မီးနဲ့ ရေ
********
ဒေါသကိုမီး၊ မေတ္တာကိုရေနဲ့ ဥပမာပေးလေ့ရှိပါတယ်။ “ရေများရေနိုင်၊ မီးများ မီးနိုင်”ဆိုတဲ့ စကားလိုပဲ ဒေါသနဲ့ မေတ္တာဟာလည်း တစ်ခုအားကောင်းရင် တစ်ခုကလျော့ကျသွားတတ်ပါတယ်။
ဒေါသကိုလျော့ချထားနိုင်ပါတယ
တစ်ခါတခါ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ကြည့်တဲ့အခါ ခဏခဏ စိတ်တိုတာတွေ၊ အလိုမကျတာတွေ၊ မကျေနပ်တာတွေ၊ စိတ်တိုင်းမကျဖြစ်တာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ဒေါသရဲ့ သဘောတွေပါပဲ။ ဒေါသမီးက အားကြီးနေလို့ စိတ်မှာအဲဒီလိုမျိုးတွေ ဖြစ်နေတာပါ။ အဲဒီလိုအခါမျိုးများ မေတ္တာတရား အားကောင်းလာအောင် ကိုယ်ကလေ့ကျင့်ရပါမယ်။ မေတ္တာများများ ပွားပေးရပါမယ်။ မေတ္တာများများပွားလို့ မေတ္တာဓာတ်တွေ အားကောင်းလာပြီဆိုရင် စိတ်ကလေးလည်း ကြည်လင်လာကာ သည်းခံတတ်လာ၊ မုဒိတာထားတတ်လာ၊ သူ့အကျိုးကို လိုလားတတ်လာ၊ ကြုံလာသမျှ အနေအထားမှာ အပြစ်မဖြစ်အောင် နေတတ်လာမှာ ဖြစ်ပါတယ်။
ဒေါသဆိုတာ ကိလေသာပဲဖြစ်တဲ့အတွက် ကိလေသာရဲ့  သဘောက ဖြစ်ရင်ပူမှာပါပဲ။ ပူရင်ဘယ်သူကို အရင်ပူလဲဆိုရင် ဖြစ်တဲ့သူကို အရင်စပူတာပါ။ ပြီးတော့ သူများကိုလည်း ပူစေပြန်ပါတယ်။ ဒေါသက ကိုယ့်ရောသူပါ နှစ်ဦးလုံးကို ပူစေတာပါ။
မေတ္တာကတော့ သူ့အကျိုးကို လိုလားခြင်းဖြစ်တဲ့အတွက် သူ့အကျိုးကိုလိုလားရင်း ကိုယ့်အကျိုးပါ ပြီးမြောက်စေပါတယ်။ မေတ္တာရဲ့ သဘောက အေးမြခြင်းသဘောဖြစ်တဲ့အတွက်
ဒါကြောင့် ကိုယ့်ကိုယ်ကို စဉ်းစားရမှာက နှစ်ဦးလုံးကို ပူလောင်စေတဲ့ ဒေါသတွေနဲ့ ဘဝကိုဖြတ်သန်းကြမလား၊ နှစ်ဦးလုံးကို အေးမြစေတဲ့ မေတ္တာတရားနဲ့ ငြိမ်းချမ်းအောင် နေကြမလားဆိုတာပါပဲ။ အကောင်းဆုံးကတော့ မီးကိုရေနဲ့ ပက်ဖြန်းပြီး အနိုင်ယူသလို ဒေါသကိုလည်း မေတ္တာနဲ့ အနိုင်ယူတာဟာ အကောင်းဆုံးပါပဲ။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
No comments:
Post a Comment