“ဒေါသဖြစ်လျှင် . . .”
•••••••••••••••••
ကျောင်းတော်ရာ ရွှေကျင်ဆရာတော်ဘုရား
မိန့်တော်မူခဲ့သည်မှာ....
“ဒေါသဖြစ်လာပြီ၊ စိတ်ဆိုးလာပြီဆိုရင် စကားမပြောပါနဲ့၊
ဘာအလုပ်မှ မလုပ်ပါနဲ့”ဟူ၍ ဖြစ်သည်။
မှန်ပါသည်။ ဒေါသဖြစ်လာလျှင်
အကြောင်းအကျိုး၊အကောင်းအဆိုး မသိတော့ပါ။
အမှားများစွာကို ကျူးလွန်တတ်ပါသည်။
ထိုဖြစ်ပေါ်လာတဲ့ ဒေါသကို “သတိ”နဲ့ ဆင်ခြင်ကာ
လက်မလွန်အောင် ထိန်းသိမ်းနိုင်ရပါမည်။
အခါတစ်ပါး မြတ်ဘုရားရှင် ရာဇဂြိုဟ်ပြည်
ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်
ဘုရားရှင်က ကျောင်းဆောက် လှူခွင့်ပြုသည့်အတွက်
ရာဇဂြိုဟ်သူဌေးစသူတို့က ကျောင်းဆောက်လှူကြပါသည်။
ထိုစဉ် အာဠ၀ီပြည်မှ ရဟန်းတစ်ပါး သည်
ကျောင်းဆောက်ဖို့ရန် သစ်ပင်တစ်ပင်ကို ခုတ်လေ၏။
ထိုသစ်ပင်တွင် နေထိုင်သော ဗိမာန်ရှင် နတ်သမီးက
သစ်ပင်မခုတ် ရန် တောင်းပန်သော်လည်း မရပေ။
သူ့သမီးလေးကို သစ်ကိုင်းပေါ်တင်ထားရာ ရဟန်းက
ထိုသစ်ကိုင်းခုတ်မိ၍ သမီးလေးရဲ့
လက်မောင်းပြတ်သွားလေ၏။
နတ်သမီးသည် အရမ်းစိတ်ဆိုးသွားပြီး ထိုရဟန်းကို
ကိုင်ပေါက်ရန် လက်မြောက်စဉ် “သတိ”၀င် လာလေသည်။
သြော် ရဟန်းက သီလရှိတဲ့ရဟန်း၊
ဒီရဟန်းကို ငါသတ်လိုက်ရင် “ငရဲ”ကျမယ်။
အခြားရဟန်းတွေ သစ်ပင်ခုတ်တာကိုလည်း
အခြားနတ်များက တွေ့လျှင် ငါ့ကို နမူနာယူပြီး
ရဟန်းများကို သတ်လိမ့်မည်။ အကုန်လုံး ငရဲကျလိမ့်မယ်။
ဒီရဟန်းမှာ သူ့ဆရာ ရှိသည်။ ဆရာဘုရားကို
သွားလျှောက်မည်ဟု ကြံပြီး ဘုရားထံသွားလေ၏။
ထို့နောက် ဘုရားရှင်အား ဖြစ်စဉ်ကို
လျှောက်ထားလိုက်လေ၏။
ထိုအခါ ဘုရားရှင်က အောက်ပါအတိုင်း
မိန့်တော်မူလေသည်။
“နတ်သမီး၊ လျင်မြန်စွာ ပြေးနေတဲ့ မြင်းရထားကို
တားမြစ်နိုင်ခြင်းဟာ အင်မတန်ကောင်းလှပေတယ်။
ထို့အတူ ဖြစ်ပေါ် နေတဲ့ ဒေါသကို အရှိန်ထိန်းကာ၊
တားမြစ်နိုင်တဲ့ပုဂ္ဂိုလ်ကို ငါဘုရား “တကယ့်ရထားထိန်း”
ဟူ၍ ဟောတော်မူတယ်။ ရိုးရိုးဒေါသကို
မတားမြစ်နိုင်တဲ့ ဒီရိုးရိုးရထားထိန်းများကိုတော့
ငါဘုရားက “ကြိုးကိုင်”ဟူ၍သာ ဟောတော်မူတယ်။”
ဒေသနာအဆုံးမှာ နတ်သမီးသည်
“သောတာပန်”ဖြစ်သွားလေ၏။
ဘုရားရှင်က သူ့ကို ဂန္ဓကုဋီနားရှိ စုတိစိတ်ကျသွားသော
နတ်သား၏ သစ်ပင်ဗိမာန်ကို ထိုနတ်သမီးအား ပေးလေ၏။
ထိုအခါ နတ်သမီးသည် တန်ခိုးကြီးနတ်များလာသော်မှ
နေရာ ဖယ်ပေးစရာမလိုတော့ပေ။
ထို့ကြောင့် ဓမ္မမိတ်ဆွေများအားလုံး မတတ်သာလို့
မိမိတို့ဒေါသ ဖြစ်ပေါ်လာခဲ့သည်ရှိသော် ထိုနတ်သမီးကဲ့သို့
သတိနဲ့ ဆင်ခြင်ကာ မမှားသင့်တာ မမှားအောင်
စောင့်ထိန်းနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:
Post a Comment