Pages

Friday, March 14, 2014

***** ဆရာတော်ဥူးသုမင်္ဂလ၏ သောတာပန်ဆိုတာ ။ *****

        ဗုဒ္ဓဘုရားရှင်က အကုသိုလ်ဖြစ်မယ့် အလုပ်မျိုးကို လုံးဝမလုပ်ကြပါနဲ့။ ကြောက်ကြစမ်းပါ၊ကုသိုလ်ဖြစ်မယ့် အလုပ်မှန်သမျှ လုပ်ဖြစ်အောင် လုပ်ကြ။ အခု လောကီမှာရှိတဲ့ ရာထူးတွေ၊ စည်းစိမ်တွေ၊ ဂုဏ် ပါဝါတွေနဲ့ ဘုရားရဲ့အဆုံးအမမှာ ဘုရားအဆုံးအမက တန်ဘိုးရှိပါတယ်။


          သုပ္ပဗုဒ္ဓလူနူကြီး ကြားဖူးကြမှာပါ။ အဲဒါ သကြားမင်းက ဆင်းလာပြီးတော့ စမ်းတယ်။ ဟေ့ကောင် မင်း နူနာကို ငါပျောက်အောင်ကုပေးမယ်။ နေစရာအိမ်ရှိသလား၊ နူနာဆိုတော့

ဘယ်ရှိမလဲ၊ ဘယ်ရပ်ကွက်မှ လက်မခံကြဘူး၊ တရားနာတာတောင် ဟိုး အစွန်အဖျားမှာ ကုတ်ပြီး နာရတာ။ အဲဒီတော့ သကြားမင်းက မင်းကို နေစရာအိမ်နဲ့ စည်းစိမ်ဥစ္စာ အပြည့်ပေးမယ်။ ဘုရားကို ဘုရားမဟုတ်ဘူးလို့ ပြောစမ်း။ ရားကို တရားမဟုတ်ဘူးလို့ပြောစမ်း။ သံဃာကို သံဃာ   မဟုတ်ဘူးလို့ ပြောစမ်း။ မင်း အဲဒီသုံးခွန်းကိုပြောရင် မင်းလိုချင်တာ အကုန်ပေးမယ်။

          သပ္ပဗုဒ္ဓကတရားနာပြီး သောတာပန် ဖြစ်ထားပါတယ်။ အဲဒီတော့ သောတာပန်ဆိုတာဘာကိုခေါ်တာလဲ။ ရိုးရိုးလေးမှတ်ထားပါ ဘုရားအဆုံးအမ နှလုံးသားထဲ ကိန်းသွားတာ ပြောတာ။
သူ့ကို သတ်ပစ်လိုက်လို့လဲ သေသာသွားမယ်။ သရဏဂုံမပျက်ဘူး။ သူလုပ်ထားတဲ့ကုသိုလ်ကိုဖျက်လို့မရဘူး။ သူရထားတဲ့ မဂ်ကုသိုလ်ကို ဖျက်ဆီးလို့မရဘူး။ အဲဒီတော့ သောတာပန်ဆိုတာ
ဘုရားအဆုံးအမ နှလုံးသား(၀မ်း)ထဲ ကိန်းသွားတာ ရှင်းလား။


         ဒါကြောင့် နှလုံးသားထဲ ထည့်သွားကြလို့ပြောတာ။ ခု ခေတ်ကြီးထဲမှာ မြင်နေရ၊ ကြားနေရတာ ဘုရားအဆုံးအမကို ပစ်ပစ်ခါခါ၊ ရက်ရက်စက်စက် ပယ်ဖျက်ရဲတဲ့ ပုဂ္ဂိုလ်တွေ ပေါနေပြီ။များနေပြီ။ ဘုရားအဆုံးအမကို မထီမဲ့ပြင်ပြုတဲ့သူတွေ များနေပြီ။ အဲဒါကို  ခေတ်ပျက်လို့ခေါ်တယ်။ ခေတ်ပျက်ထဲမှာ ခင်ဗျားတို့ ပါမသွားစေနဲ့။ ဦးဇင်းကတော့ ခင်ဗျားတို့ရှေ့မှာ ဂတိပေးလိုက်မယ်နော်၊ ခေတ်မကလို့ ကမ္ဘာပါပျက်ပါစေ၊ ငါ့ရင်ထဲက သရဏဂုံတော့ အပျက်မခံနိုင်ဘူး။


          ဘယ်တော့မှ ဦးသုမင်္ဂလကြောင့်ဓမ္မက အဓမ္မမဖြစ်စေရဘူး။ အဲဒါ အားလုံးရင်ထဲမှာ ရဲရဲရင့်ရင့် ဆောင်ထားလိုက်စမ်းပါ။ သေရင် တစ်ဘ၀တစ်သက်ပဲသေမယ်။ သရဏဂုံတော့ အပျက်
မခံနိုင်ဘူး။ အဲဒါ သုပ္ပဗုဒ္ဓကို သိကြားမင်းက လောကီစည်းစိမ်တွေနဲ့ ဆွဲဆောင်တယ်။ သုပ္ပဗုဒ္ဓဟာသောတာပန်။ ဘုရားအဆုံးအမ နှလုံးသားထဲ ကိန်းသူဖြစ်တော့ သတိလဲရှိတယ်။ ၀ီရိယလည်းရှိတယ်။ ပညာလည်းရှိတယ်။ 


         သတိရှိတယ်ဆိုတာဘာလဲဆိုတော့ မမေ့မလျော့သော သတိ၊ သရဏဂုံကို ဖျက်ဆီးဖို့ပြောပြီဆိုရင် ဒါဟာ သာသနာဖျက်ပဲလို့ သူသိတယ်။ နောက် ၀ီရိယ၊ ရဲရင့်တဲ့ လုံလ၀ီရိယရှိတော့ဒီကောင် ဘာကောင်လဲ၊ ငါ့ကို ဒီစကားလာပြောတာ။ သာမန်ကောင်တော့ ငါ့ကို လာပြောရဲမှာမဟုတ်ဆိုပြီး သေချာကြည့်တယ်။ သတိလည်းရှိ၊ ၀ီရိယလည်းရှိ၊ ပညာလည်းရှိတော့ ဆင်ခြင်ပြီးသိတယ်။ ဟဲ့ကောင် သိကြား မင်းပြောတဲ့ ငါးပါးအာရုံကာမဂုဏ်ဆိုတာ ဘာတစ်ခုကိုမှ ကိုယ်ပိုင်မဟုတ်ဘူး။ ငါ့မှာ ပိုင်ဆိုင်တဲ့ သဒ္ဓွါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပ သူတော်ကောင်းရတနာ ခုနှစ်ဖြာ အပြည့်ကိန်းနေတဲ့ သူကွ။ ဟု ပြန်ပြောလိုက်ပါတယ်။


{ သာသနာတော်နှစ်၊ ၂၅၅၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊
  နှစ်ဆန်း ၂ ရက်နေ့။ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဖန်ခါးကုန်းကျေးရွာ၊ သုဒ္ဓ၀ိပဿ     နာကျောင်းတိုက်အတွင်း မဟာသင်္ကြန်အထူးတရားစခန်း တရားပွဲ၌ ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ဟောကြားသောတရားတော်
  မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }


     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်   ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


 “ဆုတောင်းပတ္တနာ”


ဓမ္မဒါန၊ ဤပုညကြောင့်၊


ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊


ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊


အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊


လျင်စွာရစေ၊ တောင်းဆုခြွေသည်၊


မသွေပြည့်ဝပါစေသော်။ ။


     ဦးသိန်းဝေ။
       
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment