နှာဖျား နှာဝမှာ ထွက်လေ ဝင်လေသည် အမြဲတိုက်ဝင်နေသည်။
နှာဖျား နှာဝမှာ ကာယသာဒခေါ် ရုပ်အကြည်ဓါတ်က အထိခံနေသည်။
ဝင်လေထွက်လေက ထိလာခြင်း ဖြစ်သည်။
ထိုအထိခံနှင့် ထိတာသည် ရုပ်ချည်းဖြစ်ပြီး
ထိတာကို သိတာက နာမ်ဖြစ်သည်။
ကိုယ့်နှာဝကိုဥာဏ်ဖြင့် စောင့်ကြည့်ရမည်။
ထိဝင် ထိထွက်တာကို သိနေစေရမည် ။
သိအောင် မှတ်နေရမည်။
ထိုသို့ ထိတာကို သိလျှင်
လောဘ ၊ ဒေါသ၊ မောဟ ဖြစ်ခွင့် မရသဖြင့် ငြိမ်းနေသည်။
ဝိပဿနာဟူသည် ပစ္စုပ္ပန် ( ဖြစ်ဆဲ ) ကိုသာ ရှုမှတ်ရသည်။
နှာဝကို ဝင်လေ ထွက်လေ မထိခင် မှတ်၍လည်း မဖြစ် ၊
သိ၍လည်း မဖြစ် ၊ထိပြီးနောက်မှ မှတ်၍ သိ၍ မဖြစ
ဝင်လေထွက်လေ ထိဆဲကိုသာ ”ထိတယ် ” ဟု သိနေအောင် မှတ်ရသည် ။
ထိတာကို သိနေလျှင်ရုပ် နှင့် နာမ် သာ ရှိကြောင်း ၊
ငါ သူတစ်ပါး ယောင်္ကျား မိန်းမ မရှိကြောင်း သူတစ်ပါးကို မေးနေဖွယ်မရှိ ၊
မိမိဘာသာ သိလာလိမ့်မည်။
ထိတာကို သိနေလျှင် ဥာဏ်အမြင်စင်ကြယ်ပြီး
သမ္မာဒိဋ္ဌိ (အမြင်မှန်) ဖြစ်နိုင်သည်။
ထိုသို့ ထိတာကို သိနေလျှင် ရုပ် နှင့်နာမ် ကွဲပြားမှုကိုပါ ဥာဏ်ဖြင့် သိလာ တတ်သည်။
ထိုသို့ သိသော ဥာဏ်ကို နာမရူပ ပရိစ္ဆေဒ ( ရုပ်နှင့်နာမ်ကို ခွဲခြားသိမှု ) ဥာဏ်ဟု ခေါ်သည်။
နှာဖျား နှာဝမှာ ထိလိုက် ပျောက်လိုက် တရိပ်ရိပ်
ဖြစ်ပျက်နေပုံကို ရှုမှတ် သိမြင်နေရမည် ။
ထိုသို့ သိမြင်နေတာ ကြာလာလျှင်ဝိပဿနာ သမာဓိ
တစထက် တစ တိုးတက်ပြီး နှာဖျား နှာဝမှာ သာမက
တစ်ကိုယ်လုံးမှာ တရိပ်ရိပ် တရွှရွှ အနတ္တ
( မိမိမစိုးပိုင်မှု ) သဘောတို့ကို သိမြင်လာ လိမ့်မည်။
ပါးစပ်က မဆိုရပေ။
ဝိပဿနာ အလုပ်ဟူသည် ထိမှုကို ကြည့်ရူ သိမှတ်နေရုံသာ ဖြစ်သည် ။
ထိုသို့ ရှုမှတ်နေလျှင် တစ်နေ့ထက် တစ်နေ့
တိုးတိုးပြီး အလိုလို သိလာမည်ဖြစ်သည်။
ဤသို့ဖြင့် တရိပ်ရိပ် ဖြစ်ပေါ်သော ထိမှု သိမှုတို့ကို
ရှုမှတ်နေရင်းပင် မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ ဆိုက်ရောက်လာမည် ဖြစ်သည် ။
မဂ်ဥာဏ် ဖိုလ်ဥာဏ် ရပြီးနောက် ဖလသမာပတ်ကို ဝင်စားချင်လျှင်
မိမိလာခဲ့သည် ဝိပဿနာ လမ်းကို ပြန်ကြည့်ရသည် ။ ဖလသမာပတ်ကိုဝင်စားချင်လျှင်
ဝိပဿနာလမ်းကို ပြန်ကြည့်ရသည်။
ဖလသမာပတ်ဟူသည် ကိုယ်ပိုင်အိမ်နှင့် တူပေသည် ။
သို့ဖြစ်၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရရှိရန် ထိမှု သိမှုကို
လုံ့လဝီရိယဖြင့် ကြည့်ရှု မှတ်သားနေကြ ရမည်။
(ဝေဘူ ဆရာတော်ဘုရားကြီး)
No comments:
Post a Comment