံဖြစ်၏။
(မဇ္ဈိမနိကာယ် မဟာသစ္စကသုတ်နှင့် အခြားသုတ်များ) ထိုခေတ်က အိန္ဒိယပြည်၌ တောထွက်၍ ရဟန်းပြုခြင်းသည် ရှေးပဝေသဏီကစ၍ ပညာရှိ သူတော်ကောင်းတို့ လိုက်နာသော လမ်းစဉ်ဖြစ်၏။
မိဘများက သဘောမတူဘဲ တားမြစ်ပါလျက် တောထွက်သောသူများအကြောင်း အဋ္ဌကထာများ၌ ဖော်ပြထား၏။ ဘုရားအလောင်း သိဒ္ဓတ္ထသည် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပိဋကတ်၌လာ၏။
မဇ္ဈိမနိကာယ် အရိယပရိယေသနသုတ် မဟာသစ္စကသုတ်နှင့် အခြားသုတ်များတွင် ဗုဒ္ဓကိုယ်တိုင်က ငါသည် မည်းနက်သော ဆံပင်ရှိ၍ ငယ်ရွယ်ပျိုမြစ်သော ပထမအရွယ်၌ အမိအဖတို့သည် သဘောမတူသဖြင့် မျက်ရည်ရွှဲစို ငိုယိုနေကြစဉ် ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်ကိုဝတ်ပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကူးပြောင်းခဲ့ပေသည် ဟု မိန့်ကြားတော်မူကြောင်း ပြဆိုထား၏။
ဒီဃနိကာယ် သောဏဒန္တသုတ်နှင့် ကူဋဒန္တသုတ်များ၌လည်း ဗြာဟ္မဏဆရာနှစ်ဦးက ရဟန်းဂေါတမသည် ငယ်စဉ်က မိဘတို့သဘောမတူသဖြင့် ငိုယိုနေကြစဉ် ရဟန်းပြုခဲ့သည်ဟု ပြောဆိုကြကြောင်း ဖော်ပြထား၏။
မည်သို့ဖြစ်စေ အထက်ကဖော်ပြခဲ့သော ဗုဒ္ဓဝင်နှင့် ပိဋကတ်ကွဲလွဲဆန့်ကျင်မှုများမှာ ဗုဒ္ဓ၏တရားများနှင့် မသက်ဆိုင်သောကြောင့် ဗုဒ္ဓဓမ္မ လေ့လာသူများအဖို့ အရေးမကြီးလှချေ။ အရေးကြီးသည်ကား ဗုဒ္ဓသည် မည်သို့သော ပညာရှိပုဂ္ဂိုလ်သူမြတ်ဖြစ်ကြောင်း နားလည်သိရှိရန် ဖြစ်၏။ ဗုဒ္ဓသည် လူ့ဘဝ လူ့လောက ပြဿနာများကို မည်သို့ ရှု့မြင်သုံးသပ်သည်။
လူတို့၏ ရှေးအစဉ်အလာ ယုံကြည်ချက်များအပေါ် မည်သို့ ဆုံးမသည် စသည်တို့မှာ ဗုဒ္ဓဓမ္မ လေ့လာရာ၌ ကျွန်ုပ်တို့ သိရှိရန် မုချလိုအပ်သော အချက်များဖြစ်၏။ ဗုဒ္ဓအကြောင်းဆိုင်ရာ ပါဠိတော်များကို မှီငြမ်းပြု၍ ဤအချက်များကို တတ်နိုင်သမျှ စုံစုံစေ့စေ့ ဖော်ပြပါအံ့။ ။
(------ဆက်ရန်){ဦးအေးမောင်}
Ko Latt ဖေ့ဘုတ်မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment