Pages

Friday, March 14, 2014

***** အင်းဝခေတ် ရှင်မဟာရဌသာရ။ ******

       ရှင်မဟာရဌသာရဟာ အင်းဝနေပြည်တော်မှာ မွေးဖွားပြီး နန်းတော်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ မင်းဆွေမင်းမျိုးတစ်ဦး ဖြစ်ပါတယ်။ လူနာမည် ကိုမောင်မောက် လို့ခေါ်ပါတယ်။ ငယ်စဉ်
ကပင် ကဗျာပညာ ထူးချွန်ကျော်ကြားလှပါတယ်။



         ထူးချွန်ပုံမှာ ..မောင်မောက် (၁၀) နှစ်သား အရွယ်တွင် အင်းဝဒုတိယမင်းခေါင်၏ သမီးတော် (၃) ပါး၊ နားထွင်းမင်္ဂလာပွဲနှင့် ကြုံရပါတယ်။ အင်းဝဘုရင်က မောင်မောက်ရဲ့ဖခင်
ဓမ္မပါလအမတ်ကို သမီးတော် (၃) ပါးရဲ့ ဂုဏ်ရည်အလှကို စာဖွဲ့ရန် စေခိုင်းပါတယ်။ 


ဒီတော့(၁၀) နှစ်ကလေး မောင်မောက်က သူ့ဖခင်ကိုယ်စား အောက်ပါကဗျာ (၃) ပုဒ်ကို တစ်မုဟုတ်
ခြင်း စပ်ဆိုပေးလိုက်ပါတယ်။
          

၁။ အိုဘယ်, ဘယ်၊ အို့ဘယ့်သမီးတော်၊ ရွှေလှော်သွန်းပုံဆင်း။
          

၂။ အိုဘယ်, ဘယ်၊ အို့ဘယ့်သမီးတော်၊ နတ်သော်ပုံမယွင်း။
         

 ၃။ အိုဘယ်, ဘယ်၊ အို့ဘယ့်သမီးတော်၊ စန္ဒော်လနှယ်ဝင်း။
           

 *  သမီးကြီးကို ရွှေရုပ်ကလေးနှင့် တင်စားထားပါတယ်။
          

  *  သမီးလတ်ကို နတ်သမီးကလေးနှင့် တင်စားထားပါတယ်။
          

  *  သမီးအထွေးကို စန္ဒာလမင်းနှင့် တင်စားထားပါတယ်။

         မောင်မောက်ရဲ့ ကဗျာကလေးတွေက ကာရန်လည်းမိ စကားလုံးလည်းလှ  တင်စားထားမှုလည်း ပီပြင်တဲ့အတွက်စာပေအနုပညာဂုဏ်လည်း မြောက်လှပါတယ်။ အရွယ်ရောက်တဲ့အခါ လူ့ဘောင်မှာ မနေဘဲ ရဟန်းဘောင်သို့ ၀င်ရောက်ပြီး ရှင်မဟာရဌသာရအမည်နှင့်ထင်ရှားလာပါတယ်။ အင်းဝဒုတိယမင်းခေါင်နှင့် ရွှေနန်းကြော့ရှင် ဘုရင်နရပတိတို့၏ ကိုးကွယ်ခြင်းကို ခံရပါတယ်။ 


          နောင်အခါ သီဟသူက ပြည်သို့ပင့်ဆောင် ကိုးကွယ်ခြင်းခံရပြီး သီဟသူနှင့် သားတော်ဘုရင်ထွေးတို့၏ အပူဇော်ခံ ဆရာတစ်ပါး ဖြစ်လာပါတယ်။ ပျို့၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း၊ ရတု စတဲ့ အဖွဲ့များကို ဂုဏ် ရသမြောက်အောင် ပီပြင်စွာ စပ်ဆိုထားခဲ့ပါတယ်။ ဆရာတော်ငယ်စဉ်က စပ်ဆိုထားတဲ့ အဖွဲ့အနွဲ့များဟာ နုလွန်း၊ လှလွန်း၊ ယဉ်လွန်း၍ လူငယ်လူရွယ်များက အလွန်နှစ်သက် ခုံမင်ကြပါတယ်။


         ဟတ္တိပါလပျို့ခေါ် စတုဓမ္မသာရပျို့ခေါ် ကိုးခန်းပျို့ကို ဖတ်ကြည့်ရုံဖြင့် ရှင်မဟာရဌသာရ၏ စာပေ အရည်အချင်းကို အကဲခတ်နိုင်ပါတယ်။ ဒါကြောင့် ရှင်မဟာရဌသာရ၏ ဂုဏ်ကျေးဇူးတွေဟာ အလွန်ကြီးမားလှပါတယ်။ ရှင်မဟာရဌသာရ၏ သီလ၊ သမာဓိ၊   ပညာကို  အစဉ်လေးစားကာ မိမိဘ၀   မြင့်မြတ်   သထက် မြင့်မြတ်အောင် ကျင်ကြံအားထုတ်လျက်  ရည်မှန်းထားတဲ့ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြ ပါစေ   ကုန်သတည်း။


 {နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ-သာစည်) ၏ အခါတော်နေ့များ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }


ဒီနေရာမှ ပြန်လည်မျှဝေသည်....။

No comments:

Post a Comment