Pages

Wednesday, February 19, 2014

“ သရဏဂုံ တကယ်လုံပြီလား ”

Photo: “ သရဏဂုံ တကယ်လုံပြီလား ” 
•••••••••••••••••••••••••
ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း ခိုင်မာသည့် 
အထောက်အထားတစ်ခုမှာ 
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ 
ဓမ္မံ သရဏံ ဂစ္ဆာမိ၊ 
သံဃံ သရဏံ ဂစ္ဆာမိဟုဆို၍ မိမိကိုယ်တိုင် ကျေနပ်စွာ လက်ခံဆောက်တည်ထားသည့် သရဏဂုံ တည်နေမှုပင် ဖြစ်၏။ 

ထိုသရဏဂုံ ဆောက်တည်မှု အပိုင်းတွင်လည်း ဗုဒ္ဓဘာသာသည် မိမိကိုယ်တိုင်၏ ကျေနပ်စွာ ယုံကြည်လက်ခံလျက် လွတ်လပ်စွာ ဆောက်တည်မှု အပေါ်တွင်သာ လမ်းညွန်ပြီး 
အကြောက်တရားကြောင့်၊ 
ဖိအားတစ်ခုခုကြောင့် လက်ခံလိုက်ရသည့် 
ပုံစံမျိုးကို အားမပေးပေ။

ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဟုဆိုကာ ခံယူဆောက်တည်ထားသည့် 
ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ သရဏဂုံသည် 
ထိုရတနာမြတ်သုံးပါးကို ကျော်လွန်၍၊ 
တစ်နည်းအားဖြင့် ရတနာမြတ်သုံးပါးထက် 
အခြားအရာများအပေါ်တွင် ပို၍ယုံကြည် 
အားကိုးမိပါလျင် ထိုခံယူထားသည့် သရဏဂုံ
ပျက်သွားတတ်၏။ 

သရဏဂုံ ပျက်နေသည့် ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် အမည်ခံထားသော်လည်း မိမိကိုယ်တိုင်က ယုံကြည်ကိုးကွယ်မှု ပျက်ပြားနေသဖြင့် စစ်မှန်သည့် ဗုဒ္ဓဘာသာဝင် 
တစ်ယောက်ဟု ပြောဆိုရန်မှာ မဖြစ်နိုင်လှပေ။ 
သရဏဂုံပျက်လျင် အပါယ်ဘုံတက်မည်ဟု 
ဆိုကြသကဲ့သို့ သရဏဂုံပျက်သွားသည့် ဗုဒ္ဓဘာသာဝင် တစ်ယောက်သည်လည်း ဘုရား၊ တရား၊ သံဃာကို 
စော်ကားသည်အထိ လုပ်ရဲလာသဖြင့် ကုသိုလ်မရ 
အကုသိုလ် ဗလဗွဖြစ်ကာ လားရာဂတိ အမှားသာ ရှိနိုင်ပေ၏။

ယနေ့ခေတ်တွင် သရဏဂုံပျက်နေသည့် 
အမည်ခံ ဗုဒ္ဓဘာသာဝင်များ အများအပြား ရှိလာသည်ကို 
သတိပြုမိကြမည် ဖြစ်၏။ 

♦ အချို့ ဆိုလျင် ပုဂ္ဂိုလ်ရေး လွန်ဆွဲမှု၊ 
♦ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ 
♦ မိမိအတ္တကို ရှေ့ တန်းတင်မှုကို အကြောင်းပြုကာ 
မိမိကိုးကွယ်သည့် ဘုရားကိုပင် မထီမဲ့မြင် ပြုသူများ၊ 
တရားတော်ကို တစ်လွဲဝေဖန်ကြသူများ၊
သံဃာတော်ကို စော်ကားသမှု ပြုသူများ
အဖြစ်သို့ ပြောင်းလဲသွားတတ်ကြ၏။ 
အထူးသဖြင့် သံဃာကို ပယ်လာသည်အထိ 
အသိခေါက်ခက် အဝင်နက်လာသည့် သဘောများ ရှိနေကြ၏။ သံဃာတော်များအပေါ်တွင် အပြစ်မြင်ကာ ဝစီကံမြောက် ဆဲဆိုလာကြသည်အထိ အတင့်ရဲလာကြ၏။ 

အချို့  ပညာတတ်သည်ဟု ဆိုသူများကိုယ်တိုင်ပင် 
ပညာအားကောင်းပြီး သဒ္ဓါတရား နည်းပါးလာသဖြင့်
 “သံဃာဆိုတာ မလိုပါဘူး၊ ကိုယ့်ဖာသာကိုယ် 
တရားခွေဖွင့်ပြီး သီလဆောက်တည်၊ 
တရားအားထုတ်လို့ ရနေတာပဲ” ဟူသည့် စကားများကို
 ပြောဆိုကာ သံဃာရတနာကို ပယ်လာတတ်ကြ၏။

 ကြားဖူးသည်မှာ အမေရိကန်စသည့် နိုင်ငံကြီး 
အချို့ တွင် ရောက်နေကြသည့် ပညာတတ် အသိုင်းအဝိုင်းရှိ 
ဗုဒ္ဓဘာသာဝင် အချို့သည် သက်ရှိထင်ရှား 
သံဃာတော်များထက် အသံသွင်းတိတ်ခွေ၊
စီဒီ၊ ဗီစီဒီများကို အားကိုးကာ ကိုယ်ပိုင်အစုအဖွဲ့လေးဖွဲလျက် 
တစ်သီးတခြား ရပ်တည်နေကြသည်ဟု ဆို၏။ 
မည်သည့်အကြောင်းကြောင့် သက်ရှိထင်ရှား 
သံဃာတော်များကို မကိုးကွယ်၊ မဆည်းကပ်ကြကြောင်းကား
ထိုပုဂ္ဂိုလ်များ၏ အပိုင်းသာဖြစ်၏။ 

လက်ရှိရဟန်းတော်အချို့၏ အားနည်းချက်များကြောင့် 
ဘုန်းကြီးရဟန်း ကိုးကွယ်ရမှာ ကြောက်နေကြသည်ဟု 
ဆိုလျင်လည်း ပုဂ္ဂိုလ်နှင့် သံဃာကွဲပြားအောင် ခွဲခြား၍ 
မိမိတို့ ဆောက်တည်ထားသည့် သရဏဂုံ မပျက်စေရန် စောင့်ထိန်းသင့်ကြပေ၏။ သံဃာတွင် ဒုဿီလဟူသည် 
မရှိကြောင်း ဆိုသကဲ့သို့ သံဃံ သရဏံ ဂစ္ဆာမိဟု 
ဆောက်တည်ထားသည့် သရဂုံသည်လည်း ပုဂ္ဂိုလ်ကို 
ကိုးကွယ်ရန်မဟုတ်၊ သံဃာအစုအဖွဲ့၊ သံဃာရတနာကိုသာ ကိုးကွယ်ဆည်းကပ်ရန် ဖြစ်၏။ ထိုသဘောကို မသိဘဲ 
ပုဂ္ဂိုလ်ရေး အားနည်းချက်ကြောင့် သံဃာကို စွန့်သည်အထိ သဒ္ဓါပျက်လာလျင်ကား ခံယူဆောက်တည်ထားသည့် 
သရဏဂုံလည်း ပျက်သွားတတ်သည်ကို 
သတိပြုကြရမည် ဖြစ်၏။ 

ဆိုလိုသည်မှာ 
♦ ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ 
ဆည်းကပ်ပါ၏ဟု ခံယူဆောက်တည်ကာ လွတ်လပ်ပွင်လင်း
ယုံကြည်စွာ ဗုဒ္ဓဘာသာဝင်အဖြစ် အမည်ခံထားသည့် 
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မိမိတို့၏ မခိုင်မြဲသည့် 
သဒ္ဓါတရားကို အကြောင်းပြု၍ စိတ်အစဉ် 
အပြောင်းအလဲ ဖြစ်နေကြသည့် ကိုးကွယ်မှုများတွင် 
ရတနာသုံးပါးအပေါ် အမြင်ချော်ကာ မတော်မတရား 
စော်ကားလာမှုများသည် မိမိကိုယ်တိုင် သရဏဂုံပျက်အောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေကြောင်း၊
♦ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့် သရဏဂုံပျက်လျက် အပါယ်ဘုံလည်းတက်နိုင်သကဲ့သို့ ရတနာသုံးပါးကို 
မျက်ကွယ်ပြုကာ မကောင်းမှုအကုသိုလ်ကို
ပိုမိုပြုလုပ်လာမှုများသည် ကောင်းမြတ်သည့် 
သုဂတိဘုံတွင် ဖြစ်စေရန်မှာ အလွန်ခဲယင်းကြောင်း၊
♦ ကျေနပ်စွာ ခံယူဆောက်တည်ထားသည့် သရဏဂုံသည် 
မကျေနပ်ချက် တစ်ခုခုကို အကြောင်းပြု၍ ပျက်ဆီးသွားနိုင်သဖြင့် မကျေနပ်ချက်ကို မေတ္တာဖြင့် ဖြေလျော့ကာ သဒ္ဓါမပျက်အောင် ကြိုးစားသင့်ကြောင်း စသဖြင့် ဆိုလိုရင်း ဖြစ်၏။

ထို့ကြောင့် ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် 
မိမိ၏ သဒ္ဓါတရားကို ပြန်လည်သုံးသပ် ဆင်ခြင်ကာ 
မခိုင်မြဲသေးသည့် ယုံကြည်မှုကို အကြောင်းပြု၍ အခိုင်အမာဆောက်တည်ထားသည့် သရဏဂုံကို 
မျက်ကွယ်ပြုလျက် ဘုရား၊ တရား၊ 
သံဃာကို စော်ကားမှုများ၊ စွန့်လွှတ်ပယ်ရှားမှုများသည် 
သရဏဂုံကို ပျက်ဆီးစေတတ်သဖြင့် မိမိတို့၏ 
သရဏဂုံ တကယ်လုံမလုံကို မိမိတို့၏ သဒ္ဓါတရားကို
ပညာဖြင့် ညှိပြီး တည်တံ့နိုင်အောင် ကြိုးစားသင့်ပါကြောင်း 
စေတနာထား မေတ္တာအားဖြင့် အသိတစ်ခု 
အမျှပြုလိုက်ရပါသည်။

“သရဏဂုံ၊ ကိုယ်လုံးခြုံ၊ အပါယ်ဘုံမှ ဝေးပါစေ”

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
 
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】 

Dhamma Danã Source ►
【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】 & 
www.facebook.com/youngbuddhistassociation.mm  

No comments:

Post a Comment