Pages

Thursday, February 20, 2014

***** မစ္ဆရိယသမားကို အနိုင်ယူနည်း ****


 မစ္ဆရိယသမားကို အနိုင်ယူနည်း
''ဇိနေ ကဒရိယံ ဒါနေန'' တဲ့။ နှမြောတဲ့ ပုဂ္ဂိုလ်ကို မိမိက ပေးကမ်းစွန့်ကြဲ ခြင်းဖြင့် အနိုင်ယူပါတဲ့။
နှမြောတဲ့ပုဂ္ဂိုလ်နဲ့ စွန့်ကြဲပေးကမ်းတတ်တဲ့ ပုဂ္ဂိုလ်၊ ဘယ်သူက နိုင်လို့ ဘယ်သူကရှုံးတာလဲ အနိုင်အရှုံး တွက်ကြည့်ရမယ်။ ဒီနေရာမှာ ကဒရိယ ဆိုတဲ့ စကားလုံးဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ ကဒရိယ ဆိုတာ ထဒ္ဓမစ္ဆရီ တစ်ကယ့်ကို ပြင်းထန်တဲ့မစ္ဆရိယ ကြီးမားတဲ့ပုဂ္ဂိုလ်မျိုးကို ခေါ်တာ။
 
 အေး. . မစ္ဆရိယ နဲ့ ကဒရိယ ဘယ်လိုကွာသလဲ ဆိုရင် နှမြောဝန်တိုတတ်တဲ့ မစ္ဆရိယ ပုဂ္ဂိုလ်ဟာ ကိုယ့်ပစ္စည်းသာ နှမြောတာ လှူမယ်တန်းမယ် မဟုတ်ဘူး။ ရလာတဲ့ အခွင့်အရေးကို ကိုယ်သာခံစားချင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုး။ ကဒရိယ ကျတော့ အဲလိုမဟုတ်ဘူး။ ကိုယ့်ဟာလည်း မလှူဘူး။ သူများလှူတာလို့ရှိရင်လည်း တာမြစ်တယ်။ မစ္ဆရိယစိတ် ရှိတဲ့ပုဂ္ဂိုလ်က ကိုယ်တိုင်သာ မလှူတာ၊ သူများလှူတာကို မပြောဘူး။ 
 
 ကဒရိယဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ အဲလို မဟုတ်ဘူး။ သူများလှူတာကိုလည်း ဟန့်တားတတ်တဲ့ ပုဂ္ဂိုလ်။ သူက ပိုပြင်းထန်တယ်။ အဲဒီလို ပြင်းထန်တဲ့ မစ္ဆရိယစိတ် ရှိတဲ့သူကို ပေးကမ်းစွန့်ကြဲခြင်းဖြင့်သာလျှင် သူ့ကို အနိုင်ရနိုင်တယ်လို့ အနိုင်ယူနည်းကို မြတ်စွာဘုရားက ဟောတယ်။ ဒါက ပစ္စုပ္ပန်ဘဝ အနိုင်ရပုံပဲ။
သံသရာမှာ အနိုင်ရပုံကို ကြည့်မယ်ဆိုရင် နှမြောဝန်တို နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘာမှမလှူဘူး။ 
 
ဘာမှမလှူသည့် အတွက် သံသရာမှာ လူဖြစ်ရင် ဘယ်တော့မှ ပြည့်ပြည့်စုံစုံ မရဘူးတဲ့၊ ဆင်းရဲမွဲတေတဲ့လူ ဖြစ်ရတယ်။ ဒါနကောင်းမှုပြုတဲ့ ပုဂ္ဂိုလ်ကျတော့ အစစအရာရာ ပြည့်စုံတယ်။ ဒါနရှိတဲ့လူနဲ့ မရှိတဲ့လူ ဘဝသံသရာမှာ ခရီးသွားတဲ့အခါ အလွန်ပဲ ကွာခြားတယ်။ အဲဒါကို ကြည့်မယ်ဆိုရင် ဒါနမရှိတဲ့ ပုဂ္ဂိုလ်ဟာ အရှုံးသမားပဲ။ ဒါနရှိတဲ့ ပုဂ္ဂိုလ်ဟာ အနိုင်ရတဲ့ ပုဂ္ဂိုလ်ပဲ။

ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါကာလတုန်းက သူငယ်ချင်း ရဟန်းတော်နှစ်ပါး ရှိတယ်။ သုမန သုတ္တန်မှာလာတဲ့ သူငယ်ချင်းရဟန်းနှစ်ပါး၊ တစ်ပါးက ဝိပ္ပဿနာတရား အားထုတ်တယ်၊ ဒါနကောင်းမှုလုပ်စရာမလိုဘူး။ ဝိပ္ပဿနာအကျင့်ပဲ ကျင့်မယ်လို့ဆိုတယ်။ တစ်ပါးကတော့ အေး ဘုန်းကြီးဆိုပေမယ့် ဒါနကောင်းမှုဆိုတာ လုပ်သင့်တယ်၊ သာရဏိယ ဝတ်ဆိုတာ ဖြည့်သင့်တယ်လို့ ယူဆပြီး ကိုယ်ရလာတာတဲ့ ဆွမ်းသင်္ကန်းကို သီတင်းသုံးဖော်တွေကို မျှဝေလှူဒါန်းတယ်။ 
 
ဟိုတစ်ပါးကတော့ ဘယ်သူ့ကိုမှ လှူစရာမလိုဘူး၊ တရားကျင့်ဖို့က အဓိကတဲ့။ ခုခေတ်လိုဆို ဒါနက သံသရာရှည်တယ်လို့ ပြောတာဖြစ်မယ်။ လှူစရာမလိုဘူးဆိုပြီး မလှူဘဲနေတဲ့ ပုဂ္ဂိုလ်။ သူငယ်ချင်းနှစ်ပါး၊ တစ်ပါးနဲ့ တစ်ပါး အမြင်မတူကြဘူး။

အဲ့တော့ ကိုယ်ကြိုက်တာကိုယ်လုပ်ပြီး သံသရာခရီးကို သွားကြရတယ်။ အဲဒီကဿပမြတ်စွာဘုရားရှင် လက်ထက်က ရဟန်နှစ်ပါး ပျံလွန်တော်မူကြတဲ့အခါ နတ်ပြည်မှာသွားဖြစ်တယ်။ ဝိပ္ပဿနာ အကျင့်ကျင့်ပြီး ဘာမှမလှူတဲ့ ပုဂ္ဂိုလ်က နတ်ပင်ဖြစ်လင့်ကစား ဟိုပုဂ္ဂိုလ်ရဲ့ အဆင့်အတန်းကို မမှီဘူး။ ဒါနကုသိုလ် ကောင်းမှုရှိတဲ့ ကိုယ်တော်ကဖြစ်လာတဲ့ နတ်က အသက်လည်းပိုရှည်တယ်။ 
 
အဆင်းလည်းပိုလှတယ်၊ ချမ်းသာသုခလည်း ပိုကြီးတယ်။ အစိုးရမှုလည်း ပိုကြီးတယ်။ နတ်၌ ဖြစ်သော အဆင်း၊ အသံ၊ အနံ့၊ အရသာတွေကလည်း ဟိုပုဂ္ဂိုလ်ထက် သာတယ်။ ဒါနကောင်းမှု မလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်က အစစအရာရာ နိမ့်ကျတယ်။ အော် အဲဒီမှာတင် ဒါနမရှိတဲ့သူက ရှုံးသွားပြန်တယ်။ သံသရာမှာလည်း သူဟာ အရှုံးနဲ့တွေ့ရပြန်တယ်။

နတ်ပြည်ကနေပြီး လူ့ပြည်ရောက်တဲ့ အခါမှာ ဒါနကောင်းမှု ပြုခဲ့တဲ့ ပုဂ္ဂိုလ်က ဘုရင့်သား လာဖြစ်တယ်။ ဒါနကောင်းမှု မပြုခဲ့တဲ့ ကိုယ်တော်က အထိမ်းတော်ရဲ့သား လာဖြစ်တယ်။ ဒီမှာလည်း ရှုံးသွားပြန်ပြီ။ အဲဒီလို အနိုင်အရှုံးဆိုတာ ကောင်းတာလုပ်တာနဲ့ မကောင်းတာလုပ်တာ၊ ဒါနရှိတာနဲ့ ဒါနမရှိတာ နိုင်သူနဲ့ရှုံးသူ။ ဒီပစ္စုပ္ပန် ဘဝမှာတင် မဟုတ်ဘူး။ သံသရာမှာပဲ ကြည့်လိုက်မယ်၊ ဒါနကောင်းမှု မရှိတဲ့ ပုဂ္ဂိုလ်ဟာ ရှုံးနေတယ်။ ဒါနရှိတဲ့ ပုဂ္ဂိုလ်ဟာ အနိုင်ရနေတယ်။ ဒီလိုအနိုင် အရှုံးဆိုတာ တွက်လို့ရတယ်။ 

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)

No comments:

Post a Comment