Pages

Tuesday, February 11, 2014

***** ဆရာတင်မှား အပါယ်လား ****


ခုခေတ်မှာ အများဆုံးမြင်တွေ့လာတာက ဓမ္မကို အဓမ္မလို့ ဟောကြားလာတာ၊အဓမ္မကို ဓမ္မဆိုပြီးဟောကြားလာတာ များစွာတွေ့လာရတယ်။
ဓမ္မရဲ့ သဘောက သန္တရသ - ငြိမ်းအေးခြင်းသဘောရှိတယ်။ အပါယ်လေးပါးကို မကျရောက်အောင် ဆောင်ထားနိုင်တဲ့ သတ္တိကြောင့် ဓမ္မလို့လည်းခေါ်တယ်။

ဒါပေမဲ့ ခုခေတ်မှာ ဓမ္မလို့ အမည်ခံပြီး ဓမ္မနဲ့ မညီတဲ့သဘောတရားတွေကို များစွာဟောပြောလာတာတွေ့ရတယ်။ တရားကိုဟောကြားသူ၊ နာကြားသူဆိုတာမဖြစ်သေးတဲ့ ကိလေသာတွေ မဖြစ်ပေါ်အောင်၊ ဖြစ်ပေါ်နေတဲ့ ပူလောင်မှုတွေကို ငြိမ်းအေးချမ်းသာအောင် ကျင့်ကြံကြတာ၊ အားထုတ်ကြတာပါ။

ဆရာအတင်မှားလို့ ဒုက္ခပင်လယ်ဝေသွားတဲ့ လူတွေများစွာ ရှိပါတယ်။ နောင်လည်း ရှိနေအုံးမှာပဲ။ အရင်ကလည်း ရှိခဲ့တယ်။ ရှိဖူးတယ်။ ဒါကြောင့် ဆရာအတင် မမှားဖို့တော့လိုတယ်။ ဆရာအတင်မှားရင် တသံသရာလုံးလည်း သွားပြီ။

ကဿပဘုရားရှင်လက်ထက်က ကပိလမည်တဲ့ ရဟန်းတစ်ပါးရှိခဲ့ဖူးတယ်။ ကပိလမှာ သာဓိနီဆိုတဲ့အမေ၊ သာဂတဆိုတဲ့ အကို၊ တာပနာဆိုတဲ့ ညီမတစ်ဦးရှိတယ်။ မိသားစုအားလုံး သာသနာ့ဘောင်ရောက်လာကြတယ်။ မိသားစုတစ်စုတည်းပင်ဖြစ်သော်လည်း ခံယူချက်တွေ ကွဲသွားတော့ လားရာဂတိတွေလည်းကွဲသွားတယ်။


အကိုကြီးဖြစ်တဲ့ သာဂတက ရဟန်းတရားအားထုတ်လို့ ရဟန္တာဖြစ်သွားတယ်။ညီဖြစ်တဲ့ ကပိလကတော့ ပိဋကတ်သုံးပုံသင်ယူလို့ တတ်မြောက်၊ နောက်တော့
တရားဟော၊ တရားဟောတော့ အခြံအရံတွေ ပေါများ၊ အခြံအရံတွေ ပေါတော့လာဘ်လာဘတွေ ဖောဖောသီသီဖြစ်လာတယ်။

 နောက်တော့ မာန်တွေတက်၊မာန်တွေတက်လာတော့ ဓမ္မကို အဓမ္မလို့ဟော၊ အဓမ္မကို ဓမ္မလို့ဟောလာတယ်။

ဒါကို အခြားရဟန်းတော်တွေက လမ်းကြောင်းမှန်ကို တည့်ပေးတယ်။ သွန်သင်ညွန်ပြ ဆုံးမတယ်။ ဒါပေမဲ့ မရဘူး။ ရဟန်းတော်တွေကို မထီလေးစား၊ မောက်မောက်မာမာဆက်ဆံလာတယ်။ ဂရုစိုက်စရာမလိုဘူး။ ငါ့ပရိတ်သတ်၊ အခြံအရံရှိတယ်။ ငါ့အား ငါကိုးနိုင်တယ်ဆိုတဲ့ စိတ်တွေ ဖြစ်လာတယ်။ မာန်မာနတွေအအရမ်းများလာတယ်။ ဒါကိုပဲ အမေနဲ့ နှမလုပ်တဲ့သူက ဂုဏ်ယူတယ်။ အားပေး တယ်။ မြှောက်ပင့်တယ်။

ဒီလိုနဲ့ ကဿပဘုရားရှင်ရဲ့ သာသနာတော်ကြီး ဆုတ်ယုတ်လာတယ်။ ကပိလအပါဝင် အမေနဲ့ နှမလည်း သေတော့ အ၀ိစီငရဲရောက်ကုန်တယ်။ ဒါဟာ သေချာ တွေးကြည့်ရင် ဆရာအတင်မှားတာပါ။ မှားနေတာ မှားနေမှန်း သိရက်နဲ့ မပြင်တာ၊ မာနကြားခံလာတော့ “ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်”၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်” ဆိုတဲ့ စိတ်ဖြစ်သွားတယ်။

လောကမှာ ဒါမျိုးတွေအများကြီးရှိတယ်။ ဒီလိုအချိန်မှာ အမုန်းခံပြီး လမ်းကြောင်းမှန်ကို တည့်ပေးနိုင်မဲ့ မိတ်ဆွေကောင်းတွေ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲကပိလရဲ့ အမေနဲ့ နှမလို အားပေးမြှောက်ပင့်လုပ်ရင်တော့ “ဆရာလည်း သေ ငရဲပြည်၊ တပည့်လည်း သွား ငရဲသား” ဖြစ်ကုန်မှာတော့ အဆန်းမဟုတ်ပါဘူး။

ဒါကြောင့် လောကီပဲဖြစ်ဖြစ်၊ လောကုတ္တရာပဲ ဖြစ်ဖြစ် ဆရာအတင်မမှားဖို့လိုတယ်။
ဆရာအတင်မှားရင် ခုလောကီလည်း သူများထက် အောက်ကျ၊ နောက်ကျ နေ
ရမယ်။ လောကုတ္တရာမှာလည်း အကျိုးမပီး အချည်းနှီးသာ ဖြစ်ပါလိမ့်မယ်။ မျက်စိ
ကို ဖွင့်၊ နားကို စွင့်လို့ လမ်းကြောင်းမှန်ကို တည့်ပေးနိုင်မည့် ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့ကြပါစေ။ “ ဆရာအတင်မှား အပါယ်လား” အဖြစ်မျိုးနဲ့ မကြုံကြပါစေနဲ့လို့ ဆန္ဒပြုပါတယ်။

-“ဌေး”သာမဏေကျော်ဆရာတော်

http://myawadynews.blogspot.com/2013/10/blog-post_57.html

No comments:

Post a Comment