Pages

Thursday, February 13, 2014

**** “ဟောပါ နာပါ မြတ်သစ္စာ” ****

“ဟောပါ နာပါ မြတ်သစ္စာ”
တရားမနာပဲ နိဗ္ဗာန်ရောက်သွားကြတာဆိုလို့ မြတ်စွာဘုရား နဲ့ ပစ္စေကဗုဓ္ဒါ သာရှိပါတယ် .. ကျန်အရိယာသူတော်ကောင်းများမှာ တရားနာခြင်းကစလို့ နိဗ္ဗာန်နန်းကို တက်လှမ်းသွားကြတာပါ။

သို့ပါ၍ တရားဓမ္မနာယူခြင်းသည် မည်မျှအရေးကြီးသည်ကို သိရှိရန်လို၏။
တရားနာကြားပါသော်လည်း လွဲသောတရားများနှင့် လိုသောတရားများကို နားကြားမိပြန်လဲ လိုရာခရီးရောက်လိမ့်မည်မဟုတ်။ ပါရမီပြည့်စုံပြီးသား ပုဂ္ဂိုလ်ပင်ဖြစ်သော်ငြားလဲ လိုသောတရားများ နာကြားမိပါကလဲ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် မရနိုင်ပုံကို ၀တ္ထုတစ်ပုဒ် ထုတ်ပြပါအံ့….။

အခါတစ်ပါး၌ ရှင်သာရိပုတ္တရာက ရာဇဂြိုဟ်ပြည် ဝေဋုဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူခိုက်...ဓနဉ္စာနီးပုဏ္ဏာကြီးအိမ်မှ အစေခံတစ်ယောက်သည် ဓနဉ္စာနီ မမာမကျန်းဖြစ်နေ၍ ရှင်သာရိပုတ္တရာအား ပုဏ္ဏားကြီးအိမ်သို့ ခေတ္တကြွပါရန် ပင့်လျှောက်၏…။
ဒါနဲ့…ရှင်သာရိပုတ္တရာလဲ သင်းပိုင်ကလေး ဘာကလေး ပြင်ဝတ်ပြီးသကာလ ဓနဉ္စာနီ ပုဏ္ဏားကြီးဆီကို လိုက်သွားခဲ့တယ်...။ဟိုရောက်တော့….ရှင်သာရိပုတ္တရာက ဒကာကြီးဘယ့်နှယ်နေသတုံး ဆိုတော့ ဝေဒနာပြင်းထန်ပါတယ်ဘုရား၊ နောက်မဆုတ်ပါဘူး ။ အင်မတန် ပြင်းထန်ပါတယ်ဘုရားလို့ ပြန်လျှောက်တင်၏..။
ဒါနဲ့ ရှင်သာရိပုတ္တရာက အကဲခတ်လိုက်တယ်..။အင်း…….ဒီဝေဒနာကတော့ဖြင့် မရတော့ဘူး၊ သူသေတော့မှာပဲ။

ကဲ…….တရားဟောမယ်……..ဒကာကြီးနားထောင်ဆိုပြီး တရားဟောလိုက်တယ်။ တရားဟောတော့ .ဒကာကြီး….. ငရဲနဲ့တိရစ္ဆာန်မှာ ဘယ်ဟာပိုမြတ်သတုံး….။ ငရဲထက်တော့ …..တိရစ္ဆာန်က မြတ်တာပေါ့ဘုရား။ ကောင်းပြီ မှတ်ထားပါ ဒကာကြီး။
တိရစ္ဆာန်နဲ့ ပြိတ္တာကော ဘယ်ဟာမြတ်သတုံး၊ ဟာ……..ပြိတ္တာကတော်သေးတာပေါ့ဘုရား၊ အဆင့်ဆင့်တက်လာတယ်နော်…..။ဒါဆို ပြိတ္တာနဲ့လူကော …..လူကမြတ်ပါတယ်ဘုရား။ လူနဲ့ စတုမဟာရာဇ်နဲ့ကော..၊ စတုမဟာရာဇ်က မြတ်တာပေါ့ဘုရား….။
စတုမဟာရာဇ်နဲ့ တာဝတိံသာကော..။ တာဝတိံသာပါဘုရား။ ပရနိမ္မိတ ၀သ၀တီပြည်နဲ့ ပထမဈာန် ဗြဟ္မာ့ပြည်ကော ဘယ်ဟာကမြတ်သတုံး၊ ဟာ…ပထမဈာန် ဗြဟ္မာ့ပြည်က မြတ်တာပေါ့ဘုရား..။ ဒါဆို ဒကာကြီး ဗြဟ္မာ့ပြည်ကော မကြိုက်ဘူးလား၊ ကြိုက်ပါတယ်ဘုရားတဲ့။ ကောင်းပြီ တကာကြီး ဗြဟ္မာ့ပြည်ကြိုက်ရင် မေတ္တာပို့ပါ…။ အရှေ့ ၊ အနောက်၊ တောင်၊မြောက်၊ အထက် နှင့် အောက်ပါမကျန် အားလုံးတစ်တန်းတည်ဖြစ်အောင် မေတ္တာပို့ပါ။

မေတ္တာပို့ပြီးနောက်…အာလုံးအပေါ်မှာ ကရုဏာတစ်တန်းတည်းထား၊ နောက်..မုဒိတာပွားပါ..။ ပြီးတော့….ဥပေက္ခာဆိုတဲ့ တရားနဲ့ အားလုံအပေါ်မှာ ထားလိုက်စမ်းပါ ဒကာကြီးဆိုပြီးမှာကြား ကျောင်းပြန်ကြွသွားတယ်…။ တရားဟောပြီး အရှင်သာရိပုတ္တရာလဲ ပြန်ကြွသွားလို့ လမ်းမှာရှိနေတုံးမှာပဲ မြတ်စွာဘုရားက ဥာဏ်နဲ့ကြို သိနေနှင့်ပြီ။ ဘုရားက သူ့အနီးအနားမှာ ရှိတဲ့ရဟန်းတွေကို ဤသို့မြွတ်ကြားလေ၏။ သာရိပုတ္တရာ ဓနဉ္စာနီပုဏ္ဏားကြီးကို တရားဟောတာကွာ နိဗ္ဗာန်ရောက်ကြောင်းတရားကို ချန်လှပ်ပြီးသကာလ ဗြဟ္မာ့ပြည်ရောက်ကြောင်း တရားသာသူဟောပြီး ပြန်လာနေပြီ..တဲ့ .။
နောက်မကြာခင်…ရှင်သာရိပုတ္တရာလဲ ဘုရားအနားရောက်လာရော….ဘုရားက ဟေ့…..သာရိပုတ္တရာ မင်း ဘယ်ကလာခဲ့သတုံး။ဒီလိုပဲ ဘုရား ဓနဉ္စာနီပုဏ္ဏာကြီး မမာတာနဲ့ တရားဟောသွားခဲ့တာပါ ဘုရား။ ဘယ်နှယ်များ ဟောခဲ့သတုံးကွာ….မြတ်တာ မြတ်တာ အဆင့်ဆင့်တက်ပြီး သူကြိုက်တဲ့ ဗြဟ္မာ့ပြည်ကို ပို့ပေးခဲ့ပါတယ် ဘုရား။

ထိုအခါမြတ်စွာဘုရား…သြော်..မင်းနှယ့်ကွာ ဒီထက်ကောင်းတဲ့တရားတွေ ရှိပါလျှက်သားနဲ့ ဗြဟ္မာ့ပြည်ပို့ထားခဲ့တယ်ဆိုတော့ ဒုက္ခသစ္စာရတဲ့ပြည် မင်းပို့ထားခဲ့တာ..။ဒီ့ထက် လွတ်မြောက်တဲ့ တရားရှိပါလျက်သားနဲ့ မလွတ်မြောက်တဲ့နေရာ ပို့ထားခဲ့တယ်ဆိုတော့ ဇာတိ၊ ဇရာ၊ မရဏထဲ တွန်းထားခဲ့တာနဲ့ မတူဘူးလား….။နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ရှိပါလျက်သားနဲ့ ဗြဟ္မာ့ပြည်ရောက်ကြောင်း မင်းပို့ထားတဲ့ ဥစ္စာကွာ..။ မင်း…တရားဟောခဲ့တာ ညံ့တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောလိုက်တယ် …။
အဲဒီတွင်မှ ရှင်သာရိပုတ္တရာက သတိရတယ်၊ သြော်…ငါဟောတာ သစ္စာမပါ-ပါလား… သစ္စာတရားအထိ မရောက်ခဲ့ပါလား ။ဒါဖြင့် တပည့်တော် ပြန်ဟောဦးမယ်ဆိုတော့ မင်းမဟောနေပါနဲ့၊ ဟောမယ်ဆိုလည်း လူ့ပြည်မှာ မရှိတော့ဘူး ။ ဗြဟ္မာ့ပြည် ရောက်သွားပြီလို့ ပြောလိုက်တယ်..။

ဒါနဲ့ အရှင်သာရိပုတ္တရာလဲ ဗြဟ္မာ့ပြည်ကိုလိုက်ပြီး သစ္စာတရားများ သွားဟောရလေတယ်။လူပြည်မှာ တခါတည်းနဲ့ ပြည့်ပြည့်စုံစုံ မဟောမိလို့ ဗြဟ္မာ့ပြည် လိုက်ဟောရတာနော်...။ ဒီအခါကျမှ ဓနဉ္စာနီ ပုဏ္ဏာကြီးလည်း သောတာပန်ကစပြီး ၊သကဒါဂါမ်၊ အနာဂါမ်၊ ရဟန်းတာ ဖြစ်သွားရတယ်…။

သို့ပါ၍ ပါရမီပြည့်စုံနေသူ ဖြစ်သော်ငြားလဲ တရားကို အစ၊ အလယ်၊ အဆုံး မနာယူလို့ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် မရနိုင်သလို့ ။ တရားဟောတဲ့ ပုဂ္ဂိုလ်အပိုင်းကလဲ လိုသောတရားများဟောနေရင် မဂ်၊ဖိုလ် မဆိုက်နိုင်ကြောင့် သတိချက်စေရန် စိတ်ရည်သန်လျှက်….. တင်ပြအပ်ပါသည်။

( မိုးကုတ်ဆရာတော်ဘုရားကြီး တရားတော်မှ)

http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:150648

No comments:

Post a Comment