Pages
▼
“ အညစ်အကြေး ”
“ အညစ်အကြေး ”
••••••••••••••••••
အညစ်အကြေးဆိုတာ လူကို အကျည်းတန်စေတဲ့အရာပါ။
လူဟာ ညစ်ပတ်နေပြီဆိုရင် လူတိုင်းက အနား
မကပ်ချင်ကြတော့ပါဘူး။
ဒါကြောင့်ပဲ လူတိုင်း
သန့်ရှင်းစင်ကြယ်အောင်နေဖို့ အရေးကြီးတာပေါ့။
ဘုရားရှင်ကိုယ်တော်မြတ်က အညစ်အကြေးရှစ်မျိုးရှိကြောင်း
“အဂ္ဂိုတ္တိုရ်ပါဠိတော်”မှာ ဟောပြထားပါတယ်။
၁။ “မရွတ်ဖတ်၊ မသရဇ္ဈယ်ခြင်း၊ မသုံးသပ်ခြင်း”ဟာ
အတတ်ပညာရဲ့ အညစ်အကြေးပါ။
အတတ် ပညာတစ်ခု သင်ထားပြီဆိုရင် မမေ့အောင်
မကြာခဏ သုံးသပ်ဆင်ခြင်ပေးပါမယ်။
ရွတ်ဖတ်ပြီး နှလုံးသွင်းနေရ မယ်။
ဘယ်လိုအသုံးချရမလဲဆိုတာ စဉ်းစားသုံးသပ်နေရမယ်။
ဒါမှလည်း အဲဒီအတက်ပညာဟာ မမေ့တော့ပဲ
သန့်ရှင်းတဲ့ ပညာ တစ်ခုဖြစ်မှာပါ။
၂။ “ထကြွလုံလမရှိခြင်း”ဟာ “အိမ်”ရဲ့ အညစ်အကြေးပါ။
အိမ်တစ်အိမ်သန့်ရှင်းဖို့ဆိုရင် အိမ်မှာနေတဲ့သူတွေ
အမြဲတမ်းတက်ကြွနေရမယ်။ တက်တက်ကြွကြွနဲ့
အိမ်မှုကိစ္စ၊ သန့် ရှင်းရေးစတာတွေကို လုပ်ဆောင်ရမယ်။
သူ့နေရာနဲ့သူစနစ်တကျဖြစ်နေရမယ်။
၃။ “ပျင်းရိခြင်း” ဟာ “ကိုယ်”ရဲ့ အညစ်အကြေးပါ။
ပျင်းရိနေတဲ့သူဟာ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ရမှာကို ပျင်းတယ်။
ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ရမှာကို ပျင်းတယ်။
ကိုယ်ခန္ဓာလေးလံထိုင်းမှိုင်းပြီး ပုတ်သိုးနေတဲ့မျက်နှာနဲ့
သူ့ရဲ့ ခန္ဓာကိုယ်ဟာ ညစ်ပတ်အကျည်းတန်ပါတယ်။
၎။ “ မေ့လျော့ခြင်း” ဟာ ဥစ္စာစောင့်ရှောက်သူရဲ့
အညစ်အကြေးပါ။မှန်ပါတယ်။
မေ့မေ့လျော့လျော့နေတဲ့သူဟာ
ဘယ်လိုလုပ်သူ့ဥစ္စာပစ္စည်းတွေကို စောင့်ရှောက်နိုင်မလဲ။
ဟိုပစ္စည်းမေ့၊ ဒီပစ္စည်းမေ့။ ဘယ်နားထားမိမှန်းမသိ
စသည်ဖြင့် ဒီလိုနဲ့ ဥစ္စာပျောက်ဆုံးပါလေရော။
ဒါကြောင့် နိုးကြားတဲ့သတိရှိဖို့လိုပါတယ်။
၅။ “မကောင်းသောအကျင့်” ဟာ “မိန်းမရဲ့အညစ်အကြေး” ပါ။
(ဒီနေရာမှာတော့ စာရေးသူရဲ့ အမြင်ရတော့
မိန်းမတစ်ခုတည်းပြောထားပေမယ့်
ဥပမာစာနည်းနဲ့ “ယောင်္ကျားတွေလည်း
မကောင်းတဲ့ အမူအကျင့်” ရှိရင် ယောင်္ကျားတွေရဲ့
အညစ်အကြေးလို့ ပြောချင်ပါတယ်။)
မိန်းမဖြစ်စေ၊ ယောင်္ကျားဖြစ်စေ မကောင်းတဲ့
ကိုယ်နှုတ်စိတ်အမူအကျင့်ရှိတာဟာ မကောင်းပါဘူး။
အညစ်အကြေးပါပဲ။
၆။ “၀န်တိုမှု”ဟာ ပေးလှူသူရဲ့အညစ်အကြေးပါ။
နှမြောတဲ့သူမှာ ပေးကမ်းမှုနည်းပါတယ်။
ပေးလှူသူရဲ့ ဖြူစင်တဲ့သဒ္ဓါတရားကို ညစ်နွမ်းစေလို့
အညစ်အကြေးလို့ဆိုတာပေါ့။
၇။ ယုတ်ညံ့တဲ့ အကုသိုလ်မှန်သမျှဟာ
ယခုဘ၀ရော ၊ နောင်ဘ၀တွေအတွက်ပါ အညစ်အကြေးပါ။
မကောင်းမူပြုထားသူဟာ ဒီဘ၀မှာလည်း ပူပန်ရတယ်။
နောင်ဘ၀တွေမှာလည်း ပူပန်စွာခံစားရတယ်။
ယုတ်ညံ့တဲ့ ဘ၀တွေကို ဖြစ်စေတယ်။
ဘယ်ဘ၀ရောက်ရောက် ယုတ်ညံ့စေတဲ့အတွက်
“သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း” စသော
မကောင်းတဲ့အကုသိုလ်ကံတွေဟာ ဘ၀ရဲ့ အညစ်အကြေးပါပဲ။
၈။ “မသိမှုခေါ်တဲ့ အ၀ိဇ္ဇာ” ကတော့ အညစ်အကြေး
အားလုံးထက် ထူးကဲသော အညစ်အကြေးကြီးပါ။
သံသရာဝဲသြဃထဲကနေ ရုန်းမထွက်နိုင်အောင်
အညစ်အကြေးတွေနဲ့ ဖုံးလွမ်းထားတာပါပဲ။
သစ္စာလေးပါးကို အ၀ိဇ္ဇာဆိုတဲ့ အညစ်အကြေးနဲ့ ဖုံးလွှမ်းတယ်။
အမှားအမှန်မသိအောင် အ၀ိဇ္ဇာဆိုတဲ့ အညစ်အကြေးနဲ့
ဖုံးလွှမ်းထားတယ်။ ဒီအညစ်အကြေး ကတော့
အရဟ္တမဂ်နဲ့ ခွာမှပဲ ကွာကျပါလိမ့်မယ်။
(အင်္ဂုတ္တုရ်၊ အဋ္ဌကနိပါတ်)
- (ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ)
Dhamma Danã Source ►(အရှင်က၀ိဓဇသာရ) &
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment