*** ဗုဒ္ဓသည် ဆင်းရဲကြောင်းတရား မဟောကြား ***
တစ်ချို့ ဗုဒ္ဓဘာသာကို မလိုတဲ့ ပုဂ္ဂိုလ်တွေက ပြောကြတယ်။ မြန်မာနိုင်ငံ ဆင်းရဲမွဲတေနေတာ
ဗုဒ္ဓဘာသာကြောင့်တဲ့။ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေကိုကြည့်ရင်
အားလုံးဟာ ဆင်းရဲတဲ့ နိုင်ငံတွေချည်းပဲတဲ့။
ဒါကြောင့် ဆင်းရဲစေတဲ့
ဗုဒ္ဓဘာသာကို ကိုးကွယ်မယ့်အစား ကမ္ဘာမှာ ချမ်းသာနေတဲ့ နိုင်ငံတွေက
ကိုးကွယ်ကြတဲ့ သူတို့ဘာသာကို ကိုးကွယ်ပါဆိုပြီး တစ်ချို့ ဘာသာခြားတွေက
ပြောဆိုစည်းရုံးကြပါတယ်တဲ့။ စည်းရုံးခံရတဲ့ ကလေးတွေရဲ့ ပြောစကားလေးတွေပါ။
ဒီလို ပြောလာသူတွေကို ဘာမှတော့ အထွေအထူး ပြောစရာမရှိပါဘူး။
ပြောဖို့လည်း မလိုပါဘူး။ သေချာတာကတော့ ဗုဒ္ဓဘုရားရှင်ဟာ
ဆင်းရဲကြောင်းတရား၊ ဆင်းရဲစေတဲ့ တရားကို ဘယ်တုန်းကမှ ဟောကြားလမ်းညွန်မှု
မရှိခဲ့ဘူးဆိုတာပါပဲ။ ရှင်တော်ဗုဒ္ဓရဲ့ တရားတော်တွေဟာ သတ္တဝါတွေ
ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ သတ္တဝါတွေလို့ ဆိုတဲ့အတွက် ဗုဒ္ဓဘာသာကို
ကိုးကွယ်ယုံကြည်တဲ့ သူတွေအတွက်သာ မဟုတ်ဘဲ ဘာသာမရွေး၊ လူမျိုးမရွေး
အားလုံးသော သတ္တဝါတွေရဲ့ အရေးအတွက်ပဲ ဖြစ်ပါတယ်။ အဲဒီသတ္တဝါအားလုံး
ချမ်းသာရေးတွေကိုပဲ ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ချမ်းသာရေးလို့
ဆိုရာမှာလည်း ဒီဘဝ တစ်ခဏချမ်းသာစေမှုမျိုး မဟုတ်ဘဲ သံသရာ ဘဝါဘဝ
ချမ်းသာရေးမှသည် ဘဝအဆုံး ချမ်းသာရေးအထိ အကုန်အစင် ဟောကြားတော်မူတာ
ဖြစ်ပါတယ်။
တစ်ခုတော့ ရှိပါတယ်။ ဗုဒ္ဓရဲ့ ချမ်းသာရေး လမ်းစဉ်ဟာ
ရုပ်ပိုင်းဆိုင်ရာ ချမ်းသာရေးထက်၊ စိတ်ပိုင်းဆိုင်ရာ ချမ်းသာရေးကို
ပိုပြီးဦးစားပေးထားတဲ့ လမ်းစဉ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ရုပ်မွဲလို့၊
အသွင်အပြင်မွဲလို့တော့ ဆင်းရဲတယ်၊ ဒုက္ခဖြစ်တယ်လို့ သေချာပေါက်
ပြောလို့မရပါဘူး။ အသွင်အပြင် မွဲပေမယ့် အတွင်းစိတ်မှာ ချမ်းသာနေကြတဲ့
ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘဝဟာ အပြင်ပိုင်းချမ်းသာပြီး အတွင်းစိတ်မှာ မချမ်းမသာ
ဂယောင်ချောက်ခြား ဖြစ်နေကြတဲ့ သူတွေထက် အများကြီး ကွာခြားနေတယ်ဆိုတာ
လက်တွေ့ပိုင်းနဲ့ ချိန်ထိုးပြီး သိရှိနိုင်ကြမှာ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓရဲ့ ချမ်းသာရေးဟာ အသွင်အပြင် ချမ်းသာရေး မဟုတ်ဘဲ အနှစ်ရှိရှိ
အတွင်းထိတဲ့ ချမ်းသာရေးမျိုးပဲ ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်များကို လေ့လာကြည့်ရင် ဒီဘဝချမ်းသာရေး၊
နောင်သံသရာ ချမ်းသာရေးနဲ့ ဘဝအဆုံး ချမ်းသာရေး ဆိုပြီး
ချမ်းသာကြောင်းတွေကို အကျင့်တရားများနဲ့ ချိန်ထိုးကာ ဟောညွန်ပြသထားတာကို
တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို ချမ်းသာရေးကို ဟောပြောတော်မူရာမှာလည်း
ဆင်းရဲကြောင်း တရားတွေကိုပါ ထုတ်နှုတ်ပြသတော်မူတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့
ချမ်းသာရေး လမ်းစဉ်တွေကိုကြည့်ရင် ဆင်းရဲကြောင်းဖြစ်တဲ့ မကောင်းတဲ့
ဒုစုရိုက် အမှုတွေကို ရှောင်ရှားပြီး ချမ်းသာကြောင်း
သုစရိုက်အကျင့်တွေကို လိုက်နာကျင့်သုံးရေး၊ မင်္ဂလာ တရားတော်နဲ့
အညီနေထိုင်ရေး၊ လောကကျင့်ဝတ်၊ လူမှုကျင့်ဝတ်နဲ့ အညီ နေထိုင်ကျင့်သုံးရေး၊
စီးပွားရေး ကြီးပွားရေးတွေကို လုပ်ဆောင်တဲ့အခါမှာ ရှောင်သင့်တာတွေ၊
လိုက်နာသင့်တာတွေကို ကြိုးစားလိုက်နာရေး စသဖြင့် ဒီဘဝမှာ လက်တွေ့
လုပ်ဆောင်ရမယ့် လမ်းညွန်ချက်များကို လေ့လာတွေ့ရှိရမှာ ဖြစ်သလို သံသရာ
ဘဝချမ်းသာရေးအတွက်လည်း သေပြီးနောက် အပါယ်မလားရေးအတွက် သီလကို
စောင့်ထိန်းကြရန်၊ အပါယ်ကလွတ်ပြီး သုဂတိဘဝမှာ ချမ်းသာရေးအတွက် ဒါနကိုလည်း
စွမ်းနိုင်သမျှ ပြုလုပ်ကြရန်နဲ့ သံသရာက လွတ်မြောက်ပြီး သန္တိသုခ ဖြစ်တဲ့
ဘဝအဆုံး ချမ်းသာစေရေးအတွက်လည်း ဘာဝနာ အလုပ်ကို ကြိုးစားပြီး
ပြုလုပ်ကြရန် စသဖြင့် ဂိုက်လိုင်းပေးထားတဲ့
ဟောပြောညွန်ကြားချက်များကိုလည်း ဗုဒ္ဓပိဋကတ်တော်များမှာ
လေ့လာတွေ့ရှိကြရမှာ ဖြစ်ပါတယ်။
အထူးသတိပြုရမှာက
ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ဆင်းရဲကြောင်းတရားကို မဟောဘဲ
ချမ်းသာကြောင်းတရားကိုသာ ဟောကြားတော်မူတာ ဖြစ်ပေမယ့် ဒီဟောကြားချက်များဟာ
မြတ်ဗုဒ္ဓက မှန်ကန်တဲ့ လမ်းကိုညွန်ပြပေးချက် သက်သက်များပဲ ဖြစ်ပါတယ်။
မြတ်စွာဗုဒ္ဓဟာ ဘာလုပ်ပေးမယ်၊ ဘယ်လိုကယ်တင်ပေးမယ်၊ ဘယ်လိုချမ်းသာအောင်
လုပ်ပေးမယ်ဆိုတဲ့ ကတိပြုပြီး ကယ်တင်ပေး၊ ဖန်ဆင်းပေတဲ့ ပုဂ္ဂိုလ်မြတ်
မဟုတ်ဘဲ “ဒီလိုလမ်းတွေရှိတယ်၊ ဒါတွေကို လိုက်နာရင်တော့
ဆင်းရဲဒုက္ခဖြစ်တတ်ပြီး ဒါတွေကို ကျင့်ကြံရင်တော့ ချမ်းသာစေမှုကို
ဖြစ်စေနိုင်တယ်”ဆိုတဲ့ အကောင်းဆုံး လမ်းပြပုဂ္ဂိုလ်မြတ်ပဲ ဖြစ်ပါတယ်။
ဒီလို လမ်းပြပေးနိုင်တာဟာလည်း ကိုယ်တော်မြတ် ကိုယ်တော်တိုင် သံသရာ
အဆက်ဆက်တွင် ဘဝနှင့်ရင်းပြီး ပါရမီများကို ဖြည့်ကျင့်တော် မူခဲ့မှုကြောင့်
အမှန်တရားကို ကိုယ်တော်တိုင် သိမြင်တော်မူကာ သတ္တဝါတွေကိုလည်း
ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း သိစေတော်မူနိုင်တဲ့ ဗုဒ္ဓအရှင်
ဖြစ်တော်မူတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဆိုတော့ကား
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဟောပြောချက်များဟာ သတ္တဝါများ ဆင်းရဲကင်းဝေး
ချမ်းသာရေးအတွက် ဟောကြားလမ်းညွန်ချက်များ ဖြစ်တဲ့အတွက် ဆင်းရဲတာ
ချမ်းသာတာတွေဟာ သတ္တဝါတွေရဲ့ လိုက်နာကျင့်သုံးမှုနဲ့ပဲ သက်ဆိုင်သွားတော့တာ
ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ ကယ်တင်ရှင် မဟုတ်တဲ့အပြင်၊ ဖန်ဆင်းရှင်လည်း
မဟုတ်တဲ့အတွက် သတ္တဝါတွေကို ဘာပဲဖြစ်ဖြစ် ကယ်တင်ပေးမှာ မဟုတ်ပေမယ့်
ဆင်းရဲဒုက္ခမရောက်အောင်တော့ တိုက်တွန်းလမ်းပြပေးတော်မူတာ ဖြစ်တဲ့အတွက်
ဒီလမ်းညွန်ချက်အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးနိုင်တဲ့သူကတော့
ဆင်းရဲကင်းပျောက် ချမ်းသာရောက်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ
လမ်းကိုသာ ညွန်ပြတော်မူတာ ဖြစ်တဲ့အတွက် သတ္တဝါ တစ်ဦးတစ်ယောက်
ဆင်းရဲချမ်းသာတယ်ဆိုတာဟာ ဒီလမ်းညွန်မှုအတိုင်း ကျင့်ကြံမှုရှိမရှိနဲ့ပဲ
သက်ဆိုင်သွားတော့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို လိုက်နာကျင့်သုံးမိလို့
ဆင်းရဲရောက်သွားတယ်ဆိုတာဟာ ဗုဒ္ဓညွန်ကြားချက်အတိုင်း မလျှောက်မိဘဲ
ညွန်ကြားချက်ကိုဖောက်ပြီး အမှောင်လမ်းနဲ့၊ အမှားလမ်းကို
လျှောက်မိသွားကြလို့ပဲ ဖြစ်ပါတယ်။ လောကမှာကြည့်ရင် ဗုဒ္ဓဓမ္မနဲ့အညီ
ကျင့်သုံးနေထိုင်ကြတဲ့ သူတွေဟာ ဆင်းရဲတဲ့သူဆိုတာ မရှိဘဲ ချမ်းသာတဲ့
သူတွေချည်းပဲ ဆိုတာ အခိုင်အမာ တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်
အဲဒီပုဂ္ဂိုလ်တွေရဲ့ ချမ်းသာမှုဟာ မျက်မှောက်ခေတ်လူတွေ သတ်မှတ်ထားတဲ့
ငွေကြေးဥစ္စာ အသွင်သန္တာန်များနဲ့ ပြည့်စုံတဲ့ ချမ်းသာမှုမျိုးကတော့
ဟုတ်ချင်မှဟုတ်မှာပါ။ စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုမျိုးဆိုတာတော့
အသေအချာအပဲ ဖြစ်ပါတယ်။
အချုပ်ပြောလိုတာက ဗုဒ္ဓဘာသာဝင်တွေ၊
ဗုဒ္ဓဘာသာနိုင်ငံတွေ ဆင်းရဲတယ်ဆိုတာ ဗုဒ္ဓဘာသာကို ကိုးကွယ်လို့၊
ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေမှာ လိုက်နာမိလို့ ဆိုတာမျိုး မဟုတ်ဘဲ
ဗုဒ္ဓညွန်ကြားချက်အတိုင်း မလိုက်နာမိလို့၊ သတ္တဝါတစ်ဦးချင်းစီရဲ့
ကြိုးစားအားထုတ်မှု လွဲနေလို့၊ လျှောက်လှမ်းတဲ့လမ်းဟာ မမှန်ကန်လို့ စတဲ့
ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ လွဲမှားချက်များကြောင့်ပဲဆိုတာ ပြောလိုတာ
ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေထဲမှာလည်း ဘုရားဟောအတိုင်း ဓမ္မနဲ့အညီ
နေထိုင်ရင်း မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုနဲ့ လျှောက်လှမ်းကာ
ချမ်းသာနေကြတဲ့ သူတွေလည်း အများအပြား ရှိနေတာ ဖြစ်တဲ့အတွက်
သူတို့သူတို့ရဲ့ ချမ်းသာမှုဟာ ဘဝထဲမှာ ဓမ္မတွဲရင်း ပစ္စုပ္ဗန်သံသရာ
နှစ်ဖြာချမ်းသာမှုကို ဖြစ်စေတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့
ညွန်ကြားချက်ကြောင့်ပဲဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။
ဒါကြောင့်
ဗုဒ္ဓဘုရားရှင်ဟာ သတ္တဝါတွေ ဒုက္ခရောက်စေတဲ့ ဆင်းရဲကြောင်းတရားကို မဟောဘဲ
သတ္တဝါများ ပစ္စုပ္ဗန် သံသရာ ချမ်းသာရေးနဲ့ ဘဝအဆုံး ချမ်းသာရေးကိုသာ
ဟောကြားတော်မူကြောင်း အခိုင်အမာ ပြောဆိုနိုင်တာ ဖြစ်ပါကြောင်း
အသိပေးတင်ပြရင်း ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒအကြောင်း၊ ဗုဒ္ဓဝါဒီများအကြောင်း
တစေ့တစောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
No comments:
Post a Comment