Pages

Monday, February 10, 2014

**** မျက်ရည်မကျခင် သိစေချင် ****

 

မျက်ရည်မကျခင် သိစေချင်”

   လွန်ခဲ့သော (၁၅) နှစ်ခန့် ၁၃၄၃ ခုနှစ် ပြာသိုလ၏ တစ်ခုသောည၊ တစ်ည၊အချိန်အားဖြင့်ည(၁၁)နာရီ ကျော်နေပြီမို့ မြင်းခြံခရိုင်
 တောင်သာမြို့၏ကျက်သရေဆောင်သာသနာ့
မူလိကာရာမ ကျောင်းသစ်ကျောင်း စာသင်တိုက်ကြီး အတွင်းမှ စာချ စာသင် သံဃာတော် အရှင်မြတ် (၇၀) ကျော်တို့ မိမိတို့အိပ်ရာ အသီးသီးတွင် ကျိန်းစက်တော်မူ နေကြပြီ ဖြစ်သည်။
ထိုအချိန်မှာပင်ရုတ်တရက်မြင်းခွာသံများကြားလိုက်ရသဖြင့် စာရေးသူက အိပ်ရာမှထထိုင်ကာ နားကို အသာစွင့်ထား လိုက်မိသည်။ အချိန်မတော် မြင်းလှည်းဝင်လာပြီ ဆိုသည်နှင့် သွေးအလှူ ခံလာခြင်း ဆိုသည်ကိုတော့ တပ်အပ် သိလိုက်ပါပြီ။ တောင်သာမြို့လေးမှာ ခရိုင်ထဲတွင် ပါဝင် သောနယ်မြို့လေးတစ်မြို့သာ ဖြစ်သောကြောင့် လူသိတော့ သိပ်မများလှပါ။

    သို့သော် မြို့သူမြို့သားများ၏ စေတနာ၊ ကျောင်းသစ်ကျောင်း စာသင်တိုက်မှပဓာနနာယကဆရာတော်နှင့်စာချ ဆရာတော်များ၏ မေတ္တာကြောင့် စာရေးသူကဲ့သို့ မန္တလေးမြို့ပေါ်မှာ ရှင်ဖြစ်သောစာသင်သားအချို့ပင်ဤကျောင်းတိုက်သို့လာရောက် ပညာသင်ကြားရသည်အထိသူ့အတိုင်းအတာနှင့်သူတော့ ထင်ရှားသောမြို့ တစ်မြို့ပင်။

   ရန်ကုန်၊မန္တလေးဆေးရုံကြီးများကဲ့သို့ ခေတ်မီပစ္စည်းများ အပြည့်အစုံ မရှိသေးသောကြောင့်တောင်သာမြို့နယ်ဆေးရုံမှာသွေးလှူရှင် ရှိသော်လည်းသွေးများကိုကြိုတင်အလှူခံပြီးသိုမှီး သိမ်းဆည်းထားနိုင်စွမ်းမရှိပါ။ထို့ကြောင့်လည်းသွေးလိုသော အရေးပေါ်လူနာရောက်လာသောအခါတွင်မှ ဦးရေများများ သွေးလှူလေ့ရှိသော စာရေးသူတို့ ကျောင်းတိုက်နှင့် မြို့နယ် မီးသတ် တပ်ဖွဲ
သို့ သွေးအလှူလာခံလေ့ ရှိသည်။

      ကျောင်းတိုက်မှဝါတော်အကြီးဆုံးစာချဆရာတော်ဖြစ်သော ဆရာတော်ဦးနန္ဒောဘာသ၏နည်းပေးလမ်းပြမှုကြောင့် စာရေးသူတို့သည်လည်း (၁၈) နှစ်သားအရွယ်မှစတင် သွေးလှူခဲ့ရာ ယခုဆိုလျှင်အကြိမ်ပေါင်း(၃၉)ကြိမ်ရှိခဲ့လေပြီ။သွေးလှူတတ်ရန် နည်းပေးလမ်းပြ အားပေး တိုက်တွန်းခဲ့သော ဆရာတော်၏ ကျေးဇူးကို ဘယ်သောအခါမှ မေ့နိုင်စွမ်းရှိမည် မဟုတ်ပါ။
ဆရာတော်ကိုယ်တိုင်လည်းအကြိမ်(၂၀)

 ကျော်သွေးလှူခဲ့ပြီးကျန်းမာရေးကြောင့်နောက်ပိုင်းလှူခွင့်
မရတော့ခြင်းဖြစ်ကြောင်းသိရပါသည်။နာရီဝက်ခန့်ရှိပြီဖြစ်သော်
လည်းသွေးအလှူခံလာသောမြင်းလှည်းပြန်ထွက်သွားတာ မတွေ့ရသောကြောင့်သွေးအလှူရှင်မရသေးကြောင်းကိုထပ်ဆင့် သိလိုက်ရပြန်သည်။ သံဃာ (၇၀) ကျော်တွင် သွေးလှူနိုင်သော သံဃာ(၄၀)လောက်ရှိသောကြောင့်တစ်ပါးမဟုတ်တစ်ပါးတော့ ရရမည်ဟု စားရေးသူက တွက်ဆထားသည်။

    စာရေးသူချက်ချင်းထမသွားခြင်းမှာပထမအကြိမ် လှူပြီးတာ လေးလ အတိအကျ မပြည့်သေးသောကြောင့်ပင်။ ကြာကြာ ၀ါးမည့်သွားအရိုးကြည့်ရှောင်ဟူသောစကားအတိုင်း အမြဲတမ်းသွေးလှူနေမည့်သူတစ်ယောက်အနေဖြင့် မိမိကျန်းမာရေးကိုလည်း ဂရုစိုက်ရမည် ဆိုသည့် အသိတရားက လွှမ်းမိုးထားသောကြောင့်လည်း အခြား လေးလပြည့်ပြီးသူများကို မျှော်ကိုး၍ ချက်ချင်း ထမသွားခြင်းပါ။

သို့သော်နာရီဝက်ရှိသည်အထိသွေးအလှူရှင်မရသေးဘူးဆိုတော့ လူနာအတွက်အသက်အန္တရာယ်စိုးရိမ်ရသည်။ဒီလိုနေနေလို့ မဖြစ်တော့ဟူသောအတွေးနှင့်အတူ စာရေးသူခြေလှမ်းများကကျောင်းတံခါးပေါက်ဆီသို့ဦးတည် လိုက်ပါသည်။ တံခါးပေါက်က ပွင့်နေပြီးသား၊ ဟုတ်တာပေါ့ ဆရာတော် ဦးနန္ဒောဘာသတော့ခြောက်ဧကခန့်ကျယ်သောကျောင်းတိုက် ၀င်းကြီးအတွင်း လှည့်ပတ်၍ သွေးလှူရှင် ရှာနေလောက်ပေပြီ။

ကျောင်းဆောင်ရှေ့အရောက်မှာပင်ကိုရင်ဣန္ဒ၀ံသကို အသင့်တွေ့လိုက်သည်နှင့်-
“ကိုရင်ဣန္ဒ၀ံသ သွေးလှူရှင် မရသေးဘူးတဲ့လား”
“မရတာမဟုတ်ဘူးသွေးလှူရှင်ကိုယ်တော်တွေက ဒီလူနာမျိုးကို သွေးမလှူချင်လို့ ရှာမရဖြစ်နေတာ”
“ဟာ……. ဘာဖြစ်လို့မလှူချင်ကြတာတဲ့လဲ”
“လူနာက ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး

 ဆေးသောက်တာတဲ့၊ အဲဒါကြောင့်အသက်သေချင်လို့သေကြောင်းကြံတဲ့လူနာကို အသက် ပြန်ရှင်အောင် လှူနေစရာ မလိုပါဘူးဆိုပြီး မလှူကြတာပေါ့”
“အဲဒီအယူအဆကိုတပည့်တော်လက်မခံဘူး၊အရှင်ဘုရားရော လက်ခံသလား ကိုရင်ဣန္ဒ၀ံသ”
“တပည့်တော်တော့လက်ခံတယ်၊ဒါကြောင့်တပည့်တော်လဲ လိုက်မလှူတာ”
“ဒါဆိုအရှင်ဘုရားကိုတစ်ခုမေးပါရစေ၊တလောက ရပ်ကွက်ထဲ ရွှေပန်းတိမ် အိမ်တစ်အိမ်က လသားအရွယ်

 ကလေးလေး တစ်ယောက် ရွှေသန့်စင်တဲ့ ငရဲမီးတွေကို သောက်မိလို့ အသက်ဆုံးသွားရတယ်။ အဲဒီကလေးလေး
 သေသွားရတာ ငရဲမီးတွေ သောက်တဲ့ ကလေးရဲ့အပြစ်လား၊
 ငရဲမီးကို ကလေးနဲ့ လွတ်ရာကျွတ်ရာမှာ မထားတဲ့ လူကြီး မိဘတွေရဲ့ အပြစ်လား”
“ကိုရင်ဇ၀နကလဲဒါကတော့လူကြီးတွေရဲ့အပြစ်ပေါ့ဟိုလသား အရွယ်လေးကတော့ ဘာသိတာ မှတ်လို့”
“အဲဒါဆိုရင်အခုသေကြောင်းကြံတဲ့ လူနာကိစ္စမှာလဲသေကြောင်းကြံတဲ့လူနာမှာဘာမှအပြစ်မရှိဘူး၊ အရှင်ဘုရားတို့၊တပည့်တော်တို့သံဃာတွေနဲ့မိဘတွေမှာပဲ အပြစ်ရှိတယ်”
“ဟောဗျာ… ကိုရင်ဇ၀န ကြည့်လဲလုပ်ဦး၊ ဘုန်းကြီးအမှု ရွာပတ်လို့သာ ကြားဖူးတယ်၊ အရှင်ဘုရားလုပ်မှ ရွာအမှု ဘုန်းကြီးပတ် ဖြစ်နေပါလား”
“ဒါလဲဖြစ်သင့်လို့ဖြစ်တာလို့ပဲမှတ်ကြရအောင်၊အရှင်ဘုရား တရုတ်ပညာရှိကြီးကွန်ဖြူးရှပ်ရဲ့အဆိုအမိန့်လေးတစ်ခု ကြားဘူးလားမသိဘူး”
“ဆိုစမ်းပါဦး”
“ကွန်ဖြူးရှပ်ကပြောတယ်၊သဘောထားမပြည့်ဝတဲ့သူဟာသူတစ်ပါး အပြစ်ကိုပဲမြင်လေ့ရှိတယ်။သဘောထားပြည့်ဝတဲ့သူကျတော့ ကိုယ့်ကိုယ်ပဲအပြစ်မြင်တယ်၊ပိုပြီးသဘောထားပြည့်ဝတဲ့ သူကျတော့ဘယ်သူ့ကိုမှအပြစ်မမြင်တော့ဘူးတဲ့။အဲဒီတော့ အရှင်ဘုရားတို့တပည့်တော်တို့လဲသဘောထားပြည့်ဝတဲ့သူထဲ ပါအောင်ကိုယ့်အပြစ်ကိုယ်ပဲရှာကြည့်ကြရအောင်၊ အခုသေကြောင်းကြံတဲ့ကိစ္စမှာသေကြောင်းကြံတဲ့လူနာဟာ ဘ၀တန်ဖိုး၊ဘ၀အနှစ်သာရ၊ဘာသာတန်ဖိုး၊ဘာသာအနှစ်သာရ ဘာမှမသိရှာဘူး၊ ဒါကြောင့် လူ့ဘ၀တစ်ခုကို လွယ်လွယ် ပြန်ရမယ်လို့ ထင်လို့သာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံတာပေါ့”

“ဒါကြောင့် သေကြောင်းကြံတဲ့လူနာမှာ အပြစ်မရှိဘူးလို့ ပြောခဲ့တာပေါ့၊ သံဃာများနဲ့ မိဘများက ဘာ့ကြောင့် အပြစ်ရှိသလဲဆိုတော့ ဒီလူနာကို အခုလို သေကြောင်းမကြံစည်မီ အချိန်တုန်း ကတည်းက ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရကိုသေသေချာချာနားလည်အောင်ဗိုက်ထဲမှာ ဘုရားတည် မပေးမိတဲ့အတွက်ပဲ”
“ဘယ်လို၊ ဗိုက်ထဲမှာ ဘုရားတည်မပေးတဲ့အတွက် ဟုတ်လား”
“ဟုတ်တယ်၊ဒါကတင်စားပြောတာပါ၊အရှင်ဘုရားအချိန်ရရင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေထဲဝင်ကြည့်၊ အလှူခံပုံးတွေမှာရေးထားတဲ့စာကကလေးများဗိုက်ထဲ ဘုရားတည်ရန်တဲ့၊ ဘယ်လောက်ကောင်းလိုက်တဲ့ ရည်ရွယ်ချက်လဲလို့၊ အဓိပ္ပာယ်က နုနယ် ငယ်ရွယ်တဲ့ ကလေးဘ၀ ကတည်းက ဘာသာရေး အသိဉာဏ်တွေကို အပြည့်အ၀ သွင်းပေးထားရမယ် ဆိုတာပါပဲ။”

“ဒါကိုအတုယူပြီးဗုဒ္ဓဘာသာကလေးများကိုလဲ ငယ်ရွယ်စဉ်ကတည်းက ယဉ်ကျေးမှု ဘာသာရေး သင်တန်းတွေ အပြည့်အ၀ သင်ပေးနိုင်အောင် ဆရာဒကာလက်တွဲပြီးသေသေချာချာကြိုးစား သင့်ကြပြီ။မြေပြင်မှာတည်တဲ့ဘုရားထက်ဗုဒ္ဓဘာသာ ကလေးငယ်တွေရဲ့ နှလုံးသားမှာ တည်တဲ့ ဘုရားက သာသနာအတွက် ပိုပြီး ကျေးဇူးများမယ် ဆိုတာကို အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာကျော် ဗောဓောဗုဓု ကျောက်စေတီကြီးက သက်သေပြနေပြီလေ”

“ကလေးတွေရဲ့ နှလုံးသားထဲမှာ တည်ထားတဲ့ ဘုရားမရှိတော့ အရင်တုန်းက ဗုဒ္ဓဘာသာဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား တစ်ပြည်လုံးဟာ အခု အချိန်မှာတော့တခြားဘာသာတွေရဲ့လက်ထဲရောက်ခဲ့ရပြီ မဟုတ်လား။ ဒီဘာသာခြားတွေရဲ့အန္တရာယ်မျိုးကျတော့မြေပြင်မှာ တည်ထားတဲ့ဗောဓောဗုဓုကျောက်စေတီကြီးကဘာမှ မတတ်နိုင်တော့ဘူး မဟုတ်လား”
“ကဲ တော်ပြီ စကားသိပ်ရှည်နေလို့ လူနာအသက် မမီဘူးဖြစ်နေဦးမယ်။ တပည့်တော်ကတော့ သွေးလဲလှူမယ်၊ ဘာသာရေး အသိဉာဏ် ဓမ္မကိုလဲလှူမယ်”

ပြောပြောဆိုဆိုဖြင့် ထွက်ခဲ့ရာ သွေးအလှူခံလာသော မြင်းလှည်းနားသို့ ရောက်လာသည်နှင့် စိုးရိမ်တကြီးဖြင့် သွေးအလှူရှင်ကို စောင့်မျှော်နေသည့် အသက် (၅၀) အရွယ် ဒကာကြီးတစ်ဦးကို တွေ့လိုက်ရသည်။ စာရေးသူက-

“ဒကာကြီး သွေးအလှူရှင်ရပလား”
“မရသေးပါဘုရား”
“ဘယ်နှစ်ပုလင်းလဲ”
“တစ်ပုလင်းပါဘုရား”
“သွေးအမျိုးအစားကရော”
“ဘီသွေးပါဘုရား”

“ကဲဒါဆိုရင်သွားကြစို့၊ကိုရင်ပဲလှူမယ်၊တခြားစောင့်မနေနဲ့၊ ရမှာလဲမဟုတ်ဘူး၊ကိုရင်ဣန္ဒ၀ံသဆရာတော် ဦးနန္ဒောဘာသကိုလျှောက်လိုက်ပါ၊သွေးလှူဖို့တပည့်တော် လိုက်သွားပြီလို့”
ကျောင်းနှင့် တစ်မိုင်သာသာခန့် ဝေးသော ဆေးရုံဆီသို့ မြင်းလှည်း

 မောင်းထွက်လာသည်နှင့်စာရေးသူကမျက်နှာတွင် ညှိုးရော်ကြေကွဲရိပ်ထင်နေသည့်ဒကာကြီးအား တစ်ချက် မေးကြည့်လိုက်သည်။

“ဒကာကြီးလူနာကဘယ်လိုဖြစ်တာတုံး၊ နည်းနည်းလောက် ပြောပြပါလား”
“မှန်ပါ၊ ပြောပြပါမယ်ဘုရား၊ တပည့်တော်တို့က တောကပါဘုရား၊ သမီးလေးကိုစာတတ်ပေတတ်ဖြစ်စေချင်လို့မြို့ပေါ်က သူ့ဦးလေးအိမ်မှာ နေစေပြီး ကျောင်းတက်ခိုင်းပါတယ်ဘုရား။အဲဒါ ဒီနှစ်ဆယ်တန်းစာမေးပွဲကျတော့စာမကြိုးစားဘဲအပျော်အပါးနဲ့ အချိန်ကုန်နေလို့ဖြစ်မှာပဲလို့ထင်ပြီးလူရှေ့သူရှေ့မှာရိုက်နှက် ဆုံးမမိပါတယ်ဘုရား။အဲဒါသမီးလေးကအရှက်ရပြီး ဘာမီတွန် ဆေးပြားတွေကို တစ်ပုလင်းလုံး သောက်ပစ်လိုက်တာပါပဲ ဘုရား”

“တပည့်တော်တို့ သိတဲ့အချိန်ကျတော့ ပါးစပ်က

 အမြှုပ်တွေတောင် ထွက်နေပြီ။ ဒါနဲ့ ဆေးရုံကို ချက်ချင်း
 ပြေးလာကြတာပါပဲဘုရား၊ ဆေးရုံက သွေးလိုတယ်၊
 သွေးသွင်းကုရမယ်လို့ဆိုတာနဲ့ အရှင်ဘုရားတို့ ကျောင်းကို သွေးအလှူခံ ရောက်လာခဲ့တာပါ။ နောက်မှ သိရတာက သမီးလေး စာမေးပွဲကျတာ အပျော်အပါးကြောင့် မဟုတ်ဘဲ စာမေးပွဲဖြေခါနီးကပ်ပြီးနေမကောင်းလို့တဲ့ဘုရား၊မစူးစမ်း မဆင်ခြင်ဘဲလူရှေ့သူရှေ့မှာရိုက်နက်ဆုံးမတဲ့တပည့်တော်ရဲ့ အပြစ်ပါပဲဘုရား”
ပြောနေရင်းပင်ဒကာကြီး၏မျက်လုံးမှမျက်ရည်များ စီးကျလာသည်ကိုတွေ့လိုက်ရသဖြင့်စကားလမ်းကြောင်းကို တစ်နေရာသို့ ပြောင်းပေးလိုက်ရသည်။

“အဆိုးထဲက အကောင်းပေါ့ ဒကာကြီးရယ်။ နောက် သားသမီးတွေ ဆုံးမတဲ့အခါ ဒီလို မဖြစ်ဖို့အတွက် သင်ခန်းစာယူရမှာပေါ့၊ စိတ်ပညာ ကျမ်းတွေရဲ့ အဆိုအရ လူဟာ ကိုယ့်ကိုယ်ကို အထင်အကြီးဆုံးပဲတဲ့၊ ကလေးသူငယ်တွေရဲ့ တလူလူတက်နေတဲ့အညွန့်ကို မိဘဆရာတွေက ချိုးမိသလိုမဖြစ်အောင်အမြဲတမ်းဂရုစိုက်ကြရမယ်၊ ဒါကြောင့်ရှေးဆရာများကမိမိတပည့်သားသမီးကိုဆုံးမတာတောင် အဆုံးမတတ်ဖို့အတွက် နည်းလမ်းလေးတွေ ပေးထားတယ်”

“တရံတဆစ်၊ အပြစ်အနာ
တွေ့သောခါဝယ်၊ ကွယ်ရာခေါ်၍
ဆုံးမလေ့၏။ သူ့ရှေ့သူ့မှောက်
ပွဲပြင်ရောက်သော်၊ မြှောက်မြှောက်စားစား၊
သားအားပိုက်ဖြူး၊ မိဘကျူးသို့၊
ကျေးဇူးကိုသာ၊ ရှာ၍ချည်းဆို။”

   “အဓိပ္ပာယ်က တပည့်သားသမီးကို အပြစ်ပြောပြီး ဆုံးမစရာရှိရင် ကွယ်ရာမှာခေါ်ပြီး တိုးတိုး တိတ်တိတ် ဆုံးမပါတဲ့၊ လူ့ရှေ့သူ့ရှေ့မှာ ဆိုရင်တော့ တပည့်သားသမီးရဲ့ကောင်းကွက်ကိုသာရှာပြီး ချီးမွမ်းပါတဲ့၊ မိဘဆရာတွေအတွက် မှတ်သားစရာပေါ့ ဒကာကြီး”
“အရင်ကသာ ဒီနည်းလမ်းလေး သိထားရင် တပည့်တော် သမီးလေး ဒီအဖြစ်ဆိုးမျိုး ဘယ်ကြုံရမှာတုံး ဘုရား”
ဘယ်လိုပင် စကားလမ်းကြောင်း ပြောင်းပေးသော်လည်း

 ဒကာကြီး၏မျက်ရည်တို့ကဘယ်လိုမှစဲမသွားခဲ့ပါ။ သို့နှင့်ပင်ဆေးရုံဝင်းထဲသို့မြင်းလှည်းရောက်သည်နှင့် စာရေးသူကသွေးဖောက်သောအခန်းထဲခပ်သွက်သွက် ၀င်သွားလိုက်သည်။သွေးဖောက်နေဆဲအချိန်မှာလည်း အာနိသင်ပိုရှိရန်သွေးကဆေးကဲ့သို့အစွမ်းထက်ရန် လူနာသို့မှန်းပြီး မေတ္တာပို့နေလိုက်သည်။
သွေးဖောက်ပြီးသည်နှင့်စောစောကဒကာကြီးအခန်းထဲသို့ ၀င်လာကာ-

    “အရှင်ဘုရား သမီးလေးအဖြစ်က

 သေမယ်ရှင်မယ်ဆိုတာတပ်အပ်သေချာမပြောနိုင်တော့ဖြစ်နိုင်ရင်
လူနာဆောင်ထဲခေတ္တကြွပြီးသိသင့်သိထိုက်တဲ့ တရားလေးများကို ဟောကြားပေးပါဘုရား”
စာရေးသူ ခေါင်းညိမ့်ပြပြီး လူနာရှင်ဒကာကြီးနှင့်အတူ

 သွားလိုက်သည်။လူနာဆောင်ထဲရောက်တော့စာရေးသူထံမှ ထုတ်ယူသွားသောသွေးများကိုလူနာအား ချက်ချင်း ပြန်သွင်းပေနေသည်ကို
 တွေ့ရသည်။ ထူးခြားသော မြင်ကွင်းက 
စာရေးသူမျက်စိထဲမှ မထွက်၊
 သေလုမြောပါး ဝေဒနာ ခံစားနေရသော်လည်း 
 လူနာမိန်းကလေး၏ မျက်နှာက တင်းမာ 
ခက်ထန်သယောင် ရှိနေသည်။

  စကားကတော့မပြောနိုင်ရှာတော့ပါ။သွေးလှူရှင် ကိုရင်ကြွလာသည်ဟု မိဘများကပြောလိုက်သည်နှင့် မျက်လုံးကိုတော့ အားယူပြီးဖွင့်ကြည့်လိုက်သည်ကိုတွေ့ရသည်။အချိန်က သိပ်တန်ဖိုးရှိနေသည်။ စာရေးသူက 

အချိန်မဆွဲတော့၊ လူနာအား ခေတ္တစိုက်ပြီး စိတ်ထဲမှ
 မေတ္တာပို့လိုက်ပြီးနောက်လူ့ဘ၀အပါအ၀င်ရခဲခြင်းတရားငါးပါး၊ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရ။

ထို့နောက်ပုထုဇဉ်တိုင်းအားကိုးအားထားပြုရမည့် အပါယ်မလားစေသော ကုသိုလ်များ၊ သေခါနီးတွင်

 ဂတိကောင်းရန်စိတ်ထားပုံမှစ၍တစ်နာရီခန့်ကြာအောင် တရားအလှူကိုပေးလှူလိုက်ပါသည်။တရားအဆုံးတွင် လူနာရှင်များရော၊ဆေးရုံဝန်ထမ်းများပါအားလုံးဝမ်းသာအားရ သာဓုခေါ်ကြသည်။ ထူးခြားသည်က
 ဒေါသအရှိန်ဖြင့်တင်းမာသယောင်ရှိနေသော ဆယ်တန်း ကျောင်းသူလေး၏ မျက်နှာမှာ နူးညံ့ ပျော့ပျောင်းလာပြီး လက်အုပ်ချီ ကန်တော့ချင် သည့် အမူအရာကို ပြသဖြင့် မိဘများက သူမ၏လက်ကို လက်အုပ်ချီပြီး ရင်ဘတ်ပေါ် တင်ပေးလိုက်ကြခြင်းပင်။

      မျက်စိကို အားယူဖွင့်ရင်း စာရေးသူကို ကန်တော့ရင်းကပင် ၀မ်းသာကြည်နူးနေသောမျက်နှာအသွင်မှတစ်ဖန် ၀မ်းနည်း ကြေကွဲသောမျက်နှာသို့ချက်ချင်းပြောင်းသွားပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် လှိမ့်ဆင်းလာကြသည်။
အမူအရာဖြင့်သာ ပြောပြနိုင်ရှာသော ဆယ်တန်း ကျောင်းသူလေး၏ စကားကို စာရေးသူ ဘယ်လိုမှ နားမလည်နိုင်ခဲ့။ သူမပြောပြလိုသော စကားများ၏ အဓိပ္ပာယ်ကို နောက်သုံးရက်ကြာမှ သိရသည်။ လူနာရှင် ဒကာကြီး ကျောင်းသို့ရောက်လာပြီး-

“အရှင်ဘုရားတပည့်တော်သမီလေးဆုံးသွားပါပြီ ဘုရား၊သက်သာသလိုတော့ဖြစ်သွားသေးတယ်ဘုရား၊ အဲဒီအချိန်လေးမှာမနည်းအားယူပြီး အရှင်ဘုရားကိုလျှောက်ခိုင်းတာလေးလဲရှိလို့ လာလျှောက်တာပါဘုရား၊ သမီးလေး ပြောသွားတာကတော့ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀ အနှစ်သာရ၊ ဘာသာအနှစ်သာရကို မသေခင်မှာ သိသွားရလို့ သူသိပ်ပြီး ၀မ်းသာပါသတဲ့ဘုရား။”

 “အရှင်ဘုရားကိုလဲသွေးတင်မကတရားပါ လှူတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းကို သေချာ

 လျှောက်ထားခိုင်းပါတယ်၊တရားဆုံးတဲ့နောက်သူ့မျက်နှာ ကြည်လင်သွားတာကမသေခင်မှာ သိသင့်သိထိုက်တဲ့တရားကိုသိရလို့ပါတဲ့။သူ့မျက်နှာညှိုးသွားပြီး မျက်ရည်ကျတာကိုလဲတစ်မျိုးမထင်ပါနဲ့တဲ့၊အဲဒါကတော့ ရခဲတဲ့လူ့ဘ၀ထဲကနေဘ၀အနှစ်သာရဘာတစ်ခုမှ ထုတ်မယူနိုင် တော့တဲ့ အတွက် ၀မ်းနည်းပြီး ငိုမိတာပါတဲ့ဘုရား”
ဟုလျှောက်ထားသွားရာဒကာကြီး၏လျှောက်ထားသံက နားထဲကမထွက်။ သြော်- ဆယ်တန်း ကျောင်းသူလေးကား ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ဘ၀အနှစ်သာရ၊ဘာသာအနှစ်သာရကို မျက်ရည်ကျပြီးမှ သိသွားတာပါလား၊ ကျန်သောဒကာ၊ ဒကာမများ ဘ၀တန်ဖိုး၊ဘာသာတန်ဖိုး၊ဘာသာအနှစ်သာရကို ဆယ်တန်း ကျောင်းသူလေးကဲ့သို့ မျက်ရည်ကျပြီး မသိစေချင်ပါ၊ မျက်ရည်မကျခင် ကပင် ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရကို သိစေချင်လှပါသည်။
ထို့ကြောင့်လည်း ဤကျမ်းစာကို “မျက်ရည်မကျခင် သိစေချင်” ဟု အမည်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ရပါသည်။
ချမ်းသာကိုယ်စိတ်မြဲကြပါစေ။

မေတ္တာရှင် (ရွှေပြည်သာ)
ဆရာတော် အရှင်ဇ၀န
မန္တလေးကျောင်းတိုက်
(၆)ရပ်ကွက်၊ ရွှေပြည်သာ၊ ရန်ကုန်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
 http://www.wiradhamma.blogspot.com/2012/05/blog-post_14.html

No comments:

Post a Comment