
မသေခင်ဘာလုပ်မည်နည်း
*******************
ဘဝ၏ ကံသစ်ကိုင်းကို ကြွက်ကြီးနှင့်ကောင်က အမြဲတစ်စေ ကိုက်ဖြတ်နေသဖြင့် တစ်နေ့ ဘဝကံ သစ်ကိုင်းပြုတ်ကျ၍ မရဏမြွေမင်း၏ ခံတွင်းသို့ သက်ဆင်းရဖို့ သေချာ၏။
ထိုအဖြစ်ဆိုးနှင့် မကြုံတွေ့ရမီစပ်ကြား မည်သို့နေထိုင်ကျင့် ရမည်နည်း။
ဘာသာ သာသနာနှင့်စပ်၍ လုပ်ဆောင်ရန် ဒါန သီလ သမထ(သမာဓိ) ဝိပဿနာ(ပညာ) ဟုလေးမျိုးရှိ၏။ မိမိရှာဖွေရသမျှထဲမှငါးပုံ တစ်ပုံကို ဘာသာသာသနာအတွက် လှူဒါန်းပါ ကောင်းကျိုးပြုပါ။ ပစ္စည်းဥစ္စာ၏ အနှစ်အရသာသည် ဒါနသာဖြစ်၏။ ပစ္စည်းဥစ္စာထဲမှ ဒါနအနှစ်ကို ရအောင်ယူနိုင်ရ၏။ စားသမျှသည် မစင်သာဖြစ်၏။ ထားသမျှသည် မသေခင်သာဖြစ်၏။ ဒါနပြုနိုင်မှ ကုသိုလ်ပဒေသာပင် ဖြစ်သဖြင့် ဘဝတိုင်းဆွတ်၍မကုန် ခူး၍မကုန် စား၍မကုန် သုံး၍မကုန်ရှိတော့၏။ ဒါနမပါလျှင် သံသရာမှာ မျက်နှာငယ်ရ၏။ အောက်ကျနောက်ကျဖြစ်ရ၏။ ကိုယ်ပင်ပန်းစိတ်ပင်ပန်း ဖြစ်ရ၏။ ကိုယ်ဆင်းရဲစိတ်ဆင်းရဲ ဖြစ်ရ၏။ ဒါနပါမှသာလျှင် သံသရာမှာ မျက်နှာပွင့်လန်း အထက်တန်းရောက်ရ၏။ ကိုယ်သက်သာ စိတ်သက်သာမှုရ၏။ ကိုယ်ချမ်းသာ စိတ်ချမ်းသာမှုနှင့် ပြည့်စုံ၏။ တစ်စတစ်စ စွန့်ဝံ့မှသာ ဘဝနောင်နှောင်း ကောင်းထက်ကောင်း၏။ လက်သည် စွန့်စရှိမှ စွန့်ရဲ၏။ စွန့်စမရှိလျှင် တွန့်နေတတ်၏။ တီကောင်ကို ဆားထိသကဲ့သို့ တွန့်ရာမှ တိုသွားတတ်၏။ တွန့်တိုခြင်းသညါ မစ္ဆရိယပင်တည်း။ တွန့်တိုခြင်း နှမြောစေးနှဲခြင်းသဘော။ ။ မစ္ဆရိယသည် ဆင်းရဲခြင်း ငတ်ပြတ်ခြင်း မွဲတေခြင်း၏ အကြောင်းရင်းဖြစ်၏။ သံသရာ၌ ဆင်းရဲခြင်း ငတ်ပြတ်ခြင်း မွဲတေခြင်းမှ ကင်းလွတ်ရလေအောင် မစ္ဆရိယကို တတ်နိုင်သမျှ နှိမ်နှင်း၍ တစ်စတစ်စ နည်းနည်းခြင်းစွန့်ပါ။ ပေးပါ လှူပါ။ နည်းနည်းစွန့်ရာမှ များများစွန့်ရဲလာမည် ဖြစ်၏။ နည်းနည်းစွန့်လျှင် နည်းနည်းချမ်းသာဖို့ ဖြစ်၏။ များများစွန့်လျှင် များများချမ်းသာဖို့ဖြစ်၏။ စွန့်နိုင်သည့် အတိုင်းအတာအပေါ်မူတည်၍ ချမ်းသာမှုပမာဏ ကြီးထွားလာမည်သာ ဖြစ်၏။
စည်းစိမ်ချမ်းသာ၏ အခြေခံအုတ်မြစ်သည် ဒါနသာဖြစ်ပါ၏။ သို့ဖြစ်၍ အလှူအပေး လက်မနှေးပါစေနှင့်။ စွန့်ကြဲပါ ပေးကမ်းပါ လှူဒါန်းပါ။ ရယူခြင်း၌ဖြစ်သော ပီတိထက် စွန့်လွတ်ခြင်း၌ဖြစ်သော ပီတိက အဆရာပေါင်းများစွာ ပိုမိုတန်ဖိုးရှိ၏။
လောက၌ လုံခြုံရေးကောင်းမွန်ဖို့ အရေးကြီး၏။ လုံခြုံရေးညံ့ဖျင်းလျှင် အသက်စည်းစိမ် အိုးအိမ်အတွက် အန္တရာယ်ရှိ၏။ ထို့အတူ ဘဝလုံခြုံရေး မကောင်းလျှင် အန္တရာယ်အလွန်များ၏။ အပါယ်လေးပါးအန္တရာယ် အသက်တိုမည့်အန္တရာယ် အရုပ်ဆိုးမှုအန္တရာယ်စသည့် အန္တရာယ်တွေ ဝန်းရံနေ၏။ ယင်းအန္တရာယ်တွေ မကျရောက်စေဖို့ မကပ်ရောက်စေဖို့ လုံခြုံရေးကောင်းဖို့ အထူးလိုအပ်လှ၏။ ဘယ်လုံခြုံရေးဟူမူ ငါးပါးသီလလုံခြုံလျှင် ထိုအန္တရာယ်များ မည်သို့မျှ မကျရောက် မကပ်ရောက်နိုင်ပေ။
လောကလူသား သောကကင်းသူ ရှိမည်မဟုတ်။ အနည်းနှင့်အများ သောကပွားနေကြသူများသာ ဖြစ်၏။ အချစ်ကြောင့် သောကဖြစ်ရ၏ဟု ဘုရားဟော၏။ အချစ်နှင့် မကင်းသူမှန်သမျှ သောကနှင့်ကင်း၍ မရစကောင်းပေ။ သားချစ် သမီးချစ် လင်ချစ် မယားချစ် ဆွေချစ် မျိုးချစ် ရာထူးချစ် အာဏာချစ် စည်းစိမ်ဥစ္စာချစ် ဂုဏ်သကာသနချစ် သက်ရှိကိုချစ် သက်မဲ့ကိုချစ် အတတ်ပညာအချစ် လုပ်ငန်းကိုင်ငန်းအချစ် အချစ်ဟူသမျှ သောက၏ မြစ်ဖျားခံရာ ဖြစ်၏။ သောကဟူသည် သတ်မှတ်၍ ပြောခြင်းဖြစ်၏။ သောကကိုဆိုသဖြင့် ကျန်မီး ၁၀ပါးအားလုံး ပါဝင်တော့၏။ မီးဟူသည် လောင်တတ်သောသဘော ရှိ၏။ လောင်လျှင် ပူတော့၏။ ပူလျှင် လောင်တတ်၏။
သို့သော် ပူတိုင်းလောင်သည် မဟုတ်။ လောင်လျှင်ဖြင့် ပူဖို့သေချာ၏။ အလောင်ခံရလျှင်ဖြင့် အလောင်ခံရသော ဒြပ်ဝတ္ထုနှင့် ဝန်းကျင်တစ်ခွင် အားလုံးပူရတော့သည်သာ။ ယင်းပူလောင်မှုတွေ ငြိမ်းအေးသွားဖို့အတွက် ဘုရားရှိခိုးခြင်း ဂုဏ်တော်ပွားခြင်း မေတ္တာပို့ခြင်းစသော သမထ ဘာဝနာကို အားထုတ်ရ၏။ နှလုံးသွင်းရ၏။ စိတ်ရောရုပ်ပါ လောင်မှန်းမသိ လောင်နေသော မီးတောက်အပူ အားလုံးငြိမ်းစေ အေးစေသည်မှာ သမထလုပ်ငန်း သမာဓိလုပ်ငန်းဖြစ်ပါ၏။ သို့ဖြစ်၍ မီးစကတစ်ဖက်မှာ ရှိနေသည့်အတွက် တစ်ဖက်ကရေမှုတ် ကိုင်ထားဖို့တော့ လို၏။ အချစ်ဆိုသော မီးစတစ်ဖက်က လောင်လိုက် သမထဟူသော ရေမှုတ်ဖြင့် ငြိမ်းလိုက်နှင့် ငြိမ်းပေးနေဖို့လို၏။
လောင်မှာကတော့ သေချာ၏။ အားလုံးက အချစ်ဆိုသော မီးစကို ကိုင်ထားကြ၏။ ငြိမ်းပေးဖို့သာ အရေးတကြီး လိုအပ်၏။ သမထ အလုပ်ဖြင့် ငြိမ်း၍မပေးကြဘူးဆိုလျှင်ဖြ
အသေချာစဉ်းစားဖို့သင့်၏။
(အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာ
https://www.facebook.com/ko.latt.5015မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment